《47.2》

2.7K 490 26
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter– 47.2

ဘဝကြီးက အခြေ ငြိမ်ကျသွားသလိုပင်။

ချူယင်းက အတန်းတွေ တက်၊ စာတွေလုပ်၊ နေ့တိုင်း ကျူရှင်တွေ တက်နဲ့။ သူ ကျောင်းဆင်းလည်း သူ့ကိုယ်သူ တိုးတက်လာအောင် စာဆက်လုပ် ပြီး ဆက်လုပ်နေစမြဲ။ 

ဇာတ်ညွှန်းထဲ ခွေးကောင်မပါဘဲနဲ့ ဘဝကြီးက အရမ်း ရိုးရှင်းစပြုလာသည်။

တစ်နေ့ ချူယင်း ကျောင်းကနေ အိမ်ပြန်လာတော့ ခုနောက်ပိုင်း အလုပ်ရှုပ်နေကြတဲ့ သူမရဲ့ အဖေအမေနှင့်  ဆုံလေသည်။

ဒီအကြိမ်မှာတော့ သူတို့ဟာ  မြို့သစ် အိမ်ယာစီမံကိန်း ပရောဂျက်အကြောင်းကို ပြောဖို့ရာ သူတို့အခန်းထဲ ရောက်တဲ့အထိ မစောင့်နိုင်တော့ဘဲ ဧည့်ခန်းထဲမှာတင် စကားစမြည်စပြောနေကြသည်။

သူမ ဒီပရောဂျက်အကြောင်းကို ကြားခဲ့ဖူးတာ ကြာလှပြီ။  ကြည့်ရတာ  ချန်မိသားစုနဲ့ ချူမိသာစုကြားက လက်ထပ်ထိမ်းမြားမှုကကလည်း ဒီအဖြစ်အပျက်ကို မကယ်တင်နိုင်ခဲ့တဲ့ပုံပဲ။  အဖေချူရဲ့ အမူအရာက စိုးရိမ်တကြီးကို ဖြစ်နေပြီး  ဘေးနားက ထိုင်နေတဲ့ ချူချိုးချိုးရဲ့ အမူအရာက ပိုပြီးတောင် ဆိုးဝါးနေလေသည်။

ချူရှီဟာ ချူယင်း ဝင်လာတာကို မြင်တော့ သူမရဲ့ လက်ကောက်ဝတ်ကို အသာလေး လှမ်းဆွဲလိုက်ပြီး သူမကို အပေါ်ထပ် ဦးဆောင်ပြီး ဆွဲခေါ်သွား၏။

“ယင်းယင်း အခန်းကို အရင် ပြန်နှင့်နော် ကိုကို မင်းကို ခဏနေရင် ညစာစားဖို့ လာခေါ်မယ်”

ချူယင်း ခေါင်းညိတ်ပြလိုက်တယ် “အာ...ဟုတ်”

တံခါးမပိတ်ခင်  ချူချိုးချိုးအော်ဟစ်နေတာကို ဝိုးတိုးဝါးတား သူ ကြားလိုက်ရတယ်။

“ အဲ့လိုသာဆိုရင် သမီး လူတွေရဲ့ရှေ့ ခေါင်းတောင် ဖော်ရဲမှာ မဟုတ်တော့ဘူး!!!”

အဖေချူရဲ့ အသံက ပိုပြီးတောင် သောကဖြာနေတဲ့ပုံပေါ်နေသည်။
“ငါဘာထပ်လုပ်ပေးနိုင်မှာမို့လို့လဲ!!အခုဆို ချန်မိသားစုက  ငါတို့နဲ့  ပေါင်းစည်းရေးကို ရပ်ပစ်တော့မှာ ငါတို့ ချူမိသားစုတော့ လုံးဝသွားပြီပဲ”


ချူယင်း ရုတ်တရက် သဘောပေါက်သွားတယ်။

ဒီအနေအထားက——

အချိန်အကြောင်းတရားက   ရှေ့ရောက်လွန်းတယ်။

တစ်နှစ်ကျော်ကြာလောက်မှ ဖြစ်လာမဲ့ ဒေဝါလီခံရမှုကို ယခု မျက်မှောက်ကာလကို ရောက်ရှိလို့လာပြီပဲဖြစ်တယ်။

ဘယ်အရာကများ အချိန်အပိုင်းအခြားအကြောင်းတရားကို ပြောင်းလဲသွားစေရတာလဲ။ ဇာတ်လမ်းထဲမှာ သူ မသိလိုက်ရတဲ့ ကိစ္စတစ်ခုခုများ ဖြစ်သွားခဲ့တာလား။

အရင်တစ်ခေါက်က အဆန်းတကြယ်ပြောင်းလဲမှုများနဲ့ သက်ဆိုင်နေလိမ့်မလား။

ချူယင်းဟာ ချူမိသားစု ဒေဝါလီခံလိုက်ရပြီး ပျက်စီးသွားမှာကို မကြောက်ပေ။ သူမကို ချူမိသားစုက  ဆုချပေးခဲ့ဖူးတဲ့ ငွေသားနဲ့ ကျောင်းက ချီးမြှင့်ခဲ့တဲ့  အမျိုးမျိုးသော ဆုကြေးငွေတို့ကို အတော်လေး စုမိဆောင်းမိနေပြီဖြစ်တယ်။ အဲ့တာတွေက အခြေခံလူနေမှု ဘဝတစ်ခုအတွက်လောက်တော့ လုံလောက်ပါတယ်။

သူမအတွက် ဒီအိမ်ဆိုတာကလည်း  ဒီတိုင်း အဆောက်အအုံ တစ်ခု မျှသာဖြစ်တယ်။

သူမရဲ့အစ်ကိုသာ ဒီဟာကြောင့်  ထိခိုက်သွားစေနိုင်လိမ့်မယ်ဆိုရင်တော့ သူ့ကို ကာကွယ်ဖို့ သူမရဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုလိုက်လို့ရတယ်။  သူမရဲ့ မိဘနဲ့ ညီမအတု လေးအတွက်ကတော့ သူမ သူတို့နဲ့ပတ်သက်ပြီး ဂရုကို မစိုက်ပါ။  

ပြီးတော့ သူမ တစ်ခြားအကြောင်းအရာတစ်ခုကို တွေးမိနေတယ်။

ကြည့်ရတာ ချူမိသားစု ဒေဝါလီခံလိုက်ရတာက လုကျန်းနဲ့  ဘာမှမသက်ဆိုင်တဲ့ပုံပဲ။

ဒါဆို.... သူမရဲ့အရင်ဘဝတုန်းက ဒေဝါလီခံလိုက်ရမှုပြီးနောက်က ဖြစ်လာမဲ့  အဲ့ဒီဇာတ်လမ်းဇာတ်ကွက်တွေက ထပ်ဖြစ်လာနိုင်ဦးမှာလား။

ချူယင်း  တိတ်ဆိတ်ငြိမ်သက်စွာ ခဏလောက် တွေးတောနေမိတယ်။  ဒီအိမ်က ထွက်ခွာဖြစ်ဖို့ အချိန် ဖြစ်လာကောင်းဖြစ်လာနိုင်၏။

သူတို့ရဲ့ အလောင်းအစားလုပ်ခဲ့တဲ့ လတစ်လတောင် ကုန်ဆုံးလုနီးပါးဖြစ်သည်။

အဲ့အချိန်တွင်း ချန်ကျင့်ကန်းတစ်ယောက် နေ့တိုင်းလိုလို  ဟွေးဝမ်ရဲ့ သံတံခါးရှေ့ လာပြီး သန့်ရှင်းရေးလာလုပ်တယ်။ နေ့တိုင်း သုတ်လွန်းလို့ သံတံခါးဖရိန်အရောင်တောင် လွင့်ချင်ချင်။

အဲ့တာကပဲ ဟွေးဝမ်မှာ အချိန်တော်တော်ကြာတဲ့အထိ ပြောစမှတ်တွင်ခဲ့၏။

ဘယ်လိုတောင်မှ ပြောကြသလဲဆိုတော့ “ မင်းစကားတစ်လုံးအတွက် ဘယ်လောက်တောင်မှ သစ္စာရှိနေနိုင်ရတာလဲ” ဟူ၍ပင်။

ချန်ကျင့်ကန်းဟာ ရှက်လွန်းလို့ သေချင်စိတ်တွေပါပေါက်မိသည်အထိ ဒေါသတွေ ဖြစ်လာခဲ့သည်။

—သူလည်း အဲ့တာကို လုံးဝ သုတ်ချင်မနေပါဘူးနော်!! ဒါပေမဲ့လို့ နေ့တိုင်းပဲ  ကျောင်းဆင်းတာနဲ့ သူ့လက်က ခြင်းနဲ့ အဝတ်စုတ်ကို မသိလိုက်မသိဘာသာ ကိုင်ပြီး သူ့ခြေထောက်ကြီးက ဒီအထိပေါက်ချလာတယ် သူ့ ခြေတွေက သူ့စကားကိုတောင်  နားမထောင်ကြဘဲနဲ့ကိုလေ!!

သူ အဲ့တံခါးကို သုတ်လိုက်တာကလွဲပြီး သူ လုပ်နိုင်တာ ဘာများ ရှိမှာလဲ?! တစ်လလောက် သုတ်ပြီးတဲ့နောက်မှာ အဲ့မှာ ဖုန်ဆိုတာ တစ်စက်ကလေးမှကို ရှိမနေဘဲ အသစ်ကျပ်ချွတ်အတိုင်းကို သန့်ရှင်းတောက်ပြောင်နေတော့တယ်!!

ချန်ကျင့်ကန်းရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ဘယ်သူကမှ မသိပေ။

ကျောင်းနှစ်ကျောင်းစလုံးက လူတွေ ထင်တာကပေါ့နော်။ ချန်ကျင့်ကန်းက ချူယင်းကို အဆင့်အရ ရှုံးနိမ့်သွားတယ်ဆိုပေမဲ့လည်း သူ့ရဲ့ ကိုယ်ကျင့်တရားက ကောင်းမွန်သေးကြောင်း သူ့ကိုယ်သူသက်သေပြနေတယ်လို့ပဲ မှတ်ထင်ထားနေကြသတဲ့!!

ချူယင်း ကျောင်းပေါက်ကနေ ထွက်လာတဲ့အချိန် သူကနေ အဝတ်စုတ်ကို ပြန်သိမ်းနေတဲ့အချိန်နဲ့ ကွက်တိ မြင်လိုက်ရတယ်။ ချန်ကျင့်ကန်းက သူမကို မြင်လိုက်ရတဲ့အခါ သူ ပိုပြီးတောင် ရှက်သွားလေသည်။

“ငါဒါကို သုတ်နေတာ အခုဆို တစ်လရှိနေပြီ!” သူက အော်ဟစ်လာတယ်။

ချူယင်း: “  နင် နောက်လပါ ထပ်လာပြီး သုတ်ချင်လို့ ‌ဆိုချင်တာလား”

ချန်ကျင့်ကန်းတစ်ယောက် ပါးစပ်ပေါက်ကလေး ပိတ်သွားလေသည်။

အနှီ ထိပ်တန်းကျောင်းသားနှစ်ယောက်ရဲ့ အလောင်းအစားသဘောတူညီမှုကို လူတိုင်း သိကြတယ်။ အခု အဲ့ဒီ နှစ်ယောက်ကို မြင်ကွင်းတစ်ခုတည်းမှာ တူတူ တွဲမြင်လိုက်ရတာမလို့ လူတော်တော်များများဟာ သူတို့ကို လှမ်းကြည့်နေကြတယ်။

ချန်ကျင့်ကန်းက ပြန်ပြောလာသည်

“ငါ သင်္ချာမေးခွန်းမှာ အမှားလေးတစ်ခုတည်းပဲ လုပ်မိသွားတာ ငါမင်းကို ပြိုင်ဘက်တစ်ယောက်အနေနဲ့ အသိအမှတ်ပြုပါတယ်”

ချူယင်းကတော့ အာရုံတောင်မစိုက် “ဘယ်လိုနေနေလေ ”

ကဲ   ဘာ‌ဆက်ပြောချင်သေးလဲ?


ရုတ်တရက် အမှတ်၁ ကျောင်းဘက်ကနေ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်လာတယ်။ တစ်ယောက်က‌နေ အော်လာတယ်။

“နတ်ဘုရားကန်း ခွင့်ပြုပါဦး”။

အဲ့နောက် လူအုပ်ထဲကနေ ကောင်လေးတစ်ယောက် ထွက်ပေါ်လာသည်။

“အတန်းဖော်ချူယင်း ဝေ့ဟယ်မင်က မင်းကို ပြောစရာရှိလို့တဲ့”

“အရေးကြီးတဲ့ဟာ!”

ဝေ့ဟယ်မင်ဆိုတာက  အမှတ်၁ အထက်တန်းကျောင်းက အကြီးတန်းတစ်ယောက်ဖြစ်ပြီး အရပ်ရှည်ရှည် ၊ပိန်ပိန်ပါးပါး အသားဖြူဖြူ နှင့်  နှာတံစင်းစင်းလေးထက် မျက်မှန်လေးတစ်စုံ တပ်ဆင်ထားပြီး အရမ်း အရမ်းကို တည်ငြိမ်ရင့်ကျက်ပြီး နူးညံ့ပုံပေါက်တယ်။

“ ဂျူနီယာညီမလေး ချူယင်း ကိုယ်...”

သူဟာ သူမကို ခပ်လှမ်းလှမ်းကနေ အမြဲ ကြည့်နေခဲ့ရသူတစ်ယောက်ဖြစ်တယ်။ ဒါက သူ ချူယင်းရဲ့ ရှေ့မှာ ရပ်ပြီး စကားပြောတာ ပထမဆုံးအကြိမ်ပင်။ သူမရဲ့ မျက်ဝန်းနက်နက်တို့ကို စိုက်ကြည့်နေမိရင်း သူ့ရဲ့ နှလုံးခုန်သံတွေက တအားမြန်ဆန်လာတယ်လို့ ခံစားနေမိသည်။

“ကိုယ်က အမှတ်၁ ကျောင်းက အထက်တန်း တတိယနှစ်  ဝေ့ဟယ်မင် ပါ အခုဆို Q တက္ကသိုလ်မှာ ဝင်ခွင့်ရပြီးပါပြီ ကိုယ် မင်းကို ပြောချင်တာက ကိုယ်မင်းကို အများကြီး သဘောကျနေမိတယ် ဆိုတာပါပဲ မင်း အင်္ဂလိပ်စာစကားပြောစွမ်းရည် ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့  ကျောင်းကို လာကတည်းက ကိုယ်မင်းကို အာရုံစိုက်မိနေခဲ့တာပါ...”

လူအုပ်ကြီးကတော့ ကျောင်းဂိတ်နားမှာ အုတ်အုတ်ကျက်ကျက်နဲ့ပေါ့။

ထူးချွန်ထက်မြက်ပြီး လှပလွန်းတဲ့ ယင်းကျဲက အမှတ်၁ကျောင်းက ယဉ်ကျေးသိမ်မွေ့တဲ့ လူချောလေးဆီကနေ ချစ်ရေးဆိုတာ ခံနေရတယ်။ 

လူတိုင်းက သူတို့ ရည်းစားစကားပြောခံနေရသလို အပျော်လုံးစို့ကာ  အော်ဟစ်နေကြလေသည်။

စုန့်ကျောက်လင်ကတော့ လူအုပ်ကြီး အလယ်ကို မြင်ရ‌ဖို့ ခြေဖျားထောက်ထောက်ပြီး လှမ်းလှမ်း ကြည့်ရတာအမော။

“အာာ ငါ မမြင်ရ‌ဘူး!! မင်းတို့ ဘာအကြောင်းပြေ‌ာနေကြတာတုန်းး!! အဲ့ကောင်က ချောတယ် ဟုတ်လား ယင်းကျဲကရော လက်ခံလိုက်လား?!!”

သူ အရမ်းတွေ ဂနာမငြိမ်တွေဖြစ်ပြီး မနေနိုင်မထိုင်နိုင် ဟိုလှည့် ဒီလှည့် ဟိုခုန် ဒီခုန် နဲ့ ပြောလေသည်။

“မမြင်ရသေးဘူးဟ! ငါ စိုးရိမ်လွန်းလို့ သေတော့မယ်ဟဲ့”

လုကျန်းက မီတာ အနည်းငယ် ခပ်ခွာခွာကနေ ရပ်နေပြီး သူ့ရဲ့ နှုတ်ခမ်းတွေကို  တင်းတင်းစေ့ထားလေသည်။

အားနဲ့မာန်နဲ့ကြောင့် နှုတ်ခမ်းထောင့်တွေတောင် အနည်းငယ် ဖြူဖျော့နေသည်။

သူ အဲ့ထဲ တစ်ဟုန်ထိုးဝင်ကာ အဲ့ကောင်ကို ပိတ်ကန်ပစ်ပြီး မတိုက်ခိုက်မိအောင်  သူ့ကိုယ်သူ ချုပ်တည်းရလွန်းလို့  ခြေကုန်လက်ပန်းတောင် ကျလာပြီ။

သူ သူ့ကို ပြင်းပြင်းထန်ထန်ကို ရိုက်နှက်တောင် ပစ်လိုက်ချင်မိတယ်။

သူဟာ ချူယင်း စာကိုပဲ အာရုံစိုက်ပြီး  ဘယ်သူ့ကိုမှ ချစ်မိသွားစေဖို့ရာ  ရည်ရွယ်ချက်မျိုး တစိုးတစိမျှမရှိစေဖို့ တကိုယ်ကောင်းဆန်စွာ မျှော်လင့်နေခဲ့မိတယ်။

ဒါဆို သူ့ကိုယ်သူ နှစ်အနည်းငယ်အကြာ လိမ်ထားလို့ရတယ်။ သူမသာ တစ်ယောက်တည်းဖြစ်နေ‌သရွေ့ သူ အရာအားလုံးကို ကိုင်တွယ် ဖြေရှင်းလို့ရတယ်။

ဒါပေမဲ့ သူမက အရမ်းကို ကောင်းတာလေ ဘယ်ယောက်ျားကမှ သူမကို မကြိုက်ဘဲ နေလိမ့်မှာမဟုတ်။

အရင်က သူ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခဲ့ဖူးတဲ့ အမျိုးသမီးလေးက သူ မပိုင်ဆိုင်တော့သလို သူမ မှာ ရွေးချယ်စရာတွေကပါ ရှိနေတယ်။

သူမကလည်း...တခြားလူနဲ့ ချစ်ကြိုက်သွားနိုင်တာပဲ။

လုကျန်း သူ့ဘောင်းဘီအိတ်ထောင်ထဲက မီးခြစ်ကို လှမ်းခြစ်လိုက်တယ်။ မီးဟပ်သွားလို့ အနည်းငယ် တုန်ခါသွားတယ်။

ဓားတစ်ချောင်းက သူ့ရင်ကို ထိုးမွှေနေသလိုပါပဲ ။ ချူယင်းကတော့ အဲ့ဓားရဲ့ လက်ကိုင်ကို ကိုင်ထားတဲ့သူပေါ့။

အဲ့တာက ဘယ်လောက်ကြာနေမှန်း သူမသိဘူး ဒါပေမဲ့  ဘေးပတ်ဝန်းကျင်က တဖန်ထပ်ပြီးဆူညံလာတယ်။

စုန့်ကျောက်လင်ရဲ့ အံ့ဩတကြီး အော်ဟစ်လိုက်တဲ့ အသံဟာ  လူအုပ်ကြားထဲကနေ ထွက်လာတယ်။

“ငါလူးတဲ့မှ အဲ့လူက ဘာပြောသွားတာတုန်း!! ယင်းကျဲကရော သူနဲ့ တကယ်ကြီး အတူတူ ထွက်သွားတယ်ပေါ့လေ?!!”

—သူမ သူနဲ့အတူ ထွက်ခွာသွားတယ် တဲ့


အဲ့သတင်းက ချွန်ထက်နေတဲ့ ဓားသွားတစ်ချောင်း သူ့အသွေးအသားကို ခုတ်ထစ်ပိုင်းဖြစ်ပြီး ဟက်တက် ထိုးခွဲနေသလို။

လုကျန်း သူ့မျက်လုံးတွေကို ပင်ပန်းနွမ်းလျစွာဖြင့် မှိတ်ချလိုက်သည်။

သွားကြစို့။



ချူယင်းနဲ့ အမှတ်၁ ကျောင်းက ကျောင်းသားလေးကြားက အရှုပ်တော်ပုံအကြောင်းဟာ တစ်ကျောင်းလုံးကို အလျင်အမြန် ပျံ့နှံ့သွားလေသည်။

တက္ကသိုလ်ပထမနှစ်တက်ဖို့  Qတက္ကသိုလ်ကနေ   ကမ်းလှမ်းခံရတဲ့ ကျောင်းသားတစ်ယောက်ဖြစ်တဲ့   ဝေ့ဟယ်မင်ဟာ ခပ်လျှိုလျှို၊ တည်ငြိမ်အေးအေးဆေးဆေး နေတတ်ပြီး ချောမောကာ ချို့ယွင်းချက်၊ အားနည်းချက် ဆိုတာမျိုးက မရှိသလောက် ရှားတဲ့ပုံပေါက်သည်။

ဟွေးဝမ်က ကျောင်းသားတွေကတော့ ဒီဆက်ဆံရေးကို လက်သင့်မခံနိုင်သော်လည်း သူတို့မှာ ဘာအထွန့်မှ တက်ပိုင်ခွင့်မရှိတာမလို့  မျက်ရည်ပင်လယ်ဝေ နေကြသည်။

ချူယင်းဟာ ကောလဟာလတွေ ကြားပြီးနောက် ကြောင်တောင်သွားမိသည်။—အဲ့ဒီအချိန်တုန်းက ဝေ့ဟယ်မင် က သူ့မှာ အထွေထွေ ဘက်စုံဗဟုသုတဆိုင်ရာ သင်္ချာထူးချွန် ဉာဏ်စမ်း အစုံအလင် ရှိပြီး သူမကို ပေးနိုင်ပါတယ်လို့ ပြောလာလို့ သူ့အနောက်ကို လိုက်သွားမိတာပါ။

ဘယ်လိုလုပ်ပြီး သူတို့တွေ လက်ထပ်ဖြစ်သွားအထိပါ  ဒီလောက်ကြီး ကောလဟလတွေ ဖြစ်သွားရတာတုန်း??

စိတ်ကူးစိတ်သန်းတွေက တကယ်ကြီးကို လွင့်နေတော့တာပဲ။

ဘယ်လိုပဲ သူက ဝေ့ဟယ်မင်နဲ့ အဲ့တာနဲ့ပတ်သက်ပြီး သေချာရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ခဲ့ပြီးပြီဖြစ်သည်။  သူမက  တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အောင်မြင်ဖို့အတွက် စာကိုပဲ ကြိုးကြိုးစားစား လုပ်ချင်ကြောင်းရယ် သူမအနေနဲ့ ယခုလက်ရှိမှာ ရည်းစားထားဖို့ အစီအစဉ်မရှိကြောင်းကိုရောပါ ထည့်ပြောခဲ့သည်။ ဝေ့ဟယ်မင်ကလည်း ဒါကို လက်ခံပြီး အလေးထားပေးကာ သူမကို အတင်းအကျပ် မပြောတော့ဘဲ သူ သူမကို ဘယ်လောက်ကြာကြာ စောင့်နေနိုင်ပါတယ်ဆိုတဲ့ အကြောင်းသာ ပြောလာခဲ့သည်။

ဒီလိုအရာမျိုးက တအားကိုယ်ရေးကိုယ်တာ ကိစ္စကျသွားပြီမလား။ ဒါကြောင့် သူမအနေနဲ့  တခြားသူတွေကို ရှင်းပြနေလို့ မဖြစ်တာမလို့ ဘာမှ ဖြစ်ခဲ့သလိုပဲ ဟန်ဆောင်နေလိုက်တယ်။


ရက်အနည်းငယ်ကြာတဲ့အထိ  သူမကို အဲ့ကိစ္စနဲ့ပတ်သက်ပြီး  ဘယ်သူကမှလည်း စမေးမလာခဲ့ပေ။ ဒါပေမဲ့ သူတို့ အိမ်က သမီးကို  လက်ထပ်ပေးရတော့မဲ့ မိဘတစ်ယောက်ရဲ့ အရိပ်တကြည့်ကြည့် ကြည့်နေတဲ့ မျက်လုံးတွေ နဲ့ ခဏခဏ ဆုံလေသည်။ 

အရမ်းရှက်စရာကောင်းနေပြီ။

နေ့လည်ပိုင်း စာကြည့်ချိန်တွင် ချူယင်းက ဆရာမကို မေးခွန်းမေးဖို့ နားနေခန်းဆီသွားတော့ ဆရာမတော်တော်များများက ဝေ့ဟယ်မင်နဲ့ အကြောင်းကို လာလာမေးကြလေသည်။

“မဟုတ်ပါဘူး ဆရာမရယ် သမီးတို့က အဲ့လိုမဟုတ်ပါဘူး အဲ့ဒီကောလဟာလသတင်းအမှားတွေကို နားယောင်မနေပါနဲ့”

ဆရာမတွေက ဝမ်းသာရွှင်ပျစွာ ပြောလာသည်။
“တို့တွေက ခေတ်နောက်ပြန်ဆွဲတဲ့ အန်းဒိတ်ကြီးတွေ မဟုတ်ပါဘူးအဲ့‌ကလေးကလည်း တကယ် ထူးချွန်တာ! သမီး အဲ့ကိစ္စကို တက္ကသိုလ်ရောက်တဲ့အခါကျ  အာရုံစိုက်လို့ရပါတယ်ကွာ”

ချူယင်း ပျင်းတိပျင်းတွဲ ပခုံးတို့နဲ့ အခန်းထဲကထွက်လာပြီး သက်ပြင်းချလိုက်မိတယ်။

ဝေ့ဟယ်မင်က အတော်လေး တော်ရှာပါတယ် ဒါပေမဲ့ အဲ့ဒီလို တအားထူးချွန်ထက်မြက်လွန်းတဲ့ ကောင်လေးတစ်ယောက်ကို သူမ တကယ်ကြီး စိတ်မဝင်စားတာပင်။

ချူယင်း ကော်ရစ်ဒါမှာ ခေါင်းငုံ့ပြီး ခဏလောက် လမ်းလျှောက်နေရင်း မော့ကြည့်လိုက်တော့ မျက်နှာချင်းဆိုင်ရာဘက်မှာ ရပ်နေတဲ့ လုကျန်းကို ရုတ်တရက်မြင်လိုက်ရသည်။

ဒီတစ်ခေါက်  ဘာကြောင့်မှန်းတော့မသိပေမဲ့ သူ့မျက်ဝန်းတွေက တအားမှောင်မိုက်နေတဲ့ပုံပင်။

ဒီအကြိမ်မှာတော့ သူ သူမကို တွေ့တဲ့အချိန်မှာ အကြည့်တွေကို တဖြည်းဖြည်း ဖယ်မခွာသေးခင် သူ့ရဲ့မျက်လုံးတို့ဟာ စက္ကန့်အနည်းငယ်ကြာတဲ့အထိ သူမကို စိုက်ကြည့်နေခဲ့တယ်။

ချူယင်း ခဏလောက် တန့်သွားပေမဲ့ နှုတ်ဆက်စကား ဆိုဖို့ ရည်ရွယ်ချက်တော့ရှိမနေခဲ့ပါ။

တွေးကြည့်တော့ လုကျန်းက  အဓိပ္ပာယ်မရှိတဲ့ အနှီ ကောလဟလ မကောင်းသတင်းအပေါ်ကို  ဘာတုံ့ပြန်မှုမှ မရှိခဲ့ဘူး။ သူ မုအွန်လုပ်သွားနိုင်တဲ့ပုံပေါက်တယ်။

ချူယင်း  လှည့်ထွက်ကာ လှေကား  အပေါ်ထပ်ကို တက်သွားလိုက်၏။

မမျှော်လင့်ထားစွာနဲ့ ပထမခြေလှမ်း လှမ်းအပြီးနောက် “ဘန်း” ခနဲ အသံတစ်သံထွက်လာတယ်။

ကျောင်းရဲ့လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားတဲ့ပုံပဲ။

လှေကားခွင်မှာ ပြတင်းပေါက်လိုမျိုးမရှိဘဲ အလုံပိတ်ကြီးမလို့ အရာအားလုံးဟာ ရုတ်တရက်ဆိုသလို မှောင်ကျသွားလေသည်။

ချူယင်း လှေကားပေါ်မှာ ထိုင်ချလိုက်ပြီး သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်ချည်း တောင့်တင်းလာကာ လက်ထဲက ကိုင်ထားတဲ့ မှတ်စုစာအုပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်နေမိတယ်။

သူမဟာ အမှောင်ကိုကြောက်တယ်။  ငယ်ငယ်လေးကတည်းကကို အမှောင်ကြောက်ခဲ့တာ။

ဒီလို အသေးအမွှားပြဿနာလောက်ကလေးကို ဘယ်သူကမှ အာရုံမစိုက်ကြ‌တာမလို့ သူမလည်း အဲ့တာကို တခြား ဘယ်သူ့ဆီကိုမှ ထုတ်မပြောပြခဲ့ဘူး။  ယ သူမ သေလောက်တဲ့အထိ အမှောင်ကို ကြောက်တယ်ဆိုတဲ့ အကြောင်းကို ဒီကမ္ဘာပေါ်ရှိ  မည်သူကမျှ သိနေလိမ့်မည်မဟုတ်ပေ။


သူမ ဟိုယိုင် ဒီယိုင် အနေအထားနဲ့ ရပ်နေမိတယ်။ မူးနောက်ပြီးချာချာလည်နေတဲ့ စိတ်ခံစားချက်က သူမဆီကို  ပြင်းပြင်းထန်ထန် ရောက်ရှိလာ၏။ချူယင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေပြီး ဖြည်းဖြည်းချင်း လဲကျသွားလေသည်။

စိုးရိမ်တကြီး ရောက်လာတဲ့ ခြေသံတွေကို အမှောင်ထုထဲမှာ အတိုင်းသားကြားနေရတယ်။

အဲ့နောက် နံရံကို ထောက်ကန်ထားရင်း ပြုတ်ကျသွားတဲ့ အသံတစ်သံထွက်ပေါ်လာ၏။

ချူယင်းဟာ တခြားဘယ်အရာကိုမှ တွေးတောဖို့ အချိန်မရှိ‌ရှာပေ။ သူမဟာ မွန်းကြပ်မူးဝေလွန်းလို့  နောက်ပြန် လှန်သာကျသွား‌လေသည်။


— သို့ရာတွင်မူ သူမ လဲမကျသွားဘူး။

အဲ့ဒီအစား သူမ လူတစ်ယောက်ရဲ့ ရင်ခွင်ထဲကို အရှိန်ပြင်းပြင်း ပစ်ကျသွားတော့တယ်။

အမှောင်ထဲမှာ အနှီလူရဲ့ ခန္ဓာကိုယ်အပူချိန်က ပွက်ပွက်ဆူနေပြီဖြစ်တယ်။ သူ့လက်ဖဝါးက သူမရဲ့ နားညှပ်ရိုးလေးကို သပ်ပေးနေကျအတိုင်း သပ်လိုက်ရင်း ဖြစ်ညှစ်ကာ သူ့ရဲ့ တခြားလက်တစ်ဖက်က သူမရဲ့ ခေါင်းလေးကို ညင်ညင်သာသာလေး ပွတ်သပ်ပေးနေသည်။

“မကြောက်နဲ့တော့နော်” လုကျန်းရဲ့ အသံက လည်ချောင်းသံဖြစ်ကာ အက်တက်တက်။

ချူယင်းရဲ့နားအတွင်း ဆိုးဆိုးဝါးဝါး မြည်ဟီးနေတာမို့ အဲ့အချိန်မှာ သူ့အနေနဲ့ ဘာအသံမှကို လုံးဝမကြားနိုင်တော့ပေ။  သူမရဲ့ခေါင်းဟာ တဆတ်ဆတ်တုန်ယင်နေကာ အနှီလူရဲ့ အင်္ကျီအစွန်းဖျားတွေကို အလိုလိုကိုပင် ကြောက်လန့်တကြီး ဆုပ်ကိုင်ထားလေသည်။

“....ထွက်လည်းမသွားပါနဲ့” လုကျန်းရဲ့ ဝင်သက်ထွက်သက်တို့ဟာ ပူနွေးလာတယ်။

မင်းက အမှောင်ကို ကြောက်တယ်။ အကောင်ပလောင် အင်းဆက်ပိုးမွှားတွေဆိုရင်လည်း ကြောက်တယ်။ ရာသီလာချိန်မှာ အအေးစာတွေစားမိပြီဆိုရင် ဗိုက်အောင့်တတ်တယ်။  အစားကို မြန်မြန်စားရင်  အစာအိမ်နာတတ်တယ်။ အချိုကိုကြိုက်တယ် ချဉ်တာဆို မုန်းတယ်။ အလှပန်းအိုးသေးသေးလေးတွေကို သဘောကျတယ်။

“သူ မသိဘူး... ဒါပေမဲ့ ကိုယ်ကတော့ အကုန်သိတယ်”

သူ့ရဲ့တိုးတိုးအက်အက် အသံဟာ  တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်၏။

Thanks for READING 🩵

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Where stories live. Discover now