《33》

4.7K 684 71
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 33 – ကံစီမံထားသောကြမ္မာ


ချူယင်း   အိပ်ဆောင်အဆောက်အဦးထဲကို ခရီးဆောင်အိတ်ကလေးဆွဲယူသွားလိုက်ပြီးနောက် သူမနေရာမဲ့အထပ်နဲ့ အဆောင်နံပါတ်ကို တွေ့လိုက်ရတယ်။

သူမ တံခါးကို ဖွင့်ဖွင့်လိုက်ချင်း ဟန်ချူယဉ်က စိတ်အားထက်သန်စွာနဲ့ ပြေးထွက်ချလာသည်။

“အား  အာ အားနောက်ဆုံးတော့ နင်ရောက်လာပြီပဲ”

“နင်ကြည့်ကြည့် ငါနင့်အတွက်ဒီအဆောင်မှာ အကောင်းဆုံးအိပ်ရာကို ရွေးထားတာ နင့်ဟာက ပြတင်းပေါက်ဘေးမှာ ငါတို့နှစ်ယောက်စလုံးက မျက်နှာချင်းဆိုင်လေး ဟိဟိ”

“ငါခုနက ကြမ်းပြင်ကို တံမြက်စည်းလှည်းတုန်း နင့်နေရာပါ တစ်လက်စတည်း လှည်းကျင်းပေးထားတယ် နင့်ပစ္စည်းတွေကို တခါတည်းတန်းချလို့ရတယ်နော်”

ဒါက တအားလွန်လွန်ကျူးကျူးဖြစ်သွားပြီမလို့ ချူယင်းလည်းရှက်တက်တက်ဖြစ်မိတယ်။

သူမအနေနဲ့ တစ်ခုခုပြန်ပေးဖို့လိုတယ်လို့ခံစားရတာမလို့ သူ့အိတ်ကို ဖွင့်ကာ လက်ဆောင်ပေးဖို့ရှာလိုက်တယ်။

နောက်ဆုံးတော့ သူမ ဆံပင်သန်ဆေးပုလင်းတစ်ပုလင်း ထုတ်ချလာတယ်။

“ဒီဟာ” ချူယင်း ရှက်ကိုးရှက်ကန်းဖြစ်ကာ သူမရဲ့နှုတ်ခမ်းကို ဖိကိုက်ပြီးနောက် ပြောလိုက်တယ်။

“နင်ဒါသုံးကြည့်ချင်လား”

ဟန်ချူယဉ်ဟာ အသက်ရှုရပ်မတတ်ပင်။

အလှလေးက သူမကို လက်ဆောင်‌တစ်ခုပေးလာတယ်တဲ့!!! ဘာပစ္စည်းပဲဖြစ်ဖြစ် သူသဘောကျမိမှာပဲ!!!

“ငါလိုချင်တယ် ငါလိုချင်တယ်! ” ဟန်ချူယဉ်က ချက်ချင်းပဲယူလိုက်ကာ “ငါဒါကို ကောင်းကောင်းသံုးလိုက်ပါ့မယ်”

အဲ့နောက် သူမ ငုံ့ကြည့်လိုက်တော့  ဘူးပေါ်က စာတန်းကိုမြင်လိုက်ရတယ်။ “ဝါး ဒီဆံပင်သန်ဆေးဘရန်းက အရမ်းကောင်းတာ”

ချူယင်း နည်းနည်းအံ့အားသင့်သွားတယ်။

“နင့်မှာ ဆံပင်နဲ့ပတ်သက်ပြီးပြဿနာရှိလို့လား”

“စာပြင်းပြင်းထန်ထန်လုပ်တဲ့လူတစ်ယောက်အနေနဲ့ ငါလည်း ဆံပင်မကျွတ်ဘဲ ဘယ်နေမှာတုန်း ငါ့ဆံပင်တစ်ချောင်းစီတိုင်းမှာ နာမည်တစ်ခုစီရှိသေး”  ဟန်ချူယဉ်ကပြောလာသည်။

ထို့နောက်ရုတ်တရက် သူမ တစ်ခုခုကို သတိထားမိသွားကာ အထိတ်တလန့်လှမ်းကြည့်လာကာ

“အားးးနင့်မှာတော့ အဲ့ဒီလိုဆံပင်ပြဿနာမျိုးမရှိဘူးမလား”

ချူယင်းက ဉာဏ်နီဉာဏ်နက်များသလိုစပ်ဖြဲဖြဲလုပ်ကာ

“နင်ပြောခဲ့တာပဲမဟုတ်ဘူးလား စာပြင်းပြင်းထန်ထန်လုပ်တဲ့ လူတစ်ယောက်အနေနဲ့ ဆံပင်မကျွတ်ဘဲ ဘယ်နေမှာလဲလို့လေ ငါလည်း စာကိုကြိုးစားလုပ်ရတာပဲ”

“ဒါပေမဲ့ နင်ကတော့ဆံပင်ကျွတ်လို့မရဘူးလေ”——မားမားကအဲ့လိုတော့ ခွင့်မပြုပါဘူး!!!

ချူယင်းရဲ့မျက်နှာလေးက သူ့မှာဆံပင်တွေမရှိတော့ဘဲ မယ်သီလရှင်လေးတစ်ပါးဖြစ်နေရင်တောင်မှ လှပနေဦးမှာပဲ။ ဒါပေမဲ့ သူမရဲ့ ဆံပင်ညိုညိုလေးတွေက အရမ်းလှတာလေ၊ ဘယ်လိုလုပ်ဆံပင်တွေကျွတ်သွားလို့ရမှာလဲ!

အဲ့နောက် ဟန်ချူယဉ်က ချူယင်းရဲ့ဆံစတွေကို အလေးအနက်ထားပြီးကြည့်နေမိတယ်။ သူမမှာ ဆံပင်ကျွတ်တဲ့လက္ခဏာမျိုးမရှိဘူးဆိုတာ သေချာဆုံးဖြတ်ပြီးမှသာ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိတယ်။

သူတို့က ကျောင်းမှာမဟုတ်တာကြောင့် ချူယင်းက ဟွေးဝမ်က ကျောင်းယူနီဖောင်းပွပွကြီးကို မဝတ်ထားပေ။

ချူယင်းရဲ့အဝတ်အစားတွေက အရမ်းကြီးသိပ်ကောင်းတဲ့အထဲမပါဘူးလို့ ဟန်ချူယဉ်ဟာ တွေးမိသည်။ သူမ ကြားရသလောက် ချူယင်းက ချူမိသားစုရဲ့သမီးဖြစ်ပေမဲ့  ကျေးလက်ဘက်မှာ နေခဲ့ရရှာသည်။ ပြီးတော့ ချူယင်း သူတို့ကျောင်းကို ပြောင်းလာကတည်းက ကပွဲမှာ ပွဲတက်ဝတ်စုံအမဲရောင်ဂါဝန်လေးဝတ်တာကိုမြင်ရတာလွဲပြီးတော့ သူမက အမြဲတမ်း ကျောင်းဝတ်စုံကိုသာဝတ်လေသည်။ ဟန်ချူယဉ်ဟာ အမြဲတမ်း စိတ်မကောင်းဖြစ်ခဲ့မိတာ။

ဒါပေမဲ့ အခု ချူယင်းမှာရှိတဲ့ ဝတ်စုံတွေက လုံးဝလည်းဆိုးဝါးမနေပါဘူး!

ကုတ်အင်္ကျီထူထူကို ချွတ်ပြီးနောက်  သူမဟာ ပန်းပွင့်ပါရှပ်အင်္ကျီတစ်ထည်ကို အထဲမှာခံဝတ်ထားပြီး ဆွယ်တာအရောင်ရင့်ရင့်လေးတစ်ထည် ဝတ်ထားတာဖြစ်သည်။ရှပ်အင်္ကျီရဲ့ကော်လာက ဆွယ်တာလည်ဝိုင်းပေါ်ကနေ ဆန့်ထပ်ထားတယ်။ သူမက ဂျင်း ဘောင်းဘီအကျပ်နဲ့ ဘွတ်ဖိနပ်အဖြူလေးဝတ်ဆင်ထားလေသည်။




သူမရဲ့အလှဟာ ရောင်ဝါဖြာထွက်နေလေသည်။

ချူယင်း အဆောင်အိပ်ခန်းကို သန့်ရှင်းရေးလုပ်လိုက်တယ်။ သူမရဲ့ ပစ္စည်းပစ္စယတွေ နေရာတကျထားပြီးနောက် ဟန်ချူယဉ်က သူမကို စာရွက်အပုံလိုက်လက်ထဲထိုးထည့်လာတယ်။

“နင် ဒါကို ကြည့်ကြည့် ”

ချူယင်းကပြောလိုက်တယ်။

“အဲ့တာဘာကြီးမို့လဲ”

“အရင်က ဆောင်းရာသီလေ့ကျင့်ရေးစခန်းရဲ့ နမူနာပုံစံမေးခွန်းဟောင်းတွေလေ နင်သိမယ်လို့တော့ငါမထင်မိဘူး အဲ့တာမလို့ ငါနင့်ကိုပေးဖို့ မိတ္တူပိုဆွဲခဲ့တယ်”

ချူယင်းဟာ ထပ်အံ့ဩမိပြန်သည်။

ဆောင်းရာသီလေ့ကျင့်ရေးစခန်းမှာ အတန်းချိန်တွေရယ်၊လေ့ကျင့်ရေးတွေနဲ့ စာမေးပွဲတွေသာရှိတယ်။ ဒီလေ့ကျင့်ရေးစခန်းကို ပါဝင်ယှဉ်ပြိုင်သူတိုင်းက ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ကြသည်။ ဒါပေမဲ့ ဟန်ချူယဉ်ကတော့ အဲ့တာတွေနဲ့ပတ်သက်ပြီးဂရုမစိုက်တဲ့ပုံပင်။ အဲ့ဒီလို မေးခွန်းတွေက အဖိုးတန်သော်လည်း သူမက သူ့ကို အဲ့တာတွေ ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။

သူမရဲ့အံ့အားသင့်နေပုံကို မြင်တော့ ဟန်ချူယဉ်က လက် ဝှေ့ယမ်းပြလာတယ်။

“ငါကဒီလိုမျိုးကွာ ငါ့အနေနဲ့ ပြဿနာတွေရှာတတ်တဲ့ကောင်တွေကိုမကြိုက်ဘူး နင့်လို အကျင့်စရိုက်ကောင်းတဲ့ အလှလေးကို တွေ့ရင် သူ့အပေါ်ကို ကောင်းပေးချင်မိတော့တာပဲ ပြီးတော့လည်း ငါက ဒီ မျှော်လင့်ချက်ရောင်ခြည်ဖလားကို ဆွတ်ခူးနိုင်မှာလည်းမဟုတ်ဘူးဆိုတာ သိတာမလို့ ဒီ‌တိုင်းပေါ့ပေါ့ပါးပါးနဲ့ အပျော်တမ်းပြိုင်ချင်ရုံပဲ”

ဟန်ချူယဉ်က အရမ်းမိုက်တဲ့ သဘောထားတစ်ခုရှိသည်။   သူမဟာချူယင်းရဲ့ဖန်ဂဲ လုပ်ဖို့ အချိန်အလုံလောက်ရဖို့ ပါးပါးနပ်နပ်ရှိတယ်လေ။ဘယ်လိုပဲဖြစ်ဖြစ်  သူမရဲ့ အောင်မြင်မှုအရဆို တရုတ်မှာ တက္ကသိုလ်ကောင်းကောင်းတစ်ခုကို တက်ရောက်နိုင်တယ်။မျှော်လင့်ချက်ရောင်ခြည်ဖလားမှာ သူမရဲ့ တစ်ခုတည်းသော အာရုံစိုက်မှုက ပါဝင်နိုင်ဖို့ပဲ။

အဲ့စကားကြားလိုက်ရတဲ့နောက် ချူယင်းက ဒီကောင်မလေးကို ပိုပိုပြီးသဘောကျမိသွားတယ်။

....တခြားဟာတော့ဘာမှမပြောလိုပါဘူး။ သူမဟာ ပြဿနာတွေရှာတတ်တဲ့ကောင်တွေ မကြိုက်ဘူးဆိုတဲ့သူမျိုးဆိုကတည်းက တကယ်ကြီး သဘောကျမိသွားပြီ!

“ကောင်းပြီလေ ဒါဆို နင့်အတွက် ငါလုပ်ပေးနိုင်တာမျိုးတစ်ခုခုရှိရင်  လာပြောနော်” ချူယင်းက ရယ်လျက်ပြောလိုက်သည်။

ဟန်ချူယဉ်က ကြိတ်ပြုံးလိုက်တယ်။
နင်က ဒီတိုင်းလေး လှလှပပလေးနေပေးရင်ကိုရပြီ!!

ကြိုဆိုပွဲနဲ့ စာသင်အတန်းက မနက်ဖြန်မှစမှာဖြစ်သည်။ ချူယင်း အဆောင်ခန်းကိုကြည့်တော့ နောက်ထပ်အိပ်ရာတစ်ခု ပြင်ထားတာကို တွေ့လိုက်ရတယ်။

ဟန်ချူယဉ်က ချူယင်းရဲ့မျက်နှာကို တစိမ့်စိမ့်‌ကြည့်နေခဲ့တာဖြစ်တယ်။ ချူယင်းမမေးခင်ကို သူမကို အဖြေပေးပြီးသားပင်။

“‌ဪ ဒီတစ်ယောက်က ပြည်နယ်ဆင့်အလယ်တန်းကျောင်းကတဲ့ ငါတို့ စကားနည်းနည်းလောက်ဖလှယ်ပြောဆိုပြီး အခန်းထဲ တစ်နာရီနီးပါးလောက်နေဖြစ်ခဲ့တယ် သူက အထုပ်အပိုးချပြီးတော့ မေးခွန်းစာရွက်တွေနဲ့ စာကြည့်တိုက်ကိုသွားတော့တာပဲ”

ချူယင်းဟာ ရုတ်တရက် ဖိအားများသလိုခံစားရတယ်။

ဒီမှာ အမှန်တကယ် အားကောင်းတဲ့လူတွေအများကြီးရှိပြီး လူတိုင်းက ကြိုးကြိုးစားစားလုပ်ကြတယ်။ သူမ ‌စိတ်အေးလက်အေးနေလို့မရနိုင်တဲ့ပုံပဲ။ ပြီးတော့ သန်ဘက်ခါ အရည်ချင်းစစ်စာမေးပွဲမှာ သူမအနေနဲ့ ထိပ်ဆုံးငါးနေရာကို ရမှဖြစ်မှာ။

ချူယင်းဟာ သူမရဲ့ အခန်းဖော်တွေနဲ့ပတ်သက်ပြီး အရမ်းလည်းဂရုစိုက်တာတော့မဟုတ်ဘူး။ သူတို့က ဆယ်ရက်တာလောက်ပဲ အတူတူနေကြရမှာပဲဖြစ်တယ်။

သူတို့ရဲ့ နေထိုင်ရာ အလေ့အထမှာ ကွဲလွဲမှုတစ်စုံတစ်ရာမျိုးရှိရင်တောင်မှ  နှစ်ဦးနှစ်ဖက် သည်းခံမှုတွေနဲ့ပဲ ဖြတ်ကျော်ရမှာပင်။

သူမ အဲ့တာနဲ့ပတ်သက်ပြီးတွေးနေတုန်းရှိသေး အခန်းဖော်အသစ်တစ်ယောက်က အဆောင်အိပ်ခန်းထဲသို့ဝင်လာလေသည်။

ချူယင်း မော့ကာ ကြည့်လိုက်တော့ သူမရဲ့မျက်နှာကိုမြင်လိုက်လိုက်ချင်း အံ့အားမသင့်မိဘဲမနေနိုင်ပေ။

“နင်က နိုင်ငံတကာအတန်း က လျန်ယွဲ့ချီမလား နင်ဘယ်လိုလုပ် ဒီကိုရောက်နေရတာလဲ” ဟန်ချူယဉ်က အံ့ဩနေတဲ့ပုံနှင့်မေးလိုက်တယ်။

လျန်ယွဲ့ချီက အပြုံးလေးတစ်ပွင့်နဲ့အတူ ချူယင်းရဲ့မျက်နှာကို ‌စေ့စေ့ကြည့်လာကာ သူမရဲ့ မျက်နှာ အမူအရာဟာ နည်းနည်းအထက်စီးဆန်လေသည်။

“ငါ့မိသားစုက ဒီပြိုင်ပွဲမှာ လုကျန်းကပြိုင်ဖို့လာမယ်လို့ကြားထားတော့  သူတို့က ငါတို့နှစ်ယောက် အတူတူစာလေ့လာပြီးတိုးတက်လာအောင် ငါ့ကို စီစဉ်ပေးလိုက်တာ”

ပေးချင်တဲ့မက်ဆေ့ခ်ျကတော့ သူမက ကျောင်းကပေးတဲ့ ပြိုင်ပွဲဝင်နေရာကို လုံးဝမလိုဘူး သူမက လုကျန်းနဲ့လိုက်လာတာဟူ၍ပင်။

ဟန်ချူယဉ်က စိတ်ထဲကနေ တတွတ်တွတ်မြည်တီးလိုက်သည်။

လျန်ယွဲ့ချီကဖြင့် အင်္ဂလိပ်စာမှာပဲတော်တာလေ။ သူက သင်္ချာ‌မှာဆို ချူချိုးချိုးတောင်မကျော်နိုင်တဲ့ဟာကို။ ဒီလိုကြီးလာတော့ အရှက်ရစရာဖြစ်မနေဘူးလား။

ချူယင်းက လျန်ယွဲ့ချီကိုမြင်တော့ စိတ်အခြေအနေမကောင်းတော့ချေ။ သူမပေါ်လာတဲ့အဓိပ္ပာယ်က ခွေးကောင်  လုကျန်း တကယ်ကြီးရောက်လာတယ်လို့ဆိုလိုတာပဲလေ။

အိုင်းးး

ဒါပေမဲ့ အခုတော့ ချူယင်းဟာ သူမအနေနဲ့ သူ့ကို ကြောက်မနေချေ။ ဒီဇာတ်ကွက်က တအားကြီးကို သွေဖည်နေလွန်းလို့ မူလ ဇာတ်လမ်းဇာတ်အိမ်လမ်းကြောင်း မဟုတ်တော့တာ ကြာနေလှပြီ။ ဒီအချိန်မှာ စာလေ့လာခြင်းက သူမကို  ဇာတ်ညွှန်းထိန်းချုပ်နိုင်စွမ်းရှိလာပြီး သူမကို ပိုအားကောင်းလာစေအောင် လုပ်ပေးနိုင်မဲ့  တစ်ခုတည်းသော ဦးစားပေးအရာပဲ။

ချူယင်း လျန်ယွဲ့ချီကိုကြည့်ကာပြောလိုက်တယ်။

“ဒီလိုဆိုတော့လည်း ကျားယို့”

ဒီမှာ ဇာတ်လိုက်ကိုအမိဖမ်းဖို့က အရမ်းကောင်းတဲ့ အခွင့်အရေးပဲနော်။

လျန်ယွဲ့ချီက ဘာအသံမှမပြုဘဲ ပြုံးရုံသာ ပြုံးပြလာတယ်။

အချုပ်အားဖြင့်ဆိုရသော် သူမက  သူမအဖိုးသူမကိုပြောလာတာကို ယုံကြည်နေတုန်းပဲ— ချူယင်းကို ပြိုင်ဘက်တစ်ယောက်အနေနဲ့ သတ်မှတ်နေစရာကိုမလိုဘူး။ ဒါပေမဲ့ ဆောင်းရာသီလေ့ကျင့်ရေးစခန်းက ရက်ရှည်ဖြစ်တာမလို့ သူမအနေနဲ့လည်း မသေချာပေ။ ဒီလာရောက်လည်ပတ်မှုရဲ့အဓိကရည်ရွယ်ချက်က လုကျန်းနဲ့ သူမရဲ့ကြားက ခံစားချက်တွေ မွေးမြူဖို့အတွက်နဲ့ သူမကိုယ်သူမတိုးတက်လာစေရန်ဖြစ်သည်။

လျန်ယွဲ့ချီ လေးယောက်အိပ်ဆောင်ကို သူမရဲ့မနှစ်မြို့ရွံ့ရှာတဲ့အမူအရာနဲ့ကြည့်ကာ စားပွဲခုံအလွတ်ပေါ်သို့ သူမရဲ့ အကောင်းစားအိတ်ကို အင်တင်တင်ဖြင့်တင်ထားလိုက်တယ်။

ဟန်ချူယဉ်က သူမကိုကြည့်ပြီး  ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်မဲ့ သူမရဲ့ အစီအစဉ်ကို လက်လျှော့လိုက်တော့တယ်။ လျန်ယွဲ့ချီလည်း အရမ်းကြည့်လို့ကောင်းတယ် ဆိုပေမဲ့ ချူယင်းတော့ ဘယ်မှီပါ့မလဲ။

ဟန်ချူယဉ်က ချူယင်းကိုသာ ကြည့်နေလိုက်တော့ဟ။

ချူယင်းက စားပွဲခုံရှေ့မှာ ထိုင်နေပြီး ဟန်ချူယဉ်သူမကို ပေးလာတဲ့ မေးခွန်းတွေကို အကြမ်းဖျင်းလှန်လှောကြည့်မိလိုက်သည်။ သူမ မေးခွန်းနှစ်စုံကို ပေါ့ပေါ့ပါးပါးပဲ လုပ်ကြည့်လိုက်တော့ အဲ့ဟာတွေက အရမ်း ကွေးကောက်ရှုပ်ထွေးပြီးစဉ်းစားတွေးခေါ်ရတယ်ဆိုတာကို သိရှိလိုက်ရသည်။ ချူယင်းဟာ ပုစ္ဆာတွေထဲမှာ ထပ်ပြီးမနစ်မြှုပ်ဘဲမနေနိုင်တော့ပေ။ သူမရဲ့လက်က ဘောပင်နဲ့အတူ သူမရဲ့ ဦးနှောက်က လတ်လတ်လောလောလန်းဆန်းနေတယ်။

ခဏကြာပြီးတဲ့နောက် ဟန်ချူယဉ်က သူမကို အော်ခေါ်လာသည်။

“အိုက်ယား နင် အခုချက်ချင်းကြီး လုပ်တော့မှာတော့မဟုတ်ဘူးမလား နင် ဗိုက် မဆာဘူးလား”

ချူယင်းဟာ သူတို့ ညစာမစားရသေးတာကို သတိရသွားသည်။

လေ့ကျင့်ရေးစခန်းစီစဉ်သူက လူတိုင်းကိုကျောင်းကန်တင်းမှာ စားသောက်နိုင်ဖို့ ဆယ်ရက်စာ ငွေအလုံအလောက်ဖြည့်သွင်းထားတဲ့ ကျောင်းသားကတ်တစ်ကတ်စီပေးထားလေသည်။

“ ငါကြားရသလောက်  Hတက္ကသိုလ်ရဲ့ကန်တင်းက စားစရာတွေက အရမ်းကောင်းတာဆိုပဲ သွားကြစို့ သွားကြစို့” ဟန်ချူယဉ်က ချူယင်းကို တိုးဝှေ့လာတယ်။ လျန်ယွဲ့ချီ ထရပ်တာကိုမြင်လိုက်ရတော့ သူမကမေးလိုက်သည်။

“အတန်းဖော်လျန် နင်ရော ငါတို့နဲ့အတူတူလိုက်ချင်လို့လား”

လျန်ယွဲ့ချီက မလိုလားတဲ့သဘောဖြင့်ပြောလာသည်။
“မဟုတ်ပါဘူး ငါ့အိမ်ဖော်က ခနနေရင် ငါ့ဆီကို ညစာလာပို့ပေးမှာ”

“အော်”

ချူယင်းနဲ့ ဟန်ချူယဉ်ဟာ သူမနဲ့ပတ်သက်ပြီးဂရုစိုက်တာ ရပ်လိုက်ပြီး အောက်ထပ်ကိုဆင်းသွားလိုက်ကြသည်။ အောက်ထပ်ရောက်ရုံပဲရှိသေး စိတ်လှုပ်ရှားနေကြတဲ့ အထက်တန်းကျောင်းသူတော်တော်များများနဲ့ ဆုံကြလေသည်။

“အရမ်းချောလိုက်တာဟယ် အာအာအား”

“သူက ငါတို့ဆောင်းရာသီလေ့ကျင့်ရေးစခန်းမှာ ပါမှာတဲ့လား”

“အားအားအား ငါတော့ရူးတော့မှာပဲ သူကဟိုဘက်မြို့က သခင်ငယ်လေးလို့ ကြားတာပဲ”

“သူကြည့်ရတာ အရမ်းချမ်းသာတဲ့ပုံပေါက်နေတာ မထူးဆန်းတော့ဘူးပဲ!”

ချူယင်းရဲ့ခြေလှမ်းတွေရပ်တန့်သွားသည်။ ဟန်ချူယဉ်ကမေးလာတယ်။

“ဘာဖြစ်လို့လဲ”

“......ဘာမှမဖြစ်ပါဘူး”

ခွေးကောင်က အစောကြီးရောက်လာတယ်။

အဆောင်နဲ့ မျက်နှာချင်းဆိုင်သစ်ပင်အောက်မှာ ဆံပင်အမည်းနဲ့ လူငယ်လေးတစ်ယောက် ရပ်နေလေသည်။

ဟန်ချူယဉ်က ယောက်ျားတွေစိတ်မဝင်စားပေ။သူမက သူမရဲ့ကျယ်ကျဲအလှလေးကိုပဲ သဘောကျတာမလို့ တစ်ချက်မှကို လှမ်းမကြည့်ပေ။ ချူယင်းကလည်း ဘယ်ကိုမှ ကြည့်မနေချေ။ နှစ်ယောက်သားက ကန်တင်းကိုပဲ တိတ်တဆိတ် ထွက်လာလိုက်ကြသည်။

ချူယင်း အဆောင်ကနေ ထွက်လာတဲ့အခိုက် လုကျန်းဟာ သူမကို မြင်လိုက်ရသည်။

သူမက ဒီနေ့ ကျောင်းယူနီဖောင်းဝတ်စုံကို ဝတ်မထား။ အရင်ကလို လိမ်မာရေးခြားရှိပြီး ငြိမ်ကုတ်တဲ့ ကျောင်းသူတစ်ယောက်ပုံစံနဲ့မတူဘဲ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားတယ်။ ဒါပေမဲ့ ဒါက အရမ်းဆွဲဆောင်မှုရှိပြီး လှရက်လွန်းတယ်။

ဆောင်းရာသီကျောင်းပိတ်ရက်ဖြစ်သော်လည်း တက္ကသိုလ်ထဲမှာ သောင်တင်နေသေးတဲ့ ကျောင်းသားတွေ အများကြီးရှိသေးတယ်။ ချူယင်းကို မြင်လိုက်ရတဲ့ ကောင်လေးတွေက အံ့အားသင့်မိနေကြသည်။ သူတို့က ရှေ့ထွက်လာပြီးသူမ ကိုစကားပြောချင်နေကြသည်။

လုကျန်း မျက်မှောင်ကြီးကြုတ်လိုက်မိပြီး သူ့မျက်လုံးတွေကလည်း မည်းမှောင်နေပြီဖြစ်သည်။ သူသည်းမခံနိုင်သလိုဖြစ်လာသည်။

သူဟာ သူ့ကို အကြည့်တချက်ကလေးမှတောင် ကြည့်မလာတဲ့ ချူယင်းကို ကူကယ်ရာမဲ့စွာ ငေးကြည့်နေမိတယ်။

တစ်လောကပဲ  လုမိသားစုရဲ့သခင်ငယ်လေးဟာ သူကိုယ်တိုင် ချူမိသားစုရဲ့ဗီလာအပြင် အနီးနားတဝိုက်မှာ ခိုးကြောင်ခိုးဝှက်နဲ့ ခဏခဏ ရောက်ရောက်လာခဲ့သည်။ သူ အပြင်ဘက်မှာ  ဟိုယောင်ယောင်၊သည်ယောင်ယောင်လျှောက်သွားနေခဲ့ပေမဲ့ သူမကို တစ်ကြိမ်တခါလေးမျှတောင် သူ မတွေ့ခဲ့ရပေ။

သူမ အိမ်မှာ စာကိုပြင်းပြင်းထန်ထန်ကြိုးစားနေတာ သေချာသလောက်ပဲ။

လုကျန်းဟာ ချူယင်းက သူနဲ့ အဆက်အဆံမလုပ်ချင်ဘူးဆိုတာကို သိပေမဲ့လည်း သူ့အနေနဲ့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ဘာလို့ဆို သူဟာ သူမနဲ့စကားပြောချင်နေတာရက်အတော်ကြာနေလှပြီဖြစ်သည်။

ချူယင်း အဝေးထွက်သွားတာကိုမြင်နေရပြီး လုကျန်းဟာ ကူကယ်ရာမဲ့သွာသက်ပြင်းချလိုက်မိပြီးသူမကို လှမ်းခေါ်လိုက်တယ်။ “ချူယင်း–”

အသံသည် ရှင်းလင်းပြီးပြတ်သား၏။

ဟန်ချူယဉ် တန့်သွားပြီး ချူယင်းကို အံ့အားသင့်စွာကြည့်လိုက်တယ်။

“နင် ကျောင်းရဲ့နတ်ဘုရားနဲ့ သိနေတာလား”

အာ ဒါပေမဲ့ ဒါက ပုံမှန်ပါပဲ။  တကယ်တော့ ချူယင်းကလည်း ကျောင်းအလှပန်းလေးတစ်ယောက်ပဲဟာကို။

ချူယင်းကတော့ ကူကယ်ရာမဲ့နေပြီ။ သူမရဲ့ အတန်းဖော်တွေရှေ့မှာ သူမက လုကျန်းနဲ့ ဘာဆို ဘာမှပတ်သက်တာမျိုးမရှိချင်တာကြောင့် ဟန်ချူယဉ်ကို သူမ ပြောမှရမယ်။

“ငါ့ကို ခဏစောင့်ဦးနော် ငါ သူ့ဆီခဏသွားလိုက်ဦးမယ်”

“သွားပါ သွား သွား~”

ဟန်ချူယဉ်ဟာ တခြားလူတွေရဲ့ လူမှုဘဝထဲကို ဝင်ရောက်စွက်ဖက်ချင်စိတ်မရှိပေ။

ဒါပေမဲ့ တစ်ခြားသူတစ်ယောက်သာဆိုရင် သူတို့ဟာ ကျောင်းမြက်ခင်းစိမ်းလေးနဲ့စကားပြောဖို့ အစပျိုးလာကောင်းလာနိုင်ပေမဲ့ ဟန်ချူယဉ်ကတော့ ထိုသို့ လုပ်လိမ့်မှာမဟုတ်။

……

ချူယင်းပြန်လှည့်ကာ သူ့ဆီလျှောက်လှမ်းလာတဲ့အခါမှာ သူ့နှလုံးဟာ ရုတ်တရက် လှုပ်ခတ်သွားတာကို လုကျန်းသတိပြုလိုက်မိတယ်။

ချူယင်း သူ့ဆီ ရောက်သွားပြီး မေးလိုက်တယ်။

“ဘာကိစ္စလဲ”

လုကျန်းက သူမကို ငုံ့ကြည့်လာကာ သူ့လက်ချောင်းတွေကိုသူ သာသာလေးဖျစ်ညစ်မိလိုက်တယ်။

“ဘာမှမဟုတ်ပါဘူး ....မင်းဘာလို့ ငါ့ကို လာပြီး နှုတ်ဆက်စကားမပြောရတာလဲ”

ချူယင်း စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။ လုကျန်းကလေ ဒီဘဝမှာ နှုတ်ဆက်စကားပြောရတာ တအားကို သဘောကျနေတာလား သူ ဒီလောက်တောင်ယဉ်ကျေးခဲ့တာလား။

လုကျန်း သူမရဲ့ မသင်္ကာသလိုအကြည့်ကိုမြင်လိုက်ရတော့ အယောင်ဆောင်အပြုံးလေးတစ်ခုပေးလိုက်တယ်။

“ငါ ဒီမှာ မင်းတစ်ယောက်တည်းကိုပဲသိတာလေ မင်းငါ့ကို ဂရုစိုက်ပေးလို့ရမလား ကျောင်းသူကောင်းလေး”

ဒါကိုကြားလိုက်ရပြီးနောက် ချူယင်းပြောလိုက်မိတယ်။

“....ဒါပေမဲ့ နင်လည်းပဲ စာကောင်းကောင်းလုပ်နိုင်တာပဲလေ”

သူမဟာ သူမရဲ့လေသံကို ထိန်းထားခဲ့သော်လည်း ထိုစကားတွင် နည်းနည်းအချဉ်စူးစူးအနံ့ ပေါက်နေသေးသည်။

ကောင်းပြီ သူမ နည်းနည်းတော့ အချဉ်ဓာတ်ပေါက်နေတယ်။ ဒီခွေးကောင်က သူမထက်သာတယ်လေ။  သူက သူမထက် နှစ်မှတ်ကြီးများတောင် ပိုများနေခဲ့တာ!! သူမ ဒါကို သေချာပေါက်ပြန်အနိုင်ယူမှာ။

လုကျန်းဟာ သူမရဲ့ စိတ်ခံစားမှုနဲ့ပတ်သက်ပြီး အရမ်း စိုးရိမ်ပူပန်နေခဲ့တာပင်။ သူမ ထိုသို့ပြောလာတာကို ကြားလိုက်ရတဲ့နောက် သူ့နှုတ်ခမ်းတွေဟာ အပေါ်ကို ကွေးမတက်ဘဲမနေနိုင်တော့။

“ငါမသိတဲ့ ပုစ္ဆာတွေရှိတာပဲလေ ပြီးတော့  နောက်ဆုံးစာမေးပွဲမှာလည်း လက်တန်း‌ချရွေးလိုက်တာချည်းပဲ”

ချူယင်းက အံ့အားသင့်စွာနဲ့ မျက်လုံးပါပြူးသွားလေသည်။

လုကျန်းရဲ့ မျက်ဝန်းတွေဟာ မည်းနက်နေလေသည်။ သူဟာ အပြုံးသေးသေးလေးတစ်ခုနဲ့ပြောလိုက်တယ်။

“ငါ ကံကောင်းသွားခဲ့ရုံပါပဲ”

ချူယင်းက စက္ကန့်ဝက်လောက်တွေးကာ

“အဲ့ဒီတော့ ငါက နင့်ထက် ပိုသာတယ်လို့ ဆိုလိုလို့ရတာလား”

လုကျန်း ထိန်းမထားနိုင်ဘဲ ရယ်လိုက်မိတယ်။

သူ နောက်ဆုံးတော့  သူမအနေနဲ့ နည်းနည်းလေးအာရုံစိုက်ပေးလာနိုင်တဲ့....နေရာလေးတစ်ခုကို တွေ့လိုက်မိသွားတဲ့ပုံပဲ။

သူမရဲ့ပြိုင်ဘက်ဖြစ်ရတာ ပိုကောင်းပါတယ် အနည်းဆုံးတော့ သူမက သူ့ကို ကြည့်လာနိုင်တာပေါ့။

ချူယင်း စိတ်မချမ်းမသာဖြစ်သွားတယ်။

“နင် ဘာရယ်နေတာလဲ”

လုကျန်းရဲ့ မြင်ကွင်းဟာ  သူမ မသိနိုင်လောက်တဲ့ နူးညံ့သိမ်မွေ့မှုတွေရယ် ဂရုစိုက်မှုတွေရယ်နဲ့အတူ  သူမရဲ့ မျက်နှာလေးပေါ်မှာကျရောက်နေတယ်။

“အင်း မင်းက အတော်ဆုံးပဲ”

……

ကန်တင်းတွင်  ချူယင်း သူမရဲ့ကျောင်းသားကတ်နဲ့ဖြတ်ပြီး  ဝက်နံရိုးအသားဟင်းနဲ့ ထမင်း ကိုဝယ်လိုက်တယ်။ ဟန်ချူယဉ်နဲ့အတူတူ သူမ ထိုင်ခုံတစ်ခုံရှာကာ ထိုင်ချလိုက်သည်။





ခုနက ကိစ္စပြီးသွားတဲ့နောက် ဆောင်းရာသီလေ့ကျင့်ရေးစခန်းကိုလာတက်ကြတဲ့ လူတော်တော်များများဟာ ချူယင်းကို တိတ်တိတ်က‌လေးစောင့်ကြည့်နေကြလေသည်။

ဟန်ချူယဉ်က  မာလာထန် ပွဲကြီးတစ်ပွဲ ဝယ်လာခဲ့ပြီး မေးလာလေသည်။




“အဲ့ဒီတော့ နင်တို့တွေ ဘာတွေပြောခဲ့ကြတာလဲ ကျောင်းရဲ့နတ်ဘုရားက နင့်ကို လိုက်နေတာလား”

ခုနက ကောင်မလေးတော်တော်များများလည်းစောင့်ကြည့်နေကြလေသည်။ အနှီမြင်ကွင်းက အိုင်ဒေါဒရမ်မာကားတစ်ခုလိုပဲလို့ အားလုံးကတောင်ပြောနေကြလေသည်။ တကယ်ပဲ ကြည့်လို့ကောင်းတယ်။

ချူယင်းဟာ ဖူးခနဲ ထွေးထုတ်မိတော့မလိုပင်။

“မဟုတ်ပါဘူး” သူမက မြန်မြန်ဆန်ဆန်ဖြေရှင်းလိုက်တယ်။ “စာအကြောင်းပြောခဲ့ကြတာ”

အဲ့ခွေးကောင် လုကျန်းကလေ ဒီဘဝမှာ စာလေ့လာရတာနဲ့ ချစ်ကျွမ်းဝင်နေတဲ့ပုံပဲ။ ခုနက သူက မျှော်လင့်ချက်ရောင်ခြည်ဖလားမှာ ဆန်ခါတင်ထဲ ဝင်ချင်တာဖြစ်လို့ သူ့ အနေနဲ့ စာကိုကြိုးကြိုးစားစားလုပ်ချင်တာဖြစ်ပြီး သူတို့တွေ  တစ်ယောက်နဲ့ တစ်ယောက် အချင်းချင်းကူညီနိုင်ဖို့မျှော်လင့်ပါတယ်ဆိုပြီး သူ့ကိုပြောသွားလိုက်သေး။

——ရူးများရူးနေလား! ဘယ်သူက သူနဲ့ တစ်ယောက်ကိုတစ်ယောက်  ကူညီရိုင်းပင်းချင်နေလို့လဲ!!!

ငါတို့က ပြိုင်ဖက်တွေပါနော်! ငါတို့မှာ ကမ္ဘာ့ရန်ငြှိုးရန်စ တွေရှိနေတာ ဟုတ်ပြီနော်!

ဘယ်လိုပဲဖြစ်ဖြစ် လုမိသားစုက  ပညာရေးဘက်မှာ အရမ်းကို အလေးထားတယ်ဆိုတာ သူမ သိထားပြီးသား။ အဲ့ဒီလိုအခြေခံဘာသာရပ်တွေအပြင်ကို စီးပွားရေးနှင့်အခြားဘာသာရပ်တွေများပါ သင်ကြားခဲ့ရတာဖြစ်သည်။ ဒီလို ကျယ်ပြန့်တဲ့ အသိဉာဏ်အပိုင်းအခြားနဲ့ဆို လုကျန်းရဲ့ အိုင်ကျူ (IQ)က သိသိသာသာကို မြင့်မားတာပင်။

လုကျန်းက  ယခုသင်္ချာပြိုင်ပွဲမှာ သူမနဲ့ battle  ဆိုင်ချင်တာကိုသိလိုက်ရတာကြောင့် ချူယင်းဟာ ရုတ်တရက်ဆိုသလို တိုက်ခိုက်ရေးစိတ်ဝိညာဥ်ကို ရရှိလိုက်ရသည်။

ချီးတဲ့မှ ချီးတဲ့မှ ချီးတဲ့မှ။

နင့်ကို ငါ့ခြေထောက်အောက်မှာပြားပြားဝပ်နေစေရမယ်။

တစ်ဖက်တွင် ဟန်ချူယဉ်ဟာ ချူယင်းရဲ့ စိတ်အားထက်သန်နေတဲ့ မျက်လုံးတွေကို ကြည့်နေမိသည်။ သူမ တစ်ဖန်ပြန်စိတ်လှုပ်ရှားတဲ့ခံစားချက်မျိုးဖြစ်လာကာ မာလာတန်ကို စားဖို့တောင် မေ့သွားလေသည်။

‌အိုးး သူ့ရဲ့အလှကငါ့ကို ယစ်မူးစေတယ်!!

ဟတ်ထိသွားမိပြန်ပြီ အားးးး။

နောက်တစ်နေ့တွင် ဆောင်းရာသီလေ့ကျင့်ရေးစခန်းပွဲစီစဉ်သူက တက္ကသိုလ်အဆောက်အဦးကြီးရဲ့ ဟောပြောခန်းမထဲတွင် ကြိုဆိုပွဲကျင်းပပေးလေသည်။

အဆောင်က ပါဝင်ယှဉ်ပြိုင်သူများဂာ တစ်ညတာ ကုန်ဆုံးပြီးတဲ့နောက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ခင်မင်ရင်းနှီးသိကျွမ်းနေကြပြီဖြစ်သည်။  မျက်စိအဖမ်းစားနိုင်ဆံုး သူတွေဖြစ်တဲ့ ချူယင်းနဲ့လုကျန်းအပြင် ကျောင်းအသီးသီးမှ ထိပ်တန်းနတ်ဘုရား/မတွေလည်းရှိသည်။

“ငါ မေးကြည့်ပြီးပြီ” ဟန်ချူယဉ်က တိုးတိုးလေးကပ်ပြောလာတယ်။ “အလယ်တန်းကျောင်းကတစ်ယောက်က မနှစ်က ကြေးတံဆိပ်ရခဲ့တဲ့သူ ပြီးတော့ တခြားပြည်နယ်တွေက ပြိုင်ပွဲတွေမှာ ချန်ပီယံရှစ်ရခဲ့တဲ့ အကောင်ကြီးကြီးနှစ်ယောက်လည်းပါတယ်တဲ့ ”

အကြမ်းဖျမ်းပြောရမယ်ဆိုရင် ဒီမှာ အရည်ချင်းရှိတဲ့သူတွေအများကြီးပင်။

လျန်ယွဲ့ချီက ဒီလို လူအုပ်စုထဲမှာ ပါရတဲ့အတွက် အရမ်းကို အရှက်ရမိမှာဖြစ်တယ်။

သူမက သင်္ချာဘာသာရပ်မှာ သာမန်အဆင့်မျှသာရှိတယ်။

မနေ့ကချူယင်း တခြားသူတွေနဲ့ ညစာထွက်စားတုန်းက လျန်ယွဲ့ချီဟာ ချူယင်းရဲ့စားပွဲခုံက မေးခွန်းစာရွက်တွေ တစ်ချက်ကြည့်လိုက်မိတယ်–သူမ အဲ့တာတွေကို လုံးဝ နားမလည်ဘူး။

ချူယင်းကလည်း နည်းနည်းတော့စိတ်လှုပ်ရှားနေမိတယ်။

မနေ့ည ၁၂ထိုးတဲ့အထိ သူမ စာလုပ်ခဲ့တယ်။  လျန်ယွဲ့ချီသာသူမရဲ့စာရွက်လှန်သံနဲ့ပတ်သက်ပြီးစောဒကမတက်ဘူးဆိုရင် ချူယင်း အဲ့ထက်ပိုပြီး လေ့လာဖြစ်မှာပင်။

စတိတ်စင်ပေါ်မှာ ရပ်နေတဲ့ ဆရာ(မ)က ကြေညာလာတယ်။ [T/N: ဒီမှာ  ဆရာလား ဆရာမလား သေချာမပြောထားလို့ပါနော်]

“မင်းတို့အားလုံးက ကိုယ့်ကိုယ်ကိုတိုးတက်လာစေဖို့ရည်ရွယ်ချက်သဘောထားနဲ့ ဒီကို ရောက်လာခဲ့ကြတာမလို့   မင်းတို့လေ့လာမှုမှာ လိုအပ်တာမှန်သမျှ ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ငါတို့တွေ အကောင်း‌ဆုံးကြိုစားသွားမယ်...”

“ဒါ့ပြင်  မင်းတို့ရဲ့ တိုးတက်လာဖို့ရည်ရွယ်ပြီး မနှစ်က ထူးချွန်စီနီယာကျောင်းသားတွေကို ဖိတ်ကြားပေးထားတယ်..”

ချူယင်းနဲ့ ဟန်ချူယဉ်က အတူတူထိုင်ကြသည်။ သူတို့ကို အုပ်စုအလိုက် ခွဲပေးထားလေသည်။

လုကျန်းက နောက်ဆုံးမှ စာသင်ခန်းထဲကို ဝင်လာလေသည်။ ချူယင်းရဲ့ အဖွဲ့က လူပြည့်နေပြီး ကောင်လေးတွေနဲ့ပြည့်နေသည်။

သူ့မျက်ခုံးတွေ တွန့်ချိုးသွားလေသည်။

“လုကျန်း ဒီမှာ~” လျန်ယွဲ့ချီက ရုတ်တရက် အသံတစ်သံပေးလာလေသည်။ သူမ‌ဘေးမှာ ထိုင်ခုံတစ်ခုံပိုနေ၏။

ကောင်မလေးတွေ တော်တော်များများကလုကျန်းကို အာရုံစိုက်ကြလေသည်။ လျန်ယွဲ့ချီရဲ့ နှုတ်ဆက်စကားက အပိုင်ချုပ်နိုင်တဲ့အရိပ်အယောင်တွေရှိနေသည်။ လူတွေက သူမကို အစကသိပ်အာရုံမစိုက်ခဲ့ကြမိတဲ့အတွက် အခုမှ သူမကို သတိပြုမိတဲ့အခါမှာ သူတို့ဟာ သူမကို တစ်ယောက်ပြီးတစ်ယောက်ကြည့်လာကြသည်။

လုကျန်းဟာ  လျန်ယွဲ့ချီရဲ့ အဖွဲ့ဆီကိုတိုက်ရိုက်သွားရမှာ ပျင်းလွန်းနေသည်။ သူဟာ သူမရဲ့ ဖိတ်ကြားမှုကို လျစ်လျူရှုလိုက်ကာ တခြားခုံတစ်ခုံကမှာ ဝင်ထိုင်လိုက်သည်။

ချူယင်းက အဲ့တာကို တိတ်တဆိတ်ကြည့်နေကာ သူမရဲ့စိတ်ထဲကနေ အော်ဟစ်နေမိတယ်။
လျန်ယွဲ့ချီ ဆက်လုပ်!! ဆက်သာသွား စိတ်ဓာတ်မကျလိုက်နဲ့ သူ့ကို အရယူပစ်!!!

ယခုကဏ္ဍဟာ လူတိုင်းရဲ့သင်္ချာတွေးခေါ်မှုကို အဓိကကျကျ မြင်နိုင်တဲ့ လေ့ကျင့်ရေးအတန်းဖြစ်သည်။ စာရွက်ပေါ်မှာ ကိန်းဂဏန်းများစွာရှိနေပြီး သာမန်မေးခွန်း, magic square နဲ့  အဆင့်မြှင့်သင်္ချာ အတွေးအခေါ်ပိုင်းပတ်သက်တဲ့ မေးခွန်း များစွာပါရှိလေသည်။



ဟန်ချူယဉ်ကပြောလာတယ် “ကြည့်ရတာ တအားခက်မှာပဲ..”

ဒါဟာ ပြိုင်ပွဲတွေအတူတူ ထိုင်ထားကြတဲ့ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်နေကြပြီမို့ ဘယ်သူကမှ  အားနည်းချက်မျိုး မဖြစ်ချင်ကြ။

ချူယင်းရဲ့ ဆန့်ကျင်ဘက်ကကောင်လေးက စာရွက်ကိုယူ၊ဘောပင်ကိုကောက်ကိုင်ပြီးစတင်ဖြေဆိုတော့သည်။ ဘောပင်ထိပ်ရဲ့ စာရွက်ပေါ်ပွတ်တိုက်ဆွဲသံက လူတွေကိုပိုပြီးဖိအားပေးသလိုခံစားရစေသည်။

——ကြည့်စမ်း သူက တကယ့် အားကောင်းတဲ့ပြိုင်ဘက်ပဲ။

ချူယင်းဟာ သူမရဲ့စိတ်ထဲကနေပြောလိုက်မိတယ်။ မေးခွန်းစာရွက်လှန်လှောကြည့်ကာ ငြိမ်ငြိမ်ဆိမ်ဆိမ်လေး မေးခွန်းတွေကို ‌ဖတ်ကာ ချောချောမွေ့မွေ့ဖြေဆိုသွားလေသည်။

သူမရဲ့တင်းတင်းကျပ်ကျပ်လေ့ကျင့်မှုတွေရဲ့ရလဒ်က ဒီအချိန်မှာ ထင်ဟပ်လာတော့သည်။ သူမရဲ့အဆင့်မြှင့်ထားတဲ့ နည်းလမ်းကျကျတွေးခေါ်နိုင်စွမ်းကလည်း သင်္ချာပုစ္ဆာတွေဖြေရှင်းရာတွင်သူမကို အကူအညီပေးလေသည်။ အဲ့အချိန်မှာ ရုတ်တရက် ချူယင်းဟာ သူမရဲ့ အခြေအနေကအရမ်းရှင်းရှင်းလင်းလင်းကြီးတိုးတက်လာတာကို  သဘောပေါက်လာမိတယ်။

ကျေနပ်အားရမှုအပြည့်ဖြစ်မိတဲ့စိတ်က သူမရဲ့စိတ်တွင် ပြည့်နှက်နေကာ သူမကိုပိုပြီး တက်ကြွလာစေ၏။

မျက်နှာချင်းဆိုင်က  ကောင်လေးကလည်း သူ့ဆန့်ကျင်ဘက်ရှိကောင်မလေးက သူ့ထက်မညံ့ဘူးဆိုတာကို တွေ့ရှိ လိုက်ရတယ်။ သူရုတ်တရက် ဖိအားတွေခံစားလိုက်ရပြီး မော့ကြည့်လိုက်တော့ တစ်ဖက်လူက သူ့ထက်သာနေပြီဆိုတာကို သိလိုက်ရတယ်။

သူချက်ချင်းပဲသူ့ခေါင်းကို ထပ်ငုံ့လိုက်ပြီး လျင်လျင်မြန်မြန်  ပြန်ပြီးစဖြေလိုက်တော့၏။

နောက်ဆုံး magic square မေးခွန်းက အရမ်းကိုရှုပ်ထွေးလေသည်။ ဟန်ချူယဉ်ကတော့ အတော်လေးစိတ်ဓာတ်ကျနေပြီ။ အဆုံးမှာ‌ သူ လက်လျှော့ချင်မိလာသည်။

သူမ လှမ်းကြည့်တော့  ချူယင်းန‌ဲ့ သူမရဲ့ အရှေ့က ကျောင်းသားက ကြိုးကြိုးစားစားဖြေဆိုနေကြတာကို မြင်လိုက်ရတာမလို့ သူမ လက်မလျှော့ချင်တော့ပေ။

ဟန်ချူယဉ်ဟာ ဒီမှာ ထိပ်တန်းအဆင့်မဟုတ်သော်လည်း သူမမှာလည်း အခြေခံကောင်းကောင်းရှိပြီး အခက်အခဲဖြေရှင်းနိုင်စွမ်းအတိုင်းအတာကို နားလည်သဘောပေါက်တဲ့သူဖြစ်တယ်။ ဒီပုစ္ဆာရဲ့ အတိုင်းအတာ ကို ဘယ်သူကမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ခန့်မှန်းမိတယ်။

ထင်တဲ့အတိုင်းပါပဲ နောက်ငါးမိနစ်အကြာတွင်  ဟိုဘက်က ကျောင်းသားလေးက သူ့ဘောပင်ကို ချသွားလေသည်။

ဟန်ချူယဉ် တစ်ချက်ကြည့်လိုက်တော့ သူဟာ  magic square မေးခွန်း  ကို မ‌ဖြည့်ထားဘူး။ သူမထင်ထားတဲ့အတိုင်းပဲ။

သူမဘေးက ချူယင်းကတော့ လက်မလျှော့သေးပေ။ ဟန်ချူယဉ် သူမရဲ့ ပါးပြင်ကို လက်တစ်ဖက်နဲ့ထောက်ကာ အလှလေးရဲ့ အလေးအနက်ကြီးဖြစ်နေတဲ့သဘောထားလေးကို အသိအမှတ်ပြုလိုက်တယ်။

အရှုံးကိုဝန်မခံချင်တဲ့ ကောင်မလေးက အရမ်းချစ်စရာကောင်းပါလား!

နှစ်မိနစ်လောက်ကြာပြီးနောက် ချူယင်း ဘောပင်ကိုချလာလေသည်။

အဲ့နောက်မှာပဲ စာသင်ခန်းထဲမှာရှိတဲ့ အစောင့်ဆရာ(မ)က အပြုံးလေးတစ်စနဲ့အတူ မေးလာလေသည်။

“မင်းတို့အားလုံး နောက်ဆုံးက ထူးခြားတဲ့ magic square မေးခွန်းမှာ အကျပ်ရိုက်နေကြတာမလား တစ်ယောက်ယောက်များ အဲ့တာကို  ပြီးလိုက်ကြလား”

စာသင်ခန်းထဲမှာ ညည်းတွားသံများ တဝီဝီထွက်လာလေသည်။

ဒါပေမဲ့ ချူယင်းက တိုးတိုးလေးရေရွတ်လာသည်။

“ဘယ်ဘက်ထိပ်ကနေ အောက်က 1832, ညာဘက် ထိပ်ကနေအောက်က 1693...”

ဟန်ချူယဉ် အံ့အားသင့်သွားကာ “ နင်အဲ့တာ ဘယ်လိုလုပ်လိုက်တာလဲ”

မျက်နှာချင်းဆိုင်ကကျောင်းသားလေးကလည်း သူ့ခေါင်းဟာ ရုတ်ခနဲ ထောင်မတ်လာတယ်။

ဟန်ချူယဉ်တစ်ယောက် အဲ့အဖြေက မှန်နေတယ်ဆိုတာကို တွေ့ရှိလိုက်ရတယ်။

“ဘုရားရေ ယင်ယင် နင်အရမ်းအံ့အားသင့်စရာပါလား”

ချူယင်းရဲ့ အမူအရာကတော့ ဟိုလိုလိုသည်လိုလိုပင်။

အမှန်တော့ သူမလည်း အဲ့တာကိုသိတာပေါ့

သူမ မဟားတရားမိမိုက်နေတယ်ဆိုတာကိုလေ။

အဲ့ buffက ဘဝကြီးကို တအားလွယ်ကူသွားစေတာပဲ။ TAT *(ငိုတဲ့အီမိုဂျီ)

တစ်ဖက်မှာ လျန်ယွဲ့ချီကတော့ တစ်ဝက်တောင်မပြီးသေးခင်မှာပဲ လက်လျော့ထားလိုက်ပြီဖြစ်တယ်။

ဆရာ(မ)က နောက်ဆုံး မေးခွန်းကိုရလားမေးလာတာကို ကြားလိုက်ရတဲ့အခါ လျန်ယွဲ့ချီဟာ  ချက်ချင်းလုကျန်းကို လှမ်းကြည့်လိုက်တော့ သူလည်း အဲ့မေးခွန်းကို ဖြေဆိုပြီးသားဆိုတာကို တွေ့ရှိလိုက်ရတယ်။

လျန်ယွဲ့ချီက ဖြေလွှာကို ယူကာ တိုးတိုးညင်းညင်းမေးလာလေသည်။

“လုကျန်း နောက်ဆုံးမေးခွန်းက ဘယ်လိုလုပ်ရတာလဲဟင် ငါမဖြေနိုင်ဘူးရယ်”

လုကျန်းက ဘောပင်လှည့်ရင်း သူ့မျက်လုံးက အေးတိအေးစက်အငွေ့အသက်တွေနဲ့အတူ “သာမန်မေးခွန်းမဟုတ်လို့”

လျန်ယွဲ့ချီ: “…”

ဆောင်းရာသီလေ့ကျင့်ရေးစခန်းကဆရာ(မ)က  ကျောင်းသား/ကျောင်းသူတွေနဲ့ ဆက်ဆံရာမှာ အထူးတလည်အာရုံစိုက်ပြီး အဲ့နေ့တွင် ချူယင်းကို အကြိမ်ရေတော်တော်များများချီးကျူးလေသည်။

အတန်းချိန်နှစ်ရက်တက်ပြီးနောက် camp(‌လေ့ကျင့်ရေးစခန်း) ထဲမှာ  ချူယင်းရဲ့ nickname ( ချစ်စနိုးခေါ်သောအမည်၊နာမည်ပြောင်)ဟာ “ အရမ်းလှတဲ့ကောင်မလေး” ကနေ “မေးခွန်းဖြေရှင်းရာမှာအရမ်းတော်တဲ့ မိန်းမလှလေး” အဖြစ်ပြောင်းလဲလာလေသည်။

သူမက camp ထဲမှာ ဆို နာမည်ကြီးတစ်ယောက်ဖြစ်လာသည်။ ညဘက်၌ လူတွေက သူမကို အဆောင်မှာ လာလာကြည့်ကြလေသည်။

ဒီအပြုအမူမျိုးက အရမ်းကိုအဓိပ္ပာယ်အများကြီးရလေသည်။ တကယ်တော့  လူတော်တော်များများက ချူယင်း ညဘက်တွေဆို ဘာတွေလုပ်သလဲ ဒါမှမဟုတ် သူမဘာလေ့ကျင့်ခန်းစာအုပ်တွေနဲ့အသုံးပြုလေ့ကျင့်သလဲဆိုတာ မြင်ချင်ကြတာဖြစ်တယ်။

မနက်ဖြန်ဟာ အကဲဖြတ်စစ်ဆေးတဲ့စာမေးပွဲနောက်ဆုံးရက်ပင်။ သူတို့အားလုံး အဆင့်နဲ့ရလဒ်တွေကိုသိကြရလိမ့်မယ်။ဒီဟာကပဲ သူတို့ နောက်တစ်ဆင့် မျှော်လင့်ချက်ရောင်ခြည်ဖလားပြိုင်ပွဲမှာပါဝင်နိုင်ခြင်း ရှိ၊မရှိဆိုတဲ့ ရလဒ်အပေါ် လုံးဝကိုသက်ရောက်လိမ့်မှာပဲဖြစ်တယ်။
(T/N: ရှင်းပြရမယ်ဆိုရင် ပြိုင်ပွဲက ဝင်မပြိုင်ရသေးဘူး ဒီcampက အကြိုလေ့ကျင့်ရေးဆင်းတဲ့သဘော ဒီ အဆင့်အောင်မှ ပြိုင်ပွဲကို ဝင်ပြိုင်နိုင်မှာ)

သူမရဲ့ မိုးထိုးနေတဲ့ လယ်ဗယ်ကိုသိလိုက်ရပြီးနောက် ချူယင်းရဲ့ စိတ်အခြေအနေက အများကြီးပို တည်ငြိမ်လာပြီဖြစ်သည်။ သူမဟာ ညဘက် မအိပ်ခင်မှာ  လေ့ကျင့်ခန်းပုစ္ဆာတချို့ လုပ်လိုက်သည်။

သူမနဲ့ အဆောင်တူတဲ့ ကျောင်းသူတွေက သူမကြောင့် လှုံ့ဆော်ခြင်းခံထားရလေသည်။ နင်(ချူယင်း)မအိပ်ရင် ငါ့မျက်လုံးတွေကို မှိတ်လိုက်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ပုံစံတွေနဲ့ ခက်ခက်ခဲခဲကို ပုစ္ဆာတွေ လေ့လာနေကြတယ်။

လျန်ယွဲ့ချီတစ်ယောက်အဆောင်က အခြေအနေကိုကြည့်ပြီး စားပွဲခုံရှေ့ထိုင်ကာ တစ်နေ့လည်ခင်းလုံးလုပ်ခဲ့တဲ့မေးခွန်းကိုဖွင့်လိုက်သည်။ နောက်ဆုံးမရတော့တဲ့အဆုံး  အလယ်တန်းကျောင်းက ကောင်မလေးဆီသွားကာ သူမကို အကူအညီတောင်းကြည့်လိုက်တယ်။

“အတန်းဖော်” လျန်ယွဲ့ချီ သူ့ဆီလျှောက်သွားကာ သိမ်မွေ့တဲ့အပြုံးလေးနဲ့အတူ ပြောလိုက်တယ်။

“နင် ငါ့ကို ဒီပုစ္ဆာလေး သင်ပြပေးလို့ရမလား”

သူမက မော့ကြည့်ကာ ပြောလိုက်သည်။
“နင် ဒါကိုတောင် မလုပ်နိုင်ဘူး?”

ဟန်ချူယဉ်ဟာ သူမရဲ့ရယ်သံကိုထိန်းမထားနိုင်တော့ဘဲ ရယ်ချမိလုနီးပါးပင်။

အနှီကျောင်းသူက တည့်ကြီးပြောချလာတယ်။

“ဘယ်လိုလုပ် နင် ဒီကိုရောက်လာတာလဲ”

လျန်ယွဲ့ချီရဲ့မျက်နှာဟာ အစိမ်းရောင်ဘက်ပြောင်းသွားလေသည်။

အရည်အချင်းစစ်စာမေးပွဲဒုတိယရက်တွင်  စာမေးပွဲအခန်းအပြင်ဘက်မှာ  ထိုင်ရမဲ့နေရာအစဉ်လိုက်ကို ကပ်ထားတယ်။

ချူယင်းဟာ တကယ်ကြီး လုကျန်း နဲ့ ထပ်ပြီးတစ်လိုင်းတည်းကျပြန်သည်။

ဒါပေမဲ့ ဒီတစ်ခေါက် ကံကောင်းထောက်မစွာနဲ့ သူမက အနောက်ဘက်ကျတယ်။ အဲ့လိုမှမဟုတ်ရင် ခွေးကောင်ကို ဘယ်လိုစံုလံုးကန်းအောင်လုပ်ရမလဲဆိုတာကို တွေးရတော့မှာပဲ။

သူတို့ရဲ့ အိတ်တွေနဲ့ လက်ကိုင်ဖုန်းတွေကို ထုတ်ပေးပြီးနောက် ကျောင်းသား၊ကျောင်းသူများဟာ သူတို့ရဲ့ထိုင်ခံုမှာ ကိုယ်စီဝင်ထိုင်ကြလေသည်။ အဲ့နောက် ဆရာ(မ)ကနေ  မေးခွန်းတွေ ဝေငှစေလေသည်။

လုကျန်းက မေးခွန်းစာရွက်ယူ၊ လှည့်ကာ ချူယင်းဆီကိုလှမ်းပေးလိုက်တယ်။

ချူယင်း မေးခွန်းစာရွက် လက်ခံရယူလိုက်တဲ့ အခိုက်အတန့်မှာ သူ့ဆီက တီးတိုးပြောလာတဲ့အသံကိုသူမကြားလိုက်ရတယ်။

“မင်းငါ့ကို ကျော်နိုင်မယ်ဆိုတာ သေချာရဲ့လား”

ချူယင်း: “…...”

အားးး လောင်ရှီး! သူ သမီးကို ရန်လာစနေတယ်!!!

ချူယင်းရဲ့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်က ချက်ချင်းကို စွမ်းအားတွေပြည့်လာတော့သည်။ စာမေးပွဲပြီးသွားတဲ့အထိပင်ကြာရှည်ခံခဲ့သည်။

ဆောင်းတွင်းလေ့ကျင့်ရေးစခန်းရဲ့ စွမ်းဆောင်ရည်က အရမ်းမြင့်မားတယ်။ စာမေးပွဲဖြေပြီးပြီးချင်းနေ့မှာပဲ ရလဒ်တွေထွက်လာလေသည်။

ဟန်ချူယဉ်အနေနဲ့ ချူယင်းက ရလဒ်ကို အလွန်တန်ဖိုးထားတယ်ဆိုတာ သိတာမလို့ ရလဒ်ကိုကြည့်ဖို့  တရားဝင်ထုတ်ပြန်ကြေညာချက်ဘုတ်ဆီ သူမကို ခေါ်သွားလိုက်တယ်။

ချူယင်းဟာ သူမရဲ့ ရလဒ်နဲ့ပတ်သက်ပြီး သေချာနေပေမဲ့လည်း သူမဟာ တခြားသူတွေရဲ့ လယ်ဗယ်ကို မသိတာမလို့ ရင်တော့ ခုန်နေသေးသည်။

အဲ့နောက် ဇယားပေါ်မှာ တတိယနေတွင်ရှိနေတဲ့သူမကိုယ်သူမ တွေ့လိုက်ရတယ်။

“ဘုရားရေ  နင်အရမ်းအံ့ဩစရာကောင်းတာပဲ”

ဟန်ချူယဉ်ဟာ သူမရဲ့ အဆင့်ကို သိပ်အာရုံများများစားစားထည့်မနေပေ။  ချူယင်းက သိပ်ကိုအားကောင်းလွန်းတယ်လို့သာ ခံစားနေမိသည်။ သူမ အဆင့်သတ်မှတ်ချက်ဇယားကို ဓာတ်ပုံတစ်ပုံရိုက်ယူလိုက်ပြီး  အဆင့်မမှီဘဲ ခဏခဏ လှမ်းလှမ်းခုန်ကိုက်တဲ့ သူတွေကြည့်လို့ရအောင်   ဟွေးဝမ်ရဲ့ ဖိုရမ်ဆီကိုပြန်တင်လိုက်တယ်။

အကယ်လို့ ချူယင်းက မျှော်လင့်ချက်ရောင်ခြည်ဖလားမှာ ဆုရရှိခဲ့မယ်ဆိုရင် ဟန်ချူယဉ် ခန့်မှန်းရသလောက်ကတော့ ချူယင်းဟာ တကယ်ကြီးကို ကျောင်းတွင်းနတ်ဘုရားမဖြစ်လာလိမ့်မှာပင်။

ချူယင်း သူမရဲ့ ကိုယ်ပိုင်ရလဒ်ကိုကြည့်ပြီးသူမရဲ့လက်ထဲ လုပ်ပိုင်ခွင့်ရရှိသွားတဲ့အတွက်စိတ်သက်သာရာရသွားလေသည်√

နောက်တစ်ခေါက်ထပ်ကြည့်လိုက်တော့ လုကျန်းကို  စတုတ္ထနေရာမှာ တွေ့လိုက်ရတယ်။

.....အာာာာာာအာာာာအားးးးး!!!

သူမ နောက်ဆုံးတော့ ခွေးကောင်ကို ရိုက်ချနိုင်လိုက်ပြီ!!

ဘယ်သူကမှ ချူယင်းဆိုတဲ့ ငါ့ကို ရိုက်မချနိုင်ဘူး!!

「ဒင်— အရည်ချင်းစစ် စာမေးပွဲမှာ Top 5 အတွင်းအရယူခြင်း task ပြီးဆုံး! Host စာကြောင်းတစ်ကြောင်းနဲ့ ကျပန်း ရတဲ့ စပါယ်ရှယ် ဆုဖြစ်တဲ့ စကားရပ်ပုဒ်စုကတ် တစ်ခု ရရှိလိုက်တဲ့အတွက် ဂုဏ်ယူပါတယ်~」

ချူယင်း:“ကောင်းတယ် ကောင်းတယ် ကောင်းတယ် အရမ်းကိုကောင်းတယ်”

အဲ့နောက် သူမ တခြားလူတွေရဲ့ အဆင့်ရလဒ်တွေကိုအေးအေးလူလူကြည့်လိုက်တယ်။ ဟန်ချူယဉ်က အဆင့်၁၅ဖြစ်သည်။

လျန်ယွဲ့ချီကတော့ အဆင့်ဇယားရဲ့ အောက်နားတွင်ရှိနေသည်။

ဟန်ချူယဥ်က အသံတိုးတိုးလေးနဲ့ ပြောလာသည်။

“ဒီလိုဆို အဲ့ သခင်မလေးက ဒီကို ဘာလာလုပ်တာလဲ  ဒီဟာက လူသိရှင်ကြား ဒဏ်ခတ်မှုကြီးလိုဖြစ်မသွားဘူးလား...”

ချူယင်းက တွေးလိုက်တယ်: တချို့သောလူတွေက ဒီကို သင်ယူဖို့ရောက်နေကြတာမှမဟုတ်တာ သူတို့က အချစ်ဇာတ်ကို ရှာဖွေဖို့ ဒီမှာရှိနေကြတာလေ။

...အမ် အချစ်ဇာတ်ခင်းတာ?

ချူယင်းရဲ့စိတ်က ရုတ်တရက် လှုပ်ရှားသွားတယ်။

ဘာလို့လဲဆိုတော့ ဆောင်းတွင်‌းလေ့ကျင့်ရေးစခန်းရဲ့ ဇာတ်ကွက်ဆိုတာက သူမရဲ့အရင်ဘဝမှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတာမလို့ ချူယင်းမှာ ‌ဘာမှပြောင်းလဲစရာမရှိပေ။ ဒါပေမဲ့ ရုတ်တရက်သူမသဘောပေါက်လိုက်မိတာက ပြောင်းလဲပစ်တာအပြင်ကို သူမ ဖန်တီးပစ်လို့လည်းရတယ်လေ!

အရည်ချင်းစစ်စာမေးပွဲပြီးနောက် ဒုတိယရက်တွင်  camp ကနေ နေ့လည်ခင်းခဏတဖြုတ်အချိန်တွင် ကျောင်းသား၊ကျောင်းသူများအား ကျောင်းပြင်ထွက်ကာ သူတို့ ကြိုက်ရာ လုပ်ခွင့်ပြုထားလေသည်။  ဟန်ချူယဉ်ကတော့ အခွင့်ကောင်းကို လက်မလွှတ်စတမ်းအသုံးချပြီး သူမနဲ့အတူ အပြင်ထွက်လည်ဖို့ချူယင်းကို ခေါ်လိုက်တယ်။

မိန်းမလှလေးတစ်ယောက်နဲ့ အပြင်ထွက်မှာလေ!သူတို့တွေ ထွက်ပြီး အဝတ်အစားတွေဝယ်ကြမှာ! သူမ ချူယင်းရဲ့ ဓာတ်ပုံတွေ ရိုက်ပေးလို့ရနိုင်မှာ! အာာအာအားးး!

ချူယင်းအနေနဲ့ကတော့ဘာအကြံမှမရ‌ှိတဲ့အတူတူ  အပြင်ထွက်ဖို့ပြင်လိုက်ပေမဲ့ မသွားခင် သူမ ဒီနေ့ရဲ့ ဇာတ်ညွှန်းကို ဖွင့်ကြည့်လိုက်တယ်။

【ချူယင်းနဲ့ ဟန်ချူယဉ်တို့ဟာ H တက္ကသိုလ်ကနေထွက်လာခဲ့ပြီး အနီးနားက ရှောပင်းမောလ်ဆီကို သွားကာ နေ့လည်စာစားလိုက်ကြတယ်။

ဆောင်းတွင်းလေ့ကျင့်ရေးစခန်းမှာနေကြတဲ့ကျောင်းသား၊ကျောင်းသူတွေ များစွာရောက်ရှိနေကြလေသည်။ ချူယင်းနဲ့ ဟန်ချူယဉ်တို့နှစ်ယောက်စလုံးကတော့ အခက်အခဲ ဖိစီးမှုဒဏ်ကို ဖြေလျှော့ဖို့ စားလည်းစားသောက်လည်းသောက်ကုန်ကြတယ်။

သိပ်မကြာလိုက်ဘူး သူတို့တွေ လုကျန်းနဲ့ အမှတ်တမဲ့ ဆုံမိလေ၏။】

ဖီး! ငါတော့အမှတ်တမဲ့ဆိုတာ အယုံအကြည်ကိုမရှိဘူး!

အမှိုက်ဇာတ်ညွှန်း!  ဇာတ်လိုက်ရဲ့ ‌ပါဝါဆိုပြီး လုကျန်းကို သူမဘေး အတင်း တွန်းပို့နေသေးတုန်း!

ဒါပေမဲ့  သူမမှာ ဒီနေ့ အကြံအစည်အသစ်တစ်ခုရှိတယ်– ချူယင်းဆိုတဲ့သူမအနေနဲ့ကတော့ လုကျန်းနဲ့ အချစ်ဇာတ်ခင်းနေချင်တာမဟုတ်တာမလို့ သူမက လုကျန်းကို တခြားကောင်မလေးတွေနဲ့ စိတ်ခံစားချက်တွေ တိုးပွားလာအောင် ကြိုးစားရလိမ့်မယ်!

သူမ အရင်ကလည်း ကြံစည်ကြိုးပမ်းခဲ့မှုများစွာပြုလုပ်ခဲ့တယ်။  လုကျန်းနဲ့ တရားဝင် စုံတွဲလေးဖြစ်လာစေမဲ့  ကျောင်းအလှပန်းလေးဆိုတာ စုန့်ကျောက်လင်ကို ပေးပစ်လိုက်တာမျိုးတို့ ပြီးတော့ ကျန့်ယွီက  လုကျန်းကို တယုတယနဲ့ တိုက်ရိုက်ကြီး ဝန်ခံချစ်စကားတွေ ဖွင့်ပြောလာအောင်လုပ်ခဲ့တာမျိုး စတာတွေပေါ့လေ။

လျန်ယွဲ့ချီအနေနဲ့လည်း  အစပြုဖို့ရာအခွင့်အလမ်းတစ်ခု–မတော်တဆမဟုတ်တဲ့ အချစ်မျိုးဖြစ်လာစေမဲ့ အလားအလာ ကိုလွဲ‌ချော‌်နေတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သူမတွေးမိလိုက်တယ်။

ချူယင်း သူမရဲ့ လက်သီးဆုပ်ကို ပွတ်သပ်လိုက်ကာ 【သိပ်မကြာလိုက်ဘူး သူတို့တွေ လုကျန်းနဲ့ အမှတ်တမဲ့ ဆုံမိလေ၏။】ဆိုတဲ့ စာကြောင်းကို ခြစ်ပစ်လိုက်တယ်။

ပြီးတော့ ထိုသို့ပြောင်းလိုက်လေသည်။

【ဤနေရာတွင် လုကျန်းနဲ့ လျန်ယွဲ့ချီတို့ ရိုမန်တစ်ဆန်ဆန် ဆုံတွေ့မှုနှင့် ကြုံကြိုက်လေသည်။    】

——ငါ့လို လူထုအနုပညာရှင်တစ်ယောက်က  နင့်အတွက် အချစ်ဇာတ်ထုပ်လေးတစ်ခုကို လက်ရေးမူရေးသားပေးလိုက်တယ်နော်!!!

သူမက တကယ့်ကို ဉာဏ်ကြီးရှင်တစ်ယောက်ပါလား!!

ရိုမတ်တစ်ဆန်ဆန် ဆုံတွေ့မှုတဲ့လေ! အဲ့ဒီစကားလုံးလေးက အနက်အဓိပ္ပာယ်လိုသ‌လိုကောက်ယူနိုင်စွာ ဖော်ပြနေတဲ့အထိ အရမ်း အံ့ဩစရာကောင်းတာပဲ!

ကံကောင်းပါစေ လျန်မမလေးရေ ငါနင့်ကို ဒီအထိပဲ ကူညီပေးနိုင်တာပဲ!

.....

အဆောင်ဟာ နေ့ခင်းတွင် တစ်ဝက်လောက်လွတ်နေကြတယ်။

နောက်ဆုံးတော့ ထိပ်တန်းကျောင်းသားကျောင်းသူတွေပါ သူတို့ရဲ့စိတ်ကိုသူတို့မထိန်းနိုင်တော့ဘဲ အပြင်ကို ထွက်ကုန်ကြတယ်။

လုကျန်းက Hတက္ကသိုလ်နဲ့ မျက်နှာချင်းဆိုင်က ဟိုတယ်မှာနေခဲ့သည်။ သူ ပြတင်းပေါက်နားမှာ ခဏအကြာရပ်နေခဲ့ပြီး ချူယင်းနဲ့ သူမရဲ့အတန်းဖော်တို့အပြင်ထွက်လာပြီး မြို့လယ်ခေါင်သွားဖို့ ဘတ်စ်ကားပေါ်တက်သွားကြတာ မြင်လိုက်ရတယ်။

လုကျန်း သူ့အဝတ်အစားတွေလဲလိုက်ပြီးထွက်လာကာ လမ်းဘေးမှာ အဆင်သင့်ရပ်စောင့်နေတဲ့ ကားပေါ် တက်လိုက်တယ်။

“ဘယ်ကိုသွားမလို့ပါလဲ သခင်လေး”

လုကျန်း “ နံပါတ်13 ဘတ်စ်ကားနောက်လိုက်”

ချူယင်းနဲ့ တခြားတစ်ယောက်က(ဘတ်စ်ကားပေါ်မှ)  mall အဝင်ပေါက်ဆီကို  ဆင်းသွားတာ မြင်တော့ လုကျန်းလမ်းဘေးတစ်ဖက်ချရပ်စေလိုက်ပြီး လမ်းတစ်ဖက်ကနေ ထွက်လာလိုက်တယ်။

ပြန်လှမ်းကြည့်လိုက်တော့ သူ ရုတ်တရက်ကြီး လျန်ယွဲ့ချီရဲ့မျက်နှာကြီးကို မြင်လိုက်ရတယ်။

“လုကျန်းး” လျန်ယွဲ့ချီက အံ့အားသင့်လျက် “တိုက်ဆိုင်လိုက်တာနော်”

ဆောင်းတွင်းနေရောင်ခပ်နွေးနွေးအောက်တွင် ချစ်စရာကောင်းတဲ့ မိန်းမငယ်လေးနဲ့ မြင့်မြတ်တဲ့ သခင်ငယ်လေးတစ်ဦးဟာ မရင်းနှီးတဲ့ မြို့တစ်မြို့ရဲ့ လူရှုပ်ထွေးရာ လမ်းမကြီးထက်တွင် တွေ့ဆုံမိကြလေသည်။ ဒါက တကယ်ပဲ ကြည်နူးစရာကောင်းတယ်။

လုကျန်းရဲ့ မျက်နှာက အေးတိအေးစက်နဲ့ပင်:“အင်း”

သူက သာမန်ကာလျှံကာသာဖြေလိုက်ပြီးနောက်သူ့ခေါင်းကို ဟိုလှည့်ဒီလှည့်ကြည့်တော့  ချူယင်းရဲ့ နောက်ကျောလေးပျောက်ကွယ်သွားတာကိုသာ တွေ့ရှိလိုက်ရတယ်။

လုကျန်းဟာ နည်းနည်းစိတ်ဆိုးဒေါသထွက်မိသလို ခံစားလိုက်ရသည်။ သူ လှည့်ပတ်ပြီး မောလ်ထဲသို့ ခြေလှမ်းကျဲကျဲနဲ့ လျှောက်သွား‌လိုက်သည်။

သူ လျှောက်ပတ်ခဲ့ပေမဲ့ သူမကို ရှာလို့ မတွေ့သေးချေ။ သူ မျက်မှောင်ကြီးကုတ်လျက် အချိုပွဲဆိုင်တစ်ဆိုင်ရှေ့တွင်ရပ်နေမိတယ်။

ရုတ်တရက်ဆိုသလိုပဲ လျန်ယွဲ့ချီက ဆိုင်ထဲကနေ ထွက်လာကာ  အမှတ်တမဲ့ သူနဲ့ ထပ်ဆုံပြန်သည်။

ချစ်စရာ အမျိုးသမီးငယ်လေးဟာ သူမရဲ့လက်ထဲ စစတော်ဘယ်ရီမစ်ရှိတ်လေးတစ်ခွက်ကိုင်ထားလျက်နှင့်အတူ ပန်းရောင်နီယွန်မီးရောင်ရှေ့မှာ ရပ်နေကာ ဒီရိုမန်တစ်ဆန်ဆန်မြင်ကွင်းဟာ အလွန့်အလွန်ကို ချိုမြိန်လှစေ၏။

လျန်ယွဲ့ချီလည်း အရမ်းအံ့ဩသွားကာ “တိုက်ဆိုင်လိုက်တာ လုကျန်း ငါတို့ထပ်တွေ့ပြန်ပြီနော်”

ဒီလိုကံကြမ္မာမျိုးက ကောင်းကင်ကြီးက စီစဉ်ပေးထားသလားလို့တောင် ခံစားမိစေတယ်။

လုကျန်း: “…......”

သူ စက္ကန့်အနည်းငယ် တန့်သွားပြီး လှည့်ကာ ထွက်သွားလိုက်တယ်။

ပြီးတော့ အဲ့ နောက်။

လုကျန်း နှစ်ဆယ့်လေးနာရီ စတိုးဆိုင်ကို ဝင်လိုက်‌တဲ့အခါ လျန်ယွဲ့ချီက မျက်နှာချင်းဆိုင်စင်အနောက်ကနေ ထွက်ပေါ်လာလေသည်။

လုကျန်းဟာ အနောက်တိုင်းစားသောက်ဆိုင်တစ်ခု ရွေးထိုင်တော့ လျန်ယွဲ့ချီက ဘေးချင်းကပ်ရပ်က စားပွဲတွင်ထိုင်နေ၏။

လုကျန်း ချူယင်းကိုရှာဖို့ တခြားကျောင်းသား၊ကျောင်းသူတွေသွားရာလမ်းကြောင်းအတိုင်း  အဆင့်မြင့်ရုပ်ရှင်ရုံကိုလိုက်လာတော့လျန်ယွဲ့ချီက  ရုပ်ရှင်ရုံရဲ့ ဂိတ်တံခါးနားက ပြောင်းဖူး ပေါက်ပေါက်စက်ရှေ့တွင် ပေါ်လာလေသည်။

လုကျန်း: “….....”

လျန်ယွဲ့ချီ:“ဟီးဟီး ကံကောင်းနေလိုက်တာများ”

လုကျန်းသူမကို ကြည့်လိုက်ပြီး သူ့ရဲ့ဂရုမစိုက်တဲ့အမူအရာဟာ အနည်းငယ်ကွဲအက်သွားလေသည်။

အချိန်အတော်ကြာပြီးနောက် သူ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီးနောက်ဆုံးတွင်ပြောလိုက်မိ‌တယ်။

“....စောက်ကျိုးနည်း မင်းက သရဲလားဟ?”


Thanks for READING 🩵

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now