《44.1》

2.7K 485 9
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 44 – အရှက်မရှိ(1)

ဘယ်သူက သူ့ကို သေစေချင်နေတာလဲ။

လုကျန်းရဲ့မျက်လုံးတွေ အနည်းငယ် လှုပ်ခတ်လာတယ်။ သူ နိုးထလာပြီးတဲ့နောက်  ခဏလောက်အကြာ အိပ်မွေ့ချခံရတဲ့သူကဲ့သို့ ငြိမ်သက်နေမိတယ်။

အဲ့နောက် နားမလည်နိုင်တဲ့နာကျင်မှုတစ်မျိုး ရုတ်တရက် သူ့နှလုံးသားထဲသို့ ဖြည်းညှင်းစွာ ပျံ့နှံ့လာလေသည်။

အသံ၊ အသွင်အပြင် နဲ့ အငွေ့အသက် အားလုံးက ရင်းနှီးလို့ နေတယ်။

ထူးဆန်းတယ်ဆိုပေမဲ့ သူ့စိတ်ထဲမှာတော့ အဲ့တာက သူပဲ ဖြစ်တယ်ဆိုတာ နက်နက်နဲနဲကို သိနေ၏။

မတူဘူးဆိုသော်လည်း သူ့အိမ်မက်ကနေ ရခဲ့တဲ့ ခံစားချက်တွေက သူနဲ့ကိုက်ညီမှုရှိနေတယ်လို့ သိလိုက်ရတယ်။

သူ့အိမ်မက်ထဲက တူညီတဲ့အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုရင် သူလည်း တူညီတဲ့ပုံစံနဲ့ပဲ တုံ့ပြန်မိလိမ့်မှာဖြစ်၏ — မထိန်းချုပ်နိုင်ဖြစ်ပြီး ပူပန်နေမိမှာပင်။

သူ့လိုပဲ

မာန်စွယ်ချိုးပြီး စိတ်အားထက်သန်နေမှာ။

ဒါပေမဲ့ ဘာဖြစ်လို့—  သူ့ကို တခြားတစ်ယောက်လို ပြောင်းလဲသွားစေခဲ့တဲ့အထိ  သူတကယ်ကို ဘယ်လိုများ တွေ့ကြုံခဲ့ရတာပါလိမ့်။

လုကျန်း အိပ်ရာကနေ ‌ဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။ မျက်လွှာကို အောက်စိုက်ထားပြီး  သူ့အိမ်မက်ကို ပြန်သတိရစေဖို့ သူ့ကိုယ်သူ အတင်းတွန်းအားပေးလိုက်တယ်။

အဲ့တာက အရမ်းကို ရှည်ကြာတဲ့ အိမ်မက်တစ်ခုပင်။ တကယ့်အစစ်အတိုင်း ခံစားခဲ့ရတယ်။ အရင်က ဖြစ်ခဲ့ဖူးတဲ့အတိုင်းလိုမျိုးပဲ။

သူ့ ရှုထောင့်ထဲက ဇာတ်ဆောင်ကတော့...

ချူယင်း ဖြစ်သည်။

အခုနဲ့ လုံးဝကို ခြားနားနေတဲ့ ချူယင်း။

သူမက အခု သူသိတဲ့ ချူယင်းနဲ့ ကွဲပြားစွာ ကြည်လင်ရွှင်ပျပြီး လှပတယ် ။  အဲ့ဒီချူယင်းက  စိတ်ထိခိုက်လွယ်ပြီး ပြောရခက်ကာ ဇွတ်တရွတ်နိုင်တယ်။ အဲ့အိမ်မက်ထဲမှာလည်း သူက ချူယင်းကိုသဘောကျခဲ့ပြီး သူမကို ဖွင့်ပြောခဲ့သည်။ အဲ့က သူလည်းပဲ အငြင်းခံရခဲ့တယ်။

ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း အဖြစ်အပျက်တွေကရော? ဘာဆက်ဖြစ်ခဲ့သလဲ?

အဲ့ဒီဇာတ်လမ်းရဲ့ ဇာတ်သိမ်းက ဘာလိုများလဲ။

သူ့နှလုံးသားဟာ နာကျင်လာပြန်သည်။ လုကျန်း သူ့ရင်ဘတ်ပေါ်ကို ညှင်သာစွာ ဖိကပ်ထားရင်း မျက်မှောင်ကြုတ်လိုက်မိတယ်။

အတော်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် အသံတစ်သံက ပြန်ထွက်လာလေသည်။

“အားကျန်း မနေ့ညက သောက်တာများသွားခဲ့လို့လား  အရက်နာကျသက်သာစေတဲ့ စွပ်ပြုတ် လိုသေးလား”

လုကျန်း အသိပြန်ကပ်လာပြီး ပြန်ဖြေမိရာ သူ့အသံက အက်ကွဲနေတယ်ဆိုတာ သိရှိလိုက်ရသည်။

“မ….လိုဘူး”

သူအိပ်ရာကနေထလိုက်ပြီး အခန်းတံခါးကို ဖွင့်ကာ လုလင်းယွမ်ရဲ့ စိုးရိမ်နေတဲ့ မျက်နှာကို မြင်လိုက်ရတယ်။

“ဦးလေးငယ် ဘာကိစ္စရှိလို့လဲ”

“အိမ်စေတွေက မင်း မနေ့ညက ညစာမစားခဲ့ဘူးလို့ ပြောကြတယ် အဲ့အပြင် ဒီနေ့ အိပ်ရာထတာ နောက်ကျနေတယ်လေ အဲ့တာကြောင့် ဦးလေး မင်းကို တစ်ချက်လာကြည့်တာ” လုလင်းယွမ်က သူ့လက်တွေကို ဖြန့်ကာ လုကျန်းလက်ကို လှမ်းကိုင်ဖို့ပြင်လိုက်ပြီး “ဦးလေး ခေါ်လိုက်တုန်းက မင်းအိပ်ပျော်နေသေးတုန်းနဲ့တူတယ် တခုခုဖြစ်လို့လား”

လုကျန်း သူ့လက်ကို ခါယမ်းလိုက်ကာ သူ့စိတ်ထဲက ခံစားချက်တွေအားလုံးကို မျိုသိပ်လိုက်တယ်။ သူ့မျက်နှာ အမူအရာက ပြောနေရင်း ပုံမှန်အဖြစ်သို့ ပြောင်းလဲလိုက်၏။

“ကျွန်တော် အအိပ်များသွားလို့ပါ”

သူ့အိမ်မက်ကို အသာထား အခုလည်း သူဟာ သူကြိုက်တဲ့ ကောင်မလေးဆီကနေ အငြင်းခံခဲ့ရတယ်လေ။

လုလင်းယွမ် သူ့မျက်နှာကို ကြည့်ပြီး သူ့အမူအရာမှာ ဘာပြောင်းလဲမှုမျိုးကိုမှ မတွေ့ရ။ 

“ဒရိုင်ဘာဆီကနေ ပြန်ကြားမိပါတယ် မနေ့ညက ကုမ္ပဏီကနေ ပြန်သွားတဲ့နောက် မင်း စုန့်မိသားစုရဲ့ ဗီလာဆီကို သွားခဲ့တယ်ဆို?”

လုကျန်းဂာ ဟိုကိစ္စကို ထုတ်မပြောဘဲ တိတ်တိတ်ကလေးချန်ထားလိုက်ကာ  မျက်နှာအမူအရာမဲ့စွာနဲ့ ပြန်ဖြေလိုက်၏။ “အင်း စုန့်ကျောက်လင်‌ရဲ့မွေးနေ့မလို့လေ”

လုလင်းယွမ်က ရယ်လိုက်ပြီး “မင်း စုန့်မိသားစုရဲ့သားနဲ့ ဘယ်လောက်တောင်မှ ရင်းနှီးနေလိုက်သလဲနော်? မနေ့တုန်းကဆို အရမ်းတွေဆန္ဒစောနေတဲ့ပုံတွေပေါက်နေတာ”

လုကျန်းက ခပ်ရေးရေးပြုံးပြလိုက်ပြီး “အင်း..ကျွန်တော် နောက်ကျသွားလိမ့်မှာ စိုးရိမ်မိရုံပါပဲ”

သူ သူမကို မှီခဲ့သော်လည်း  ဓားထိုးခံလိုက်ရသလိုပဲ ခံစားရတယ်။

တစ်ညလုံး ကြီးမားတဲ့ဆင်းရဲဒုက္ခခံစားခဲ့ရ၏။

အဲ့တာကနာကျင်စွာကို အေးစက်နေခဲ့သည်။

လုလင်းယွမ် ဘာမှကို မပြောတော့ပေ။ သူ့ကို ‌ကိုယ်လက်သန့်စင်ပြီး ထမင်းလာစားဖို့ တိုက်တွန်းလိုက်ရင်း ပြုံးရုံသာပြုံးနေခဲ့သည်။ လုကျန်းက ခေါင်းညိတ်ပြလိုက်၏။

လုမိသားစုရဲ့အိမ်တော်မှာ လုလင်းယွမ်အတွက်  အခန်းမရှိပေ။ သူက လုကျန်းကို တွေ့ဖို့သာ လာခဲ့တာဖြစ်၏။ သူ့ကို လာကြည့်ပြီးနောက် သူ့ကိစ္စတွေ လုပ်ဖို့ ထွက်လာခဲ့လိုက်သည်။ သူက အခု လုမိသားစုရဲ့စီးပွားရေးကို လွှဲယူလိုက်ပြီးကတည်းက နေ့တိုင်း အလုပ်များနေခဲ့သည်။

လုလင်းယွမ်ဟာ တံခါးကနေ ဖြေးဖြေးချင်း ထွက်လာခဲ့တယ်။ လက်ထောက်က ကားရှေ့ကနေ  သူ့ကို စောင့်နှင့်နေပြီးသားဖြစ်သည်။ သူ တရိုတသေနဲ့ ကားတံခါးဖွင့်ပေးလိုက်၏။ လုလင်းယွမ်ကား‌ထဲကို ဝင်လိုက်ကာ ဖုန်းတစ်ကော ခေါ်လိုက်တယ်။

တစ်ဖက်က ချက်ချင်းကိုင်လာလေသည်။ “ဘာလဲ”

“အားကျန်း မနေ့ညက မင်းတို့ဆီကို သွားခဲ့တယ်ဆို?”  လုလင်းယွမ်က အပြုံးလေးတစ်စ‌နဲ့ မေးလိုက်ကာ “ဘာဖြစ်လို့ သူ့ကို ကောင်းကောင်းမဧည့်ခံလိုက်တာလဲ မင်း ငါ့ကို မျက်နှာသာမပေးဘူးပဲ”

စုန့်ယန်ချွမ်း ဖုန်းတစ်ဖက်ကနေ သရော်လိုက်၏။

မြေခွေးအိုကြီး ဘာတွေ လာဟန်ဆောင်နေတာလဲ။

ခင်ဗျား ဘယ်လိုလူလဲဆိုတာ ဘယ်သူက မသိဘဲနေလို့လဲ။

သူ့အပေါ် စုန့်ယန်ချွမ်းရဲ့ထောက်ထားမှုက စာမေးပွဲဖြေဆိုရာ အပြင်ဘက်တွင် ရှိနေခဲ့တုန်းက အသုံးပြုလိုက်ပြီးပြီဖြစ်တာမလို့ သူ့အနေနဲ့ ဟန်ဆောင်နေစရာမလိုတော့။ သူ့စီးပွားရေး မိတ်ဖက် ပါတနာနဲ့ သူ့ခပ်တုံးတုံးညီရဲ့ သူငယ်ချင်း ..ထို နှစ်ယောက်တွင် ဘယ်သူက ပိုပြီး အရေးကြီးလဲဆိုတာ ရှင်းလင်းနေတာပဲလေ။

“ခင်ဗျားရဲ့တူကိုက ကျွန်တော့်ကို အခွင့်အရေးမပေးသွားတာပါဗျာ” စုန့်ယန်ချွန်းက တည်တည်ငြိမ်ငြိမ်ပြောလာသည်။ “သူရောက်လာတော့ ချက်ချင်းပဲ ‌ကောင်မလေးတစ်ယောက်နဲ့ ဆုံတယ်လေ အဲ့ကောင်မလေးနဲ့ စကားပြောပြီးတဲ့နောက် သူက တန်းထွက်သွားတာပဲ ကျွန်တော် သူ့ကို ဘယ်လိုလုပ် ဧည့်ခံလိုက်နိုင်မှာလဲ  ကျွန်တော်သာ ဒုတိယထပ်က ဝရံတာမှာ သောက်မနေခဲ့ဘူးဆိုရင်  သူ ဒီကို ရောက်လာခဲ့မှန်းတောင် ကျွန်တော်ဖြင့် သိလိုက်မှာကို မဟုတ်ဘူးဗျာ”

လုလင်းယွမ်ရဲ့ မျက်ခုံးတွေ ပင့်သွား၏။ သူ့နှုတ်ခမ်းထောင့်စွန်းတွေ နက်သည်ထက်နက်လာကာ “အိုးး အားကျန်းကို ဒီလောက် သောကဖြာစေတဲ့အထိ ဖြစ်အောင်လုပ်တဲ့ အဲ့ဒီကောင်မလေးက ဘယ်သူများပါလိမ့်?”

သူ မသိသလို ဟန်ဆောင်နေတယ်ဆိုမှတော့ စုန့်ယန်ချွမ်းအနေနှင့်လည်း သူ့နှုန်းအတိုင်း မျောကာအလိုက်သင့်ပြောလိုက်၏။

“ကျွန်တော် ဘယ်လိုလုပ်သိပါ့မလဲဗျာ အဲ့တုန်းက အိမ်မှာဖြင့် ကောင်မလေးတွေမှ အများကြီးပဲ  သူတို့အားလုံးကို တစ်ယောက်ချင်းစီတိုင်း ကျွန်တော် သိနေပါ့မလား ကျွန်တော်က လူ့တိရစ္ဆာန်ကောင်မျိုးမှ မဟုတ်တာ”

လုလင်းယွမ်က ပြုံးလိုက်ကာ “အိုကေ ငါနားလည်ပြီ ငါ မင်းကို အရင်တစ်ခေါက်ကပြောထားတဲ့ဟာ လုပ်ပြီးသွားပြီလား”

စုန့်ယန်ချွမ်း: “အင်း”

အဲ့နောက် နှစ်ယောက်သား စကားဝိုင်းက ပြီးဆုံးသွားလေသည်။

လုလင်းယွမ် ဖုန်းကို ချလိုက်ပြီး သူ့ပြုံးနေတဲ့ မျက်နှာဟာ  အလင်းကျပြီးမှောင်သွားတဲ့ ဖုန်းစခရင်ပေါ်မှာထင်ဟပ်နေ၏။

သူက အမြဲတမ်း အကျင့်စာရိတ္တကောင်းမွန်သူတစ်ဦးဖြစ်တယ်။ သူ့အသက်သုံးဆယ်သာရှိသေးသော်ငြား လုကျန်းနဲ့ သိပ်မကွာတဲ့ လူငယ်တစ်ယောက်၏ အငွ့အသက်ရှိလေသည်။ ဒီအခိုက်အတန့်တွင် ကြော့ရှင်းပြီး ချောမောလှပတဲ့ မျက်နှာက ပြောမ‌ပြနိုင်လောက်တဲ့  ပျော်ရွှင်မှုအပြည့်နှင့်ပင်။

လက်ထောက်ဖြစ်သူက လက်မှတ်ထိုးပေးဖို့လိုတဲ့ စာရွက်စာတမ်းတွေကို လက်ကမ်းပေးလာခဲ့သည်။

“မစ္စတာလုကို ကြည့်ရတာ စိတ်အခြေအနေကောင်းနေတဲ့ပုံပဲဗျ”

လုလင်းယွမ်က စာရွက်စာတမ်းတွေကို ယူရင်း ဟွန်းခနဲ အသံထွက်သရော်လိုက်၏။

စုန့်ယန်ချွမ်း သူ့ကို ရိုးရိုးသားသားမပြောခဲ့သော်လည်း သူ့‌အနေနဲ့ သိပ်အများကြီး တွေးနေဖို့မလို သူထင်တာ လုံးဝသေချာနေပြီ။

“ငါ့ရဲ့ချစ်လှစွာသော တူလေးမှာ ကြိုက်တဲ့သူတစ်စုံတစ်ယောက်ရှိနေပြီလေ ဒါပေါ့ ဦးလေးတစ်ယောက်အနေနဲ့ ငါပျော်တာပေါ့”

လုလင်းယွမ်ရဲ့ ကိုယ်ဟန်အနေအထားက သက်တောင့်သက်တာ ရှိလေသည်။ သူ ရုတ်တရက်စိတ်ပြောင်းသွားခဲ့ပြီး ကုမ္ပဏီကို တန်းမသွားချင်တော့ပေ။

သူ ဒရိုင်ဘာကို ပြောလိုက်တယ်။

“ပြန်လှည့်လိုက် ငါသူနဲ့ တွေ့ချင်လို့”

လုလင်းယွမ်က ဘာနာမည်မှမပြောခဲ့ပေမဲ့ သူနဲ့ နီးတဲ့သူတွေကတော့ အဲ့ဒီ “သူ” ဆိုတာ ဘယ်သူ့ကိုပြောမှန်း သိကြလေသည်။

သူ ပြုံးကာ နောက်ခုံကို မှီချလိုက်တယ်။  သူ့အနေနဲ့ ဒီသတင်းကြီးကို သူမကို ‌မြန်မြန်ပြောပြပေးဖို့ လိုအပ်တယ်။

လုကျန်း ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့ဘဲ  သူ့အိမ်မက်ရဲ့အဓိပ္ပာယ်ကို ကိုယ်တိုင် ထုတ်ဖော်ဖို့ ရွေးချယ်လိုက်တယ်။

သူ ဇာတ်လမ်းရဲ့ အဆုံးသတ်ဇာတ်သိမ်းကို ထပ်ခါထပ်ခါ ‌ပုံဖော်ကြည့်ဖို့ ကြိုးစားခဲ့တယ်။

ဒါပေမဲ့ အဲ့နေ့ညကတည်းက သူ ဘာအိမ်မက်ကိုမှ မမက်တော့ပေ။ ထွက်လာတဲ့ အပိုင်းအစတွေက တကွဲတပြားစီ ရှိနေတော့ အရာအားလုံးကို အတူတူပေါင်းစပ်ကြည့်နိုင်ဖို့က မဖြစ်နိုင်ပေ။

သူ့အိမ်မက်ထဲက သေချာတဲ့ တစ်ခုတည်းသောအရာက အဲ့အထဲမှာ အမြဲတမ်း ချူယင်းပါရှိနေတာပဲ။

သူ့နှလုံက  ပြင်းပြင်းအသက်ရှုမရှိုက်ခင် နှလုံးခုန်မြန်ဆန်လာခဲ့သည်။  သူ့နောက်ကိုလိုက်နေတဲ့ နာကျင်မှုက သူ့ခန္ဓာကိုယ်ထဲက အာရုံကြောတစ်ခုချင်းစီကို တစ်ဆစ်ဆစ်နဲ့ နာကျင်စေသည်။

လုကျန်း ပင်ပန်းမောဟိုက်စွာ နိုးထလာခဲ့ရတဲ့ နောက်တနေ့ မနက်ခင်း နောက်တစ်ခုပါပဲ။

မနေ့ညက ဖရိုဖရဲဖြစ်စွာ လန့်နိုးထလာပြီး သူ့နှလုံးကလည်း အပြင်းအထန် ခုန်နေခဲ့၏။ လုကျန်းရဲ့ မျက်နှာက စက္ကူစာရွက်အဖြူတစ်ခုလိုပင် ဖျော့တော့နေလေသည်။

အဖြစ်အပျက်တစ်ခုချင်းစီရဲ့ သေးငယ်လှတဲ့ တစ်ပိုင်းတစ်စတွင် သူ ချူယင်းရဲ့ မျက်ရည်တွေကို မြင်ခဲ့ရတယ်။

သူမရဲ့အနက်ရောင်မျက်ဝန်းတို့က ရေနဲ့ ဆေးကြောထားတဲ့ ကျောက်စရစ်ခဲလေးတွေကဲ့သို့ဖြစ်ပြီး ၎င်းတို့ထဲတွင် ရှင်းလင်းပြတ်သားစွာမြင်နေရတဲ့ အမုန်းတရားတို့ပြည့်နှက်နေလေသည်။

သူ့ကို မုန်းတီးနေတာ။ သူ့ကိုမြင်ရတာ သူမအတွက် ဒေါသဖြစ်စေတဲ့ပုံရသည်။

သူ့အိမ်မက်ထဲမှာတောင် လုကျန်းဟာ သူအသက်ရှုမဝတော့သလို ခံစားမိသည်။

ရုတ်တရက် လန့်နိုးလာပြီးနောက် သူ တစ်ယောက်သောသူအား မေးချင်စိတ်ဆန္ဒတွေပြင်းပြလာသလို ခံစားရတယ်။

မင်း ငါ့ကို အဲ့ဒီလိုအကြည့်တွေနဲ့ ကြည့်‌ခဲ့ဖူးတာလား။

အဲ့အတွေးအစပြုမိလိုက်ရုံနဲ့ပဲ မွေးကတည်းက သူ့စိတ် အလိုလိုက်အကြိုက်ဆောင်ခံခဲ့ရတဲ့ သခင်ငယ်လေးဟာ ပထမဆုံးအကြိမ်အဖြစ်နဲ့ မမျှော်လင့်ဘဲ အကြောက်တရားကို ခံစားမိလိုက်ရတယ်။

သူ့စရိုက်အရ သူ ငြင်းခံလိုက်ရလည်း အရေးမကြီးပေ။ သူက သူမကိုကြိုက်တာမလို့ သူအရှက်မရှိဆက်လိုက်နိုင်၏။

ဒါပေမဲ့လည်း အခုတော့ လုကျန်းဟာ သူမကို မကြည့်ရဲ၊  စိတ်ရှုပ်အောင်မလုပ်ရဲသလို သွားလဲမနှောင့်ယှက်ရဲတော့ပေ။

တကယ်လို့ အဲ့တာသာ အမှန်ဆိုရင် လက်တွေ့မှာ အဲ့လိုတွေ ဖြစ်သွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။



ချူယင်း အဲ့နေ့ကတည်းကနေ လုကျန်းဟာ ရက်အနည်းငယ်ကြာတဲ့အထိ ငြိမ်နေတာကို ‌တွေ့ရှိမိသည်။

သူမရဲ့ အရင်ဘဝတုန်းကလည်း ဒီလိုပါပဲ။ သူက အထက်စီးဆန်တဲ့ သခင်ငယ်လေးတစ်ယောက်ပင်။ ငြင်းခံလိုက်ရတာက သူ့အပေါ် အတော်ကြီးအကျိုးသက်ရောက်‌မှုကျန်ခဲ့သော်လည်း သူဟာ  သူမရဲ့ဘဝတစ်လျှောက်လုံးတော့  စွန့်ခွာမသွားခဲ့ပေ။ သူ ခဏပျောက်သွားပြီး အဲ့နောက် ခဏကြာရင် ပြန်ပေါ်လာလိမ့်မယ်။

ချူယင်း သူ့စရိုက်ကို နေသားတကျဖြစ်နေပြီဖြစ်သည်။

ဒီဘဝမှာ လုကျန်း ဘာလုပ်မလဲဆိုတာကို သူမ မသိသေးသော်လည်း အရာအားလုံးဟာ အရင်ကထက်စာရင် ကွဲပြား‌‌သည်။

ခွေးကောင်လုကျန်း နောက်တခါထပ်ပြီးဒုက္ခပေးမယ်ဆိုရင် သူမရဲ့ ရွှေလက်ချောင်းကို သုံးပစ်လိုက်ရုံပဲပေါ့!

သူ့မှာ ဇာတ်ညွှန်းပြောင်းလဲပိုင်ခွင့်ရှိနေတာကြောင့် သူမအနေနဲ့ သူ့ကို မကြောက်ပေ။

ဒီဘဝမှာ သူမကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်။ သူမ စာကြိုးစားကာ တက္ကသိုလ်ကောင်းကောင်းတစ်ခု တက်ရောက်နိုင်ပြီး အသက်ရှည်ရှည်နဲ့ ဘဝကြီးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တယ်။

—စာလုပ်ပြီးရင်းလုပ် လေ့လာပြီးရင်း လေ့လာမှာ!!

ဘယ်သူကများ သူမကို စာလေ့လာခွင့်မပြုရမှာလဲ?!!

ချူယင်း ကားထဲကနေ ထွက်လာခဲ့ပြီး ကျောင်းဝင်းထဲကို လျှောက်လှမ်းသွားလိုက်သည်။

မမျှော်လင့်စွာနဲ့ဘဲ သူမရဲ့ စာလေ့လာမှုကို နှောင့်နှေးစေမည့်သူ တစ်ယောက်နဲ့ သွားဆုံလေသည်။

မနေ့က စုန့်ကျောက်လင်ရဲ့ မွေးနေ့ပါတီက ဒုတိယလူချမ်းသာမျိုးဆက်ကောင်နဲ့ ဆုံတာဖြစ်၏။ သူ့ကိုယ်သူ ပေ့ဇီယင်လို့ မိတ်ဆက်သွားတာကို သတိရလိုက်သည်။

သူမ အဲ့တုန်းက စိတ်အခြေအနေမကောင်းတာမလို့ သူ့ကို အာရုံများများစားစားမစိုက်ခဲ့သလို အလိုက်သင့်တုံ့ပြန်ပေးတာမျိုးမရှိခဲ့ပါဘူး။ ဒီလူငယ်လေးက သူ့ကျောင်းကို လာလိမ့်မယ်လို့ သူမလည်း မမျှော်လင့်မိထားဘူးလေ။


Thanks for READING 🩵

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now