【𝖴𝖭𝖨𝖢𝖮𝖣𝖤】
Chapter 68 – ပျော်စရာကောင်းတဲ့ အရွယ်ရောက်မှု
ထိုနေ့ညက ချူယင်း ဘယ်ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှ ပေါ်မလာခဲ့ပေ။ သို့သော် သူမရဲ့နာမည်က နိုင်ငံထဲက နေရာအနှံ့မှာ ဟိုးလေးတကျော်ဖြစ်သွားသည်။
သူမရဲ့ မိုဘိုင်းဖုန်းကို တစ်ညလုံး ပိတ်ထားခဲ့ပြီး နောက်တစ်နေ့ ဖွင့်ကြည့်လိုက်တော့ missed call ပေါင်းများစွာနဲ့ မဖတ်ရသေးသော မက်ဆေ့ခ်ျတွေ အများကြီး စုပြုံတက်လာ၏။
ဆရာဆရာမတွေဆီကရော အတန်းဖော် သူငယ်ချင်းတွေဆီက ပေးပို့ထားတဲ့ စာတွေအပြင်ကို B မြို့က ဖုန်းခေါ်ဆိုမှုများစွာပါ ရှိနေသည်။
မရင်းနှီးတဲ့ ဖုန်းနံပါတ်စိမ်း နှစ်ခု သုံးခုလောက်က သူမကို ပြိုင်လုနေတဲ့အတိုင်း မရပ်မနား ခေါ်ဆိုထားလေသည်။
ယဉ်ကျေးမှုရှိစွာဖြင့် သူမ အဲ့ဒီ ဖုန်းနံပါတ်တွေကို ပြန်ခေါ်လိုက်တယ်။ တစ်ယောက်က နာမည်ကြီး တက္ကသိုလ်တစ်ခု၏ ဝင်ခွင့်စီစစ်ရေးရုံးက ဆရာတစ်ယောက်ဖြစ်ပြီး ဖုန်းခေါ်ဆိုလာတဲ့ ဆရာက အတော်လေး သဘောကောင်းပြီး စိတ်အားထက်သန်မှုရှိလှသည်။ သူဟာ သူတို့ကျောင်းက မေဂျာအမျိုးမျိုးအကြောင်း အသေးစိတ်မိတ်ဆက်ပေးလာသည်။ သူ့တွင် သူမကိုလည်း ကျောင်းကိုကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာကြည့်စေချင်တဲ့ ဆန္ဒရှိနေလေသည်။
ဖုန်းအနည်းငယ်လက်ခံဖြေကြားပြီးနောက် ချူယင်းရဲ့ အသံတွေပါ ခြောက်ကပ်လာသည်။
အဲ့နောက် သူမဟာ လူတိုင်းရဲ့ မက်ဆေ့ခ်ျကို ဖတ်ဖို့အချိန်ရလာသည်။
ဟန်ချူယဉ်: [အားးး ပြည်နယ်မှာ နံပါတ် ၁ ကျောင်းသူပဲ!!]
[ငါ့ရဲ့ နတ်ဘုရားမလေးက မျှော်လင့်ထားတဲ့အတိုင်းပါပဲ *ငိုနေ* ငါအရမ်းဂုဏ်ယူမိတယ်!]
[ငါလည်း စာမေးပွဲမှာ ၆၇၃မှတ်ရတယ် ငါတို့တွေ တက္ကသိုလ် အတူတူ တက်လို့ရပြီ!]
ကျန်ယန်: [ ငါနင့်သတင်းကြားတုန်းက ငိုမိတယ်ဟယ် ယင်ယင် ဂုဏ်ယူပါတယ်နော်!]
[ငါ စာမေးပွဲမှာ ၆၅၁မှတ်ရတယ် ငါတို့တွေ တစ်မြို့တည်း တူတူစာလုပ်လို့ရပြီ ရေးးး!]
ချူယင်း ပြုံးလိုက်မိကာ တစ်ယောက်ချင်းစီ စာပြန်လိုက်ပြီးနောက် စုန့်ကျောက်လင်ရဲ့ မက်ဆေ့ခ်ျဆီသို့ ဆွဲချလိုက်တယ်။
သူက သူမကို စာအရှည်ကြီး ပေးပို့ထားတာပင်။
[လူပေါင်းများစွာရဲ့ ချီးမွမ်းသံတွေ ကျယ်လောင်လွန်းတာကြောင့် ကျွန်တော်ပို့သလိုက်တဲ့ ကောင်းချီးပေးတဲ့အသံတွေကို ကျဲ မကြားမိမှာတောင် ကြောက်ရတယ် ကျဲဆီမှာ သူများတွေဆီက ကောင်းချီးပေးမှုတွေ များလွန်းနေတာနဲ့ ကျွန်တော့် ကောင်းချီးကို ကျဲ လက်မခံတော့မှာ စိုးမိတယ် ဒါ့ကြောင့် စကားလုံးပေါင်းထောင်ချီပါတဲ့ ဆုတောင်းပေးစာကို ကျဲဆီ ပို့ပေးပြီးတော့ ကျွန်တော့်တည်ရှိမှုလေးကို ကျဲ သိအောင် လုပ်ဖို့ ရွေးချယ်လိုက်ပါတယ် ]
[ပါးပါး မင်းချမ်းသာရင် မင်းရဲ့သားလေးကို မေ့မသွားပါနဲ့နော်!]
*အသည်းပုံအီမိုဂျီ* *နှင်းဆီပန်းအီမိုဂျီ* *အသည်းပုံအီမိုဂျီ*
ချူယင်း တခစ်ခစ်ရယ်ကာ သူ့ကို စာတစ်စောင်ပို့လိုက်၏။ [စာမေးပွဲမှာ ကောင်းကောင်းဖြေခဲ့သလား]
စုန့်ကျောက်လင်က ချက်ချင်းကို စာပြန်လာသည်။
[ဘုရားသခင် အိုးး ဘုရားရေ ဒါ ဘယ်သူ့မက်ဆေ့ခ်ျပါလိမ့်?!]
[ဒီမက်ဆေ့ခ်ျကို ပြည်နယ်မှာ နံပါတ်တစ်ရတဲ့ ကျောင်းသူကနေ ပို့လိုက်တာမလား?!?!?
[ငါဒီလိုမက်ဆေ့ခ်ျမျိူ တကယ်ကြီး ရနိုင်တာတဲ့လား! မဖြစ်တော့ဘူး ငါ့ကိုယ်ငါ နှိမ့်ချထားချင်ရင်တောင် မဖြစ်နိုင်တော့ဘူး!]
ချူယင်း: [ငါ့ကိုပြောစမ်းပါ]
စုန့်ကျောက်လင်: [ကျွန်တော့်အမှတ်က အမှတ်ပေါင်း၅၀၁မှတ်]
ချူယင်း အချိန်တော်တော်ကြာပြုံးနေမိတယ်။ သူမရဲ့စိတ်ကလေး အရမ်းပျော်သွားလေသည်။
အမှတ်ပေါင်း ၅၀၀အထက်ရတယ်ဆိုတာက စုန့်ကျောက်လင် စာမေးပွဲမှာ ကောင်းကောင်းကို ဖြေဆိုနိုင်ခဲ့တယ်ဆိုတာ ပြနေတာပဲ။ ပထမအစမ်းစာမေးပွဲတုန်းကဆို စုန့်ကျောက်လင်ဟာ အမှတ်၄၄၀သာရတယ်ဆိုတာ သူမ မှတ်မိသည်။ အဲ့ဒီအပြင် ဒီတစ်ခေါက် စာမေးပွဲအစစ်ကြီးရဲ့ မေးခွန်းနက်နဲမှုက အတော်လေးမြင့်တယ်။
သေချာပေါက် ဘုရားသခင်က ဒီရူးမိုက်လွန်းတဲ့သားလေးကို ချစ်နေသေးတာဖြစ်တာမလို့ စိတ်သက်သာရာရသွား၏။
ချူယင်းဟာ ခေါင်းလေးပုတ်ပေးတဲ့ အီမိုဂျီလေး ပို့ကာ: [တော်တယ်]
မိနစ်ပိုင်းအနည်းငယ်ကြာသော် ဟွေးဝမ်ဖိုရမ်တွင် ပို့စ်အသစ်တစ်ခု တက်လာသည်။
【ငါတော့ ပြည်နယ်တစ်ခုလုံးမှာ ပထမနေရာရတဲ့ ကျောင်းသားဆီကနေ ချီးကျူးခံလိုက်ရတယ်! တခြား ဘယ်သူတွေများ ရှိလဲ ငါ့လိုတခြားဘယ်သူရှိလဲ?!】
ဝီချက်၏ စကားပြောခန်းစခရင်ရှော့ ပုံတွေ ဖိုရမ်တွင် တင်ထားသော်လည်း ပရိုဖိုင်ကိုတော့ ဝါးထား၏။
အခုထိ သတင်းတက်မလာသေးပေမဲ့လည်း ပထမနေရာရတဲ့ ကျောင်းသားက ဘယ်သူဘယ်ဝါဆိုတာကတော့ အထက်တန်းတတိယနှစ်ကျောင်းသားတိုင်းဆီ သတင်းပျံ့ပြီးသားပင်။ ကျောင်းရဲ့ ဦးဆောင်သူတွေကအစ အဆောင်သန့်ရှင်းရေးအန်တီကြီးတွေအဆုံး တစ်ကျောင်းလုံး ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။
1L: ငါ့မျက်လုံးတွေ ရဲနေပြီ
2L: ငါလည်းပဲ ငါ့ကျယ်ကျဲဆီကနေ ချီးကျူးခံချင်တယ်လေ
3L: SZL ဒါ နင်မလား?
စုန့်ကျောက်လင်ဟာ တင်ထားတဲ့ ပို့စ်က မန့်တွေကို အူမြူးစွာနဲ့ ဖတ်နေကာ သူ့ဘဝက အထွတ်အထိပ်ရောက်သွားသလိုကို ခံစားနေရသည်။
သူ အမှတ်ပေါင်း၅၀၀ကျော်ရခဲ့တယ်။ အဲ့တာမလို့ သူ့အစ်ကိုက သူ့ကို မချတဲ့အပြင်ကို အံပေါင်းစာအိတ်အနီကြီးကြီးတစ်လုံးတောင် ပေါင်းခဲ့သေး။
ပြီးတော့ သူ့ရဲ့ ယင်ကျဲဆို အမှတ်၇၀၀ကျော်လေ။ အခုဆို သူက တစ်ပြည်နယ်လုံးမှာ နံပါတ်တစ်ပဲ။
— သူ့အနေနဲ့ အရမ်း အရမ်းကို ပျော်နေပြီ!!
တစ်ချိန်တည်းမှာပဲ အမှတ်တစ်ကျောင်းကလည်း ဘယ်သူ ပြည်နယ်တွင်း ပထမရလဲဆိုတာကို စုံစမ်းနေကြဆဲပင်။ အောင်စာရင်းအမှတ်က မနေ့ညကမှ ထွက်လာခဲ့တာမလို့ ကျောင်းထဲက သူအချင်းချင်း မေးမြန်းဆွေးနွေးနေကြလေသည်။
ချန်ကျင့်ကန်းက ချူယင်းရဲ့ အမှတ်တွေကို စောင့်နေတာဖြစ်၏။ သူ အခုထက်ထိ အသံထွက်မလာမှတော့ အခြေအနေ မကောင်းလောက်ဘူးနဲ့တူတယ်။
[ကျောက်ကော ဒီတစ်ခေါက် ကောင်းလုပ်နိုင်ခဲ့တာပဲ! ကျွန်တော် သင်္ချာမေးခွန်းကို အစမ်းဖြေကြည့်တော့ ကျွန်တော်ဖြင့် အမှတ်ပြည့် ရနိုင်မယ်လို့တောင် မထင်မိဘူးဗျာ]
တစ်ဖက်ကလူကတော့ တအား မဝင့်ဝါတဲ့သူပင်။ [ကျေးဇူးပါ ငါဒီတိုင်း ကံကောင်းသွားရုံပါပဲ]
ချန်ကျင့်ကန်းက မြှောက်ပင့်နေဆဲ။
[ကျောက်ကောက တအားနှိမ့်ချလွန်းနေပါပြီ အစ်ကိုက ကျွန်တော်တို့ ကျောင်းရဲ့ အလင်းရောင် ဖြစ်လာပြီးတော့ တစ်ကျောင်းလုံးအတွက် ဂုဏ်ဆောင်ပေးခဲ့တာလေ– အာ မဟုတ်ဘူး တစ်မြို့လုံး!]
[အစ်ကို Q တက္ကသိုလ်ကို လျှောက်ချင်ရင် ကျွန်တော့်သာ ပြောလိုက် အစ်ကိုအတွက် ကျွန်တော် လွယ်ကူအောင် လုပ်ပေးနိုင်တယ်နော် *😏*]
တစ်ဖက်ကတော့ ခဏလောက် ငြိမ်နေပြီးနောက် စာပြန်လာသည်။
[ ငါစဉ်းစားကြည့်လိုက်ပါ့မယ် ဒါပေမဲ့ မင်း ခုနက ပြောတဲ့စကားကိုတော့ ငါလက်မခံဘူး]
[ပြည်နယ်ဆင့်ချန်ပီယံက ဟွေးဝမ်ကလေ Q တက္ကသိုလ် ဝင်ခွင့်ရုံးက ဆရာမက ငါ့ကို ခုနက ပြောပြပြီးပြီ]
ချန်ကျင့်ကန်းတစ်ယောက် ကြောင်အသွားလေသည်။သူ မဝံ့မရဲ ဆက်မေးလိုက်သည်။
[ကောင်းပြီ ချန်ပီယံက ချူယင်းတော့ မဟုတ်လောက်....]
[အင်း သူပဲလေ]
[အဲ့အပြင် Qတက္ကသိုလ်က ဆရာမက ငါ့ကိုတောင် ညည်းပြလိုက်သေး သူတို့ကို တခါတည်း တန်းငြင်းပစ်လိုက်လို့ဆိုပြီးတော့လေ]
ချန်ကျင့်ကန်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောနေတဲ့ ကျောင်းဝင်ခွင့်ကို ချူယင်းက တစ်ချက်ကလေးမှ မတုံ့ဆိုင်းဘဲ ငြင်းပစ်လိုက်သတဲ့!
ရုတ်တရက်ပင် သူ့မျက်နှာ ဒေါသကြောင့် ရဲလာ၏။
ချန်ကျင့်ကန်းဟာ အဲ့တာက အမှန်ပဲလားဆိုတာကို သိချင်တာမလို့ တရားဝင်ဝက်ဆိုဒ်ကို ဖွင့်နေကျအတိုင်း ဖွင့်ကြည့်လိုက်တယ်။ ဆိုဒ်က အဝိုင်းလည်နေစဉ် ပေါ်လာတဲ့ ဂရုချက်နိုတီဝင်းဒိုးကို ချက်ချင်း နှိပ်လိုက်၏။
[သတင်းကောင်း!! အားလုံးကို မျှဝေပေးရမယ်!!]
[ငါတို့ကျောင်းက နတ်ဘုရားမလေး ချူယင်းရဲ့ သင်္ချာအမှတ်က အတန်းဖော်ချန်ရဲ့ အမှတ်ထက်တောင် နှစ်မှတ်ပိုသာတယ်တဲ့လေ!! ]
[စုစုပေါင်းအမှတ်ဆို ၇၀၁မှတ် နော် ပြည်နယ်ဆင့် ပထမတဲ့!!😭 ]
ချန်ကျင့်ကန်းခမျာ မျက်ခွက် ဖျက်ရိုက်ခံလိုက်ရသလိုပင်။
[သေစမ်း! ချူကျဲက အံ့ဩစရာပဲဟေး အားးး ဒီသတင်းကောင်းကို အားလုံးသိအောင် ကြေညာဖို့ နဖူးစည်း banner လုပ်ပြီး ပတ်ပြေးလိုက်ဦးမယ်!]
[ချူယင်းကျဲ!! ဝူးဝူးဝူး ငါ့ဘဝရဲ့ အလင်းရောင်လေး ငါ့ဘဝရဲ့ မျှော်လင့်ချက်ကလေး! ငါမင်းကို အမြဲတမ်းချစ်နေမှာပါ!]
…
[မှတ်မိသေးလား ဟိုတစ်ယောက်လေ အစကနေ အဆုံးအထိ ချူယင်းကို ဘယ်တုန်းကမှ နိုင်အောင်ရိုက်မချနိုင်ခဲ့ဘူး ဟုတ်တယ်မလား? ငါသာ သူဆိုရင် မျက်နှာတောင် ပြရဲတော့မှာမဟုတ်ဘူး!]
မိနစ်အနည်းငယ်ကြာပြီးနောက် တစ်စုံတစ်ယောက် ဂရုချက်ထဲက ထွက်သွား၏။
[ဟားဟားဟား ချန်ကျင့်ကန်း တအားရှက်လွန်းလို့ ဂရုထဲကနေ ထွက်သွားပြီ!]
ညနေခင်း လုမိသားစု အိမ်တော်တွင်
အဖိုးလုဟာ ညစာစားပွဲမှာ ထိုင်နေသည်။ အစက အဖိုးဖြစ်သူရော မြေးဖြစ်သူပါ ဒီအိမ်တော်ကြီးမှာ တူတူနေခဲ့ပေမဲ့ အခုတော့ လုကျန်းဟာ သူ့အပြင်က ကိုယ်ပိုင်တိုက်ခန်းကို ပြောင်းနေလေသည်။ ထို့ကြောင့် ဒီအိမ်ဟာ အတော်လေး လစ်ဟာနေ၏။
သူ့စိတ်ထဲကနေ သရော်မိလိုက်သည် — သူ့မြေးပြောတာကတော့ အဲ့ တိုက်ခန်းက ကုမ္ပဏီနဲ့ နီးပြီး သွားရလာရ အဆင်ပြေတော့ ရုံးအလုပ်တွေ လုပ်ဖို့ အဆင်ပြေတယ်ဆိုပြီး ပြောင်းရတယ်ဆိုပဲ! အမှန်က အဲ့ဒီချူမိသားစုကတစ်ယောက်က ဆင်ခြေဖုံးနေရာမှာ ဆက်မနေနိုင်တော့လို့ မဟုတ်ဘူးလား?! ဟမ့် မသိရင်ခက်မယ် အပြင်မှာ နေတာက အဲ့အဖိုးမတန်တဲ့ မိသားစုက ကောင်မလေးနဲ့ တွေ့လို့ အဆင်ပြေဖို့အတွက်ပဲ မဟုတ်လား!
အဖိုးလုက သူ့စိတ်ထဲ အမျိုးအမည်မသိတဲ့ ချဉ်စုပ်မှုအပြည့် ခံစားနေရကာ အိမ်တော်ထိန်းကို လှမ်းမေးလိုက်၏။
“တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ရဲ့ အောင်စရင်း ထွက်ပြီမလား”
အိမ်တော်ထိန်းကလည်း ယနေ့ အသစ်ထုတ် ညနေခင်း သတင်းစာစောင်နဲ့ ရောက်လာတယ်။ “ဟုတ်ပါတယ် ဆရာ”
အဖိုးလုက သတင်းစာကို ယူကာ တစ်ချက်ဖြန့်ဖွင့်လျက် သရော်လိုက်၏။
“ဒီနေ့ ငါ ဘာမှ မကြားမိပါလား အခြေအနေ သိပ်မကောင်းဘူးနဲ့ တူ....”
သူပြောလို့တောင် မဆုံးခင် သတင်းစာစောင်ရဲ့ ရှေ့ဆုံးစာမျက်နှာမှာ ပုံအကြီးကြီးနဲ့ ရိုက်နှိပ်ထားတာကို ရုတ်တရက် တွေ့လိုက်ရ၏။ ဘေးက စာသားကလည်း အရမ်းအရမ်းကို မျက်စိ ဖမ်းစားချင်စရာပင်—
ကျောင်းသားတွေကြားက ဒဏ္ဍာရီလာ ကျောင်းသား တစ်ယောက်! ကျောင်းအလှပန်းလေးတစ်ယောက် ဖြစ်ရုံသာမက ထိပ်တန်းကျောင်းသားပါဖြစ်နေတဲ့ ကျောင်းသား တစ်ယောက် ပြည်နယ်တစ်ခုလုံးမှာ နံပါတ်တစ်ရ အနုပညာဘာသာရပ်တွဲ ကျောင်းသူ ချူယင်း!
အဖိုးလု: “.....”
သူ သာမန်ကာလျှံကာ ကြည့်လိုက်တော့ ချူယင်းရဲ့ အင်မတန် အင်မတန်မှ လှပလွန်းတဲ့ အမှတ်စာရင်းကို မြင်လိုက်ရတယ်။
သင်္ချာ အမှတ်ပြည့်
အင်္ဂလိပ်စာ အမှတ်ပြည့်
တရုတ်စာ ၁၃၃ မှတ် ဝိဇ္ဇာတွဲဘာသာရပ် ၂၆၈မှတ်
စုစုပေါင်း အမှတ် ၇၀၁မှတ် ဒီပြည်နယ်ထဲမှာ အမှတ်ပေါင်း၇၀၀အထက် ရရှိခဲ့တဲ့ တစ်ဦးတည်းသော စာမေးပွဲဖြဆိုသူ!
အဖိုးလုဟာ သတင်းစာကို အချိန်တော်တော်ကြာအောင် စိုက်ကြည့်နေမိပြီးနောက် ခေါက်လိုက်ကာ အမှုမထားသလို မေးလာ၏။
“အိမ်တော်ထိန်းလျှို မင်းတူမရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်ဘယ်လောက်ရတုန်း”
အိမ်တော်ထိန်းကြီးက ခေါင်းလေး ငုံ့ကာ ပြောလာ၏။ “တူမလေးက စာမေးပွဲကို ကောင်းကောင်းဖြေနိုင်ခဲ့ပါတယ် တစ်ဘာသာကို အောင်မှတ်ထက် အမှတ်၄၀ အသာလောက် ကျော်ပါတယ်”
အဖိုးကြီးလုက အောင်မှတ်က ဘယ်လောက်ဆိုတာမှမသိတာ။ အဲ့တော့ သူ ကြားချင်တဲ့အဖြေမျိုးမရသေးပေ။ ထို့ကြောင့် သူ မရွှင်မပျမေးလာသည်။
“အဲ့တာဆို အမှတ်ပေါင်းကဘယ်လောက်ရလဲ”
အိမ်တော်ထိန်းက ရိုးသားစွာဖြေလာ၏။ “သူအမှတ်ပေါင်း ၆၂၃မှတ် ရပါတယ်”
[fyi: အမှတ်ပေါင်း ၆၀၀ကျော်ရင်ကို နာမည်ကြီးတဲ့ တက္ကသိုလ်ကောင်းကောင်းမျိုးမှာ ဝင်ခွင့်ရပါတယ်တဲ့နော်။ ]
အဖိုးလုက မတွေးတတ်အောင် ပျော်လာ၏။
“သိပ်အများကြီးတော့ မကွာပါဘူး”
ချူယင်းက သူ့ထက် အမှတ် ၈၀ကျော်ပိုများနေရုံပါပဲ—
မြို့လည်ခေါင်က အငှားအိမ်ရာ အဆောက်အဦးတွင်
အိမ်ခြံမြေ ပွဲစားတွေတော့ တုန်လှုပ်နေကြပြီဖြစ်တယ်! အခန်းငှားဖို့ လာကြည့်တဲ့သူကို သူတို့ သတိထားနေခဲ့ရ၏။
အနှီလူ လာကြည့်တဲ့ အခန်းမျိုးကလည်း အဆင့်မြင့်လူနေရပ်ကွက်ကဟာမျိုး မဟုတ်ဘဲ ဒီတိုင်း သာမန်အငှားတိုက်ခန်းလေးတစ်ခုဖြစ်ပြီး ဈေးနှုန်းကလည်း အတော်လေးကို သက်သာလှတဲ့ဟာမျိုးကို လိုချင်နေတာတဲ့လေ။ အခန်းကိုလာကြည့်တာက ကောင်မလေး တစ်ယောက်ဖြစ်တယ်။ သူ့ကြည့်ရတာ ၁၇ ၁၈လောက်ပဲရှိသေးတဲ့ပုံပင်။
သူပြောတဲ့ ဈေးနဲ့ဆို အဲ့လို အိမ်မျိုးပဲ ငှားလို့ရမှာက ပုံမှန်ပါပဲ။
—ဒါပေမဲ့ ထူးဆန်းတာကဘာလဲဆိုတော့ သူစီးလာတဲ့ကားပဲ အစီးရေ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ Maybach ကားကြီး ဖြစ်နေတယ်!!
အခုတော့ အဲ့ဇိမ်ခံကားကြီး အဝေးထွက်သွားခါမှပဲ အိမ်ခြံမြေပွဲစားမမှာလည်း အရမ်း ရှုပ်ထွေးနေမိစွာဖြင့် သူမရဲ့လက်နဲ့ ယပ်ခတ်နေမိ၏။
ချမ်းသာတဲ့ လူတွေရဲ့ အကြိုက်များလား??
ချူယင်းတစ်ယောက် ကားပေါ်တက်လိုက်တယ်။ ကားပေါ်က လေအေးပေးစက်ကြောင့် အဆင်ပြေသွားတော့မှ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
လုကျန်းမှာ ကားအမြဲတမ်းပါလာတတ်ပြီး အခုတလော သူ့ဘာသာသူ မောင်းလာတာဖြစ်တော့ ချူယင်းရဲ့ နေရာက အလိုလိုကို ကားမောင်းတဲ့ခုံရဲ့ ဘေးကခုံ ဖြစ်သွား၏။
“ဒီလိုဆိုရင်ရော ကိုယ့်တိုက်ခန်းတစ်ခုကို ငှားမယ်လေ စဉ်းစားကြည့်ပါ့လား” လုကျန်းဟာ လက်ကို မြှောက်လာကာ သူမရဲ့ နဖူးပေါ်က ချွေးကို သုတ်ပေးလိုက်တယ်။
သူမ ခုနက ကြည့်ခဲ့တဲ့ တိုက်ခန်းက အချိန်ခဏလောက်အတွက်ပဲ ငှားတာ ဖြစ်ပေမဲ့ ခုနကြည့်ခဲ့တဲ့ နေရာကြီးက ဟောင်းလွန်းလှသည်။ တိုက်ခန်းငှားခကျ ကြေးကြီးပြီး အဲ့စရိတ်စခနဲ့ လုပ်ဆောင်နိုင်စွမ်းကျ နိမ့်ပါးလွန်းတယ်။ ဟိုတယ်မှာ နေတာကမှ ပိုကောင်းသေးတယ်။ ဒါပေမဲ့ ဟိုတယ်မှာ နှစ်လကြာလောက် နေဖို့ကျတော့ သိပ်မကောင်းဘူး။
ချူယင်း ခဏလောက်စဉ်းစားနေမိတယ်။ လုကျန်းက သူမ နှစ်လလောက် သူ့ကို အခွင့်ကောင်းယူမှာကို ဆန္ဒရှိနေတယ်။
သူမ မေးလိုက်၏။ “ငှားခက ဘယ်လောက်လဲ”
လုကျန်း : “(ဟိုတယ်) အခန်းငှားခလောက်ပဲ ကိုယ့်ကိုပေးပေါ့”
“အသံနားထောင်ကြည့်ရတဲ့ပုံအရ နင်ငါ့ကို ဖမ်းထားသလို ဖြစ်နေသလားလို့? ယုံချင်ရုံမယုံချင်နေ ငါနင့်ကို သတ်ပစ်နိုင်တယ်နော်”
လုကျန်းက ကားမောင်းနေရင်း ပြုံးသွားကာ “ဒါဆိုလည်း လက်ရှိဈေးကွက်ပေါက်ဈေးအတိုင်းပဲ တိုက်ခန်းကြေးပေးလို့ရပါတယ်ဗျာ”
အနှီတိုက်ခန်းဟာ သူ့တိုက်ခန်းနဲ့ မျက်နှာချင်းမှာပင်။ ချူယင်းဟာ နှစ်လကြာလောက် အိမ်တစ်လုံးငှားဖို့ပြင်နေတာကို သိတာနဲ့ လုကျန်းက မျက်နှာချင်းဆိုင်က အခန်းကို ဝယ်ခဲ့လိုက်သည်။ သူ့တိုက်ခန်းကလည်းပဲ အလွတ်ကြီးအတိုင်းပင် ဖြစ်နေတယ်ဆိုသော်ငြားလည်း ချူယင်းက ဒီလိုမှသာ ပိုပြီး လက်သင့်ခံမှာဖြစ်တယ်။
အနည်းဆုံးတော့ သူ့အနေနဲ့ ရေဖိုး မီတာခ အခွန်အခ အကုန် ပေးဆောင်နိုင်တာမလို့ သူမအတွက် ငွေကြေးကျပ်တည်းမဲ့အချိန်မျိုး ရှိလာတော့မှာ မဟုတ်ပေ။
ချူယင်း အချိန်တော်တော်ကြာ စဉ်းစားလိုက်ပြီးနောက်တော့ ကားခုံမှီကို လှဲချလိုက်ကာ “ကောင်းပြီလေ ငါ့ကို အခန်းငှားပေးတဲ့အတွက် ကျေးဇူးပဲ”
လုကျန်းရဲ့မျက်လုံးတွေ ပြုံးရိပ်သန်းသွားကာ “ရပါတယ်ဗျာ”
ကားက ရှေ့ဆက်မောင်းလာကာ သူ့ဘက်ကနေ စမေးလာသည်။ “အခုပဲ ပြောင်းကြမလား”
“ငါက အလျင်မလိုပါဘူးနော်” ချူယင်းက လက်ခါပြလိုက်ပြီး “ဟို ကော်ဖီဆိုင်ကို သွားကြရအောင်”
လုကျန်း မျက်ခုံးပင့်ပြီး မေးလာ၏။ “မင်းမှာ ချိန်းထားတာ ရှိတာလား”
ချူယင်းက အင်မတန်မှသဘောထားကြီးလွန်းတဲ့ သဘောထားနဲ့ ခေါင်းညိတ်ပြလာကာ “ဟုတ်တယ်လေ စီနီယာ ဝေ့ဟယ်မင်နဲ့ သွားတွေ့မလို့”
လုကျန်းက သူမကို စူးစိုက်ကြည့်လာ၏။
“နင်ဘာလို့ ငါ့ကို စိုက်ကြည့်နေရတာလဲ” ချူယင်းက သူ့ကို ဘာမှဖုံးကွယ်ထားခြင်းမျိုး မရှိဘဲ ပြန်စိုက်ကြည့်ပေးလိုက်တယ်။ “အတည်လုပ်စရာရှိလို့! အဲ့တာ ဘာလဲဆိုတော့ သူ့ Q တက္ကသိုလ်က ဆရာကသူ့ကို ခေါ်ပြီး သူတို့ကျောင်းက သမိုင်းစာပေမေဂျာကို အဓိကထားပြီး စဉ်းစားပေးဖို့အတွက် ငါ့ကို နားချပေးဖို့ ကိုယ်တိုင် သူ့ကို တောင်းဆိုလို့တဲ့”
လုကျန်း သူ့အကြည့်ပြန်ရုတ်သိမ်းသွားကာ “ကောင်းပြီလေ”
သူ ထိုနေရာသို့ ကားမောင်းပို့ပေးလိုက်၏။
ချူယင်းဟာ ထိုင်ခုံခါးပတ် ဖြုတ်ပြီး ကားထဲကနေ ထွက်လာလိုက်တယ်။ အဲ့နောက်မှာတော့ ကားထဲကလူက ကားစက်ရပ်ကာ ကားသော့နှင့်အတူ သူမနောက်ကို လိုက်လာတာကို မြင်လိုက်ရသည်။
ချူယင်း : “??”
....
တအားကလေးဆန်လိုက်တာ
ကော်ဖီဆိုင်ထဲမှာ ထိုင်နေရင်းကို ဝေ့ဟယ်မင်မှာ အရမ်းစိတ်လှုပ်ရှားနေမိသည်။ သူ ချူယင်းကို မတွေ့တာ တစ်နှစ်လောက် ရှိပြီဖြစ်ပေမဲ့ အခုထက်ထိတော့ သူ့ရင်ထဲမှာ သူမကို မေ့လို့မရနိုင်သေးပေ။
အခု တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်တွေထွက်လာကာ သူမက တကယ်ပဲ သူ့ကို စိတ်မပျက်စေခဲ့ဘူး။ သူမ တကယ်ကြီး ပထမနေရာရခဲ့တာမလို့ ဝေ့ဟယ်မင်ကို ပိုပြီးတောင် စိတ်လှုပ်ရှားစေခဲ့သည်။
ဒီတွေ့ဆုံမှုက Q တက္ကသိုလ်မှာ စာရင်းသွင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်က အနည်းငယ်မျှသာ။ သူ အဓိက မေးချင်တာက သူတို့တွေ ဆက်ဆံရေးမှာ ရှေ့ဆက်တိုးဖို့ ဖြစ်နိုင်မှု ရှိမရှိဆိုတာပဲ။
ကော်ဖီဆိုင်တံခါး တွန်းဖွင့်လာတဲ့အခါ တံခါးဘဲလ် အသံမြည်လာတော့ ဝေ့ဟယ်မင် မျှော်လင့်တကြီး မျက်လုံး ပင့်ကြည့်လာသည်။
ချူယင်းကတော့ အရင်က သူပထမဆုံးမြင်ခဲ့ရတဲ့အတိုင်း တထေရာတည်း လှပပြီး ယုံကြည်ချက်ရှိရှိနဲ့ စိတ်ထားကောင်းတဲ့ သဘောတရားလေး ခံစားမိနေတုန်းပင်။
အနှီလှပလွန်းတဲ့ မက်မွန်ပန်းပွင့်ချပ်သဏ္ဍာန် မျက်ဝန်းလေးတွေနဲ့ လှမ်းကြည့်လာတဲ့အခါ ဝေ့ဟယ်မင်ရဲ့ နှလုံးခုန်နှုန်း တစ်ဖန် မြန်ဆန်လာလေသည်။
—အဲ့နောက်မှာတော့ ချူယင်းနောက်ကနေ လိုက်လာတဲ့ အရပ်ရှည်ရှည် ၊ ခပ်ချေချေမျက်နှာထား ၊ သားသားနားနား အပြင်အဆင် နှင့်
လူငယ်လေးတစ်ယောက်ကိုပါ သူတွေ့လိုက်ရသည်။
ဝေ့ဟယ်မင် ရုတ်တရက်ဆိုသလို ခံစားချက်တွေ မကောင်းတော့ပေ။
“မတွေ့ရတာကြာပြီနော် စီနီယာ” ချူယင်း သူ့ကို အပြုံးလေးဖြင့် နှုတ်ဆက်စကားစဆိုလိုက်ကာ သူနဲ့မျက်နှာချင်းဆိုင်က ထိုင်ခုံကို ဆွဲကာ ထိုင်ချလိုက်၏။
လုကျန်းကတော့ သူမရဲ့ဘေးမှာ အင်မတန်မှ သဘာဝကျစွာ ပေါ့ပေါ့းပါးပါး ဝင်ထိုင်လာသည်။
ချူယင်း အားတောင့်အားနာစွာဖြင့် သူ့ကို လက်ညှိုးထိုးကာ “ဒါ..ဒါ ညီမ..ရဲ့ သူငယ်ချင်းပါ ဆော်ရီးနော် သူက ညီမနဲ့ လိုက်လာခဲ့ရတာမလို့”
လုကျန်းတစ်ယောက် သူမ မိတ်ဆက်ပေးတာကို ကြားမိတော့ သူ့ နှုတ်ခမ်းထောင့်စွန်း အနည်းငယ် အောက်ဘက်ကျသွားလေသည်။
ဝေ့ဟယ်မင်က အလျင်စလို လက်ဝှေ့ယမ်းပြလာကာ ညင်သာစွာ ပြောလာသည်။ “ရပါတယ် တောင်းပန်စရာမလိုပါဘူး”
လုကျန်း ပါဝင်စွက်ဖက်နေခြင်းကြောင့်မို့ စကားဝိုင်းမှာ နှစ်သက်ကြည်နူးစရာကောင်းလှတဲ့ အငွေ့အသက်မျိုး ရှိမလာပေ။ ဝေ့ဟယ်မင်မှာလည်း သူဟာ စောင့်ကြည့်ခံနေရတယ်လို့ပင် ခံစားနေရ၏။
သူဟာ ချူယင်းကို Qတက္ကသိုလ် နဲ့ပတ်သက်တဲ့ အရင်းအမြစ်၊ အခြေအနေ၊ တည်နေရာအနေအထား၊ အလုပ်အကိုင်ရနိုင်ချေနှုန်း နဲ့ တခြားသော ကဏ္ဍအသီးသီးကို ပထမဆုံး မိတ်ဆက်ရှင်းပြလိုက်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ပိုစဉ်းစားကြည့်ပေးဖို့ ကျောင်းကိုယ်စား သူ ချူယင်းကို စိတ်ရင်းအတိုင်း တောင်းဆိုခဲ့၏။
ချူယင်းက သူ့ရဲ့ စိတ်ရင်းနဲ့ ဖိတ်ကြားမှုကို ကျေးဇူးတင်လိုက်ပြီး သူ သေချာပေါက်စဉ်းစားပေးပါ့မယ်ဆိုပြီး ပြောလာသည်။
အရေးကြီးကိစ္စအကြောင်း ပြောဆိုပြီးသွားတဲ့နောက် သူတို့ ပုံမှန်အတိုင်း စကားစမြည်ပြောဆိုကြလေသည်။ ဝေ့ဟယ်မင်က သူမဘေးနားက လူကို လျစ်လျူရှုဖို့ ကြိုးစားပြီး ချူယင်းရဲ့ လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီး မေးဖို့ သတ္တိတင်နေတုန်းမှာပဲ လုကျန်းက ရုတ်တရက် ပြောလာ၏။ “ပြီးပြီမလား”
ဝေ့ဟယ်မင်: “အမ်? အာ ဟုတ်...”
ချူယင်း စားပွဲအောက်ကနေ လုကျန်းခြေထောက် တက်နင်းလိုက်တယ်။ လုကျန်း နာသွားပေမဲ့ မျက်နှာထား ပြောင်းလဲသွားခြင်းမရှိဘဲ စားပွဲခုံအောက်ကနေပဲ သူမရဲ့လက်ကိုတောင် လှမ်းကိုင်လိုက်သည်။
“စကားပြောလို့လည်း ပြီးပြီဆိုမှတော့ ကျွန်တော်တို့ လုပ်စရာရှိသေးလို့ ဒီမှာ ဆက်မနေလို့ မရတော့ဘူး”
ချူယင်းမှာ အားနာနာနဲ့ လုပ်ပြုံးလေး ပြုံးလိုက်တယ်။ အခုအချိန်မှာ သူ လုကျန်းကို ရိုက်ချင်တာ လက်တွေယားနေလွန်းလို့ လူကွယ်တဲ့နေရာတစ်နေရာ ရှာချင်မိတဲ့အတွက် ပြုံးကာ “စီနီယာ ညီမ အစ်ကို့အချိန်တွေကို မနှောက်ယှက်တော့ပါဘူး ညီမတို့အချိန်ရှိတဲ့အခါကျရင် စကားထပ်ပြောကြတာပေါ့”
ဝေ့ဟယ်မင် ထိုနှစ်ယောက်မတ်တပ်ထားရပ်နေတာကိုစကားစပြောရင်ကောင်းမလားမကောင်းမလား။ဆိုတာတုန်ဆိုင်းစွာဖြင့်ရပ်ကြည့်နေမိသည်။ သူသာဒီအခွင့်အရေးကိုလွဲချော်သွားခဲ့မယ်ဆိုရင်နောက်တစ်ကြိမ်ရှိလာမလားဆိုတာမသိတော့ပေ။
နောက်ဆုံးတော့သူဟာသူမကိုလှမ်းတားဖို့သတ္တိမွေးလိုက်ကာ “ချူယင်း”
တစ်ချိန်တည်းမှာပဲလုကျန်းရဲ့မျက်နှာထားဟာလည်း အေးစက်သွားကာ သူ့အကြည့်တွေက ထိုသူ့ကို သတိပေးတဲ့အချက်တွေပြကာ စူးစိုက်ကြည့်တာ ပြာကျသွားမတတ်ပင်။
သက်ပြင်းရှည်တစ်ချက်နှင့်အတူ ဝေ့ဟယ်မင် ချူယင်းကို ပြောလိုက်မိ၏။ “အစ်ကို မင်းကို သဘောကျနေဆဲပဲ”
ချူယင်းဟာ သူဒီလိုမျိုး တည့်တိုးကြီးပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားမိတာမလို့ ခဏလောက် ကြောင်အသွားလေသည်။ လုကျန်းက ရုတ်တရက်ပင် လက်လှမ်းလာပြီး သူမလက်ကို ကိုင်လာသည်။ သူတို့လက်နှစ်ဖက်ဟာ တစ်ချောင်းနဲ့တစ်ချောင်းပင် ယှက်ကာ ဆုပ်ကိုင်ထားသလိုဖြစ်သွား၏။ ပြောခိင်တဲ့ အဓိပ္ပာယ်ကတော့ အတော်လေး သိသာပါတယ်။
ချူယင်း အားနာမိစွာ ပြောလိုက်သည်။ “စီနီယာ အစ်ကိုလည်း ညီမထက်ပိုကောင်းတဲ့တစ်ယောက်နဲ့ တနေ့တနေ့တော့ ဆုံလာမှာပါ နှုတ်ဆက်ပါတယ်”
ဒီနှုတ်ဆက်စကားက “ကျွန်မတို့ ဘယ်တော့မှ ထပ်မတွေ့ကြတာပေါ့” ဆိုတဲ့ အဓိပ္ပာယ်မှန်း သူတို့နှစ်ယောက်စလုံး သိကြပါတယ်။
သူတို့နှစ်ယောက် ထွက်သွားတော့ ဝေ့ဟယ်မင်တစ်ယောက်က လက်ရှိနေရာမှာပဲ ငြိမ်သက်စွာ ငုတ်တုပ်ထိုင်နေမိတုန်းပင်။
ဂျွန်လပဲရှိသေးတယ် ရာသီဥတုက အရမ်းကို ပြောင်းလဲလွန်းလှသည်။ ခုနလေးတင် နေသာတုန်းရှိသေးတယ်ဆိုပေမဲ့ အခုချက်ချင်းကြီးမိုးတွေ ရွာချလာတယ်။ ဒီအချိန်မှာ တစ်စုံတစ်ယောက်သောသူရဲ့ စိတ်အခြေအနေကတော့ လွန်စွာ ကောင်းမွန်နေ၏။
လုကျန်း ကော်ဖီဆိုင်ကနေ ထီးတစ်လက်ကို ငှားလိုက်ကာ ချူယင်းရဲ့ ပခုံးကို ဖက်ထားရင်း မိုးရေထဲမှာပဲ လျှောက်သွားလိုက်သည်။
“လုကျန်း” ချူယင်း ခုနက စိတ်ချုပ်တည်းထားရာကနေ အခုတော့ လွတ်လပ်သွားပြီဖြစ်တာမလို့ စဆူတော့သည်။ “နင် ဘာလို့ တအားကလေးဆန်နေရတာလဲ”
လုကျန်းကတော့ သူ့စကားကို နားထဲမဝင် သူမေးချင်ရာသာ မေးလာ၏။ “မင်း Q တက္ကသိုလ် မသွားချင်တာ သေချာတယ်မလား”
ချူယင်းမှာ သူ့ကို အရမ်းစိတ်ရှုပ်လာပြီပင်။ “မသွားချင်ပါဘူးဆို”
လုကျန်း : “အဲ့တာဆို မင်း ဘယ်မှာတက်ချင်တာလဲ”
ချူယင်းဟာ ဆူပုတ်ပုတ်မျက်နှာလေးနဲ့ “B မြို့တော်မှာ စီးပွားရေးနဲ့စီမံခန့်ခွဲမှု မေဂျာ ယူမှာ”
သူမ နာမည်ကြီးကျောင်းတွေထဲကမှ တစ်ခုကို ခက်ခက်ခဲခဲ ရွေးခဲ့သည်။ သူမ ဘာသင်ချင်တာလဲဆိုတာ ကိုယ့်ကိုယ်ကို သိထားသလို ဒါကလည်း နိုင်ငံတွင်းမှာ အကောင်းဆုံးပင်ဖြစ်၏။
လုကျန်း သက်ပြင်းအရှည်ကြီးတစ်ချက် လေးလေးကန်ကန် ချလိုက်ကာ “ကောင်းတယ်”
ဒါဆို သူလည်းပဲ စပြင်ဆင်ထားလို့ရပြီ။
ချူယင်းက သူ့ကို စိုက်ကြည့်ကာ “ငါ ဘွဲ့ရတာနဲ့ စီးပွားရေးပိုင်းကို ကိုင်တွယ်နိုင်သွားမှာ သတိထားနေနော် စီးပွားရေးလောကမှာ ငါ နင့်ကို ဖျက်ဆီးပစ်ချင်ဖျက်ဆီးပစ်နိုင်မှာပဲ”
ဘာပဲဖြစ်ဖြစ် သူမက ဇာတ်ညွှန်းကို ကိုင်ဆောင်ထားတဲ့ တစ်ဦးတည်းသောသူပဲလေ။
လုကျန်း နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားကာ “ကိုယ်သိပါပြီ ကိုယ်မင်းကို စောင့်နေပါ့မယ်”
သူ ခဏအကြာ သူမနဲ့အတူ လမ်းပတ်လျှောက်နေပြီး ချောင်ကျတဲ့ လမ်းကျဉ်းကျဉ်းလေးဆီသို့ ဦးတည်သွားလိုက်သည်။ သူတို့နှစ်ယောက် ထီးအောက်မှာ မျက်နှာချင်းဆိုင် ရပ်နေကာ သူက အသံနိမ့်နိမ့်ဖြင့် မေးလာ၏။ “မင်းခုနက ဟိုကောင်ကို ကိုယ်က မင်းရဲ့ဒီတိုင်း သူငယ်ချင်း ပဲလို့ ပြောတယ်ပေါ့”
ချူယင်း သူ့မျက်နှာကို မော့ကြည့်ကာ “ ဟုတ်တယ်လေ”
လုကျန်း သူမရဲ့ မျက်နှာလေးကို ငုံ့ကြည့်လိုက်မိတယ်။
တကယ်ကြီးကို သူ လုပ်နိုင်တာ ဘာမှမရှိဘူးပဲ။
သူ ထီးလက်ကိုင်ကို သူမလက်ထဲ ထည့်ပေးလိုက်ပြီးနောက် သူ့ခေါင်းကို ငုံ့လျှိုးလာကာ သူ့ရင်ခွင်ထဲ သူမကို ထည့်ထားလိုက်၏။ သူ့အသံက အရမ်းအရမ်းကို တိုးလျစွာဖြင့် “ ဘယ်အချိန်များကျမှ မင်း ကိုယ်နဲ့ တွဲမှာလဲဟင်”
ချူယင်း စိတ်ဆိုးစွာဖြင့် “လူကြီးဖြစ်မှ”
ဒီခွေးကောင် ကလေးလိုလို လုပ်နေတာ သူ တကယ်ကို မကြိုက်တာ။
လုကျန်းဟာ သူမကို ပွေ့ဖက်ထားကာ သူမရဲ့ လည်တိုင်ကို သူ့အမှတ်အသားရာ ကျန်ရစ်နေအောင် ကိုက်ချလိုက်၏။
“လုကျန်း!!” ချူယင်း သူ့လည်ပင်းလေးကို အုပ်လိုက်မိကာ “နင်က တကယ်တော့လူမဟုတ်ဘူး ခွေးမှ ခွေးအစစ်”
“ဟုတ်တယ်လေ” လုကျန်းဟာ သူမကာထားတဲ့ လက်ဖမိုးလေးကို အကြင်နာပိုပို နမ်းရှိုက်လိုက်ပြီး “မင်း ၁၈ပြည့်ဖို့ ဆယ်ရက်ပဲကျန်တော့တယ်”
...
ချူယင်း သူမအရင်ဘဝတုန်းက ၁၈နှစ်ပြည့်မွေးနေ့ကို ဘယ်တော့မှ မမေ့ခဲ့ဘူး။ ဒီတစ်ကြိမ်မှာတော့ သူမနဲ့ လုကျန်းရဲ့ စိတ်ပိုင်းဆိုင်ရာက အဲ့တစ်ခေါက်နဲ့ လုံးဝ ခြားနားသွားလေပြီ။
သူမရဲ့ မွေးနေ့ရက်မှာ သူငယ်ချင်းတွေက သူမကို မွေးနေ့ဆုတောင်းများ ပို့လာကြသည်။
သူမရဲ့အစ်ကိုဖြစ်သူကလည်း သူမကို ညစာအတူစားဖို့ ခေါ်ပေမဲ့ သူမ ငြင်းလိုက်၏။ “ညီမလေး တစ်ယောက်သောသူကို အထူးတလည် ကြို ကတိပေးထားခဲ့ပြီးပြီမလို့..”
ဒီလောက်ဆိုရင် ဘယ်သူလဲဆိုတာတော့ မေးနေစရာမလိုတော့ဘူးထင်ပါရဲ့။။
ချူရှီမှာ သူ့နှလုံးသားထဲကနေကို သွေးစိမ်းရှင်ရှင်ကျလာသလို ခံစားနေရပေမဲ့ သူလုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာဟာ သူ့ဝမ်းနည်းမှုကို ဖုံးကွယ်လိုက်ပြီး ချူယင်းကို အချိန်ကောင်းလေး ပိုင်ဆိုင်နိုင်စေဖို့နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းစေနိုင်ဖို့ပင်။
ညနေခင်းတွင် လုကျန်းဟာ သူမကို ခေါ်ဆောင်ဖို့ ကားမောင်းလာခဲ့သည်။ ဒီတစ်ကြိမ်တွင် သူဟာ သူ့ရဲ့Maybach ကားကို အတွင်းခန်းနေရာကျယ်ကျယ်ရှိတဲ့ ကားတစ်စီးနဲ့ လဲလာခဲ့သည်။
ချူယင်းကတော့ ကားမောင်းတဲ့သူရဲ့ ဘေးက ထိုင်ခုံမှာ အလိုက်သင့်လေးတက်လာပြီးနောက် သူ့လက်ထဲ နို့လက်ဖက်ရည်လေးတစ်ခွက်ကို လုကျန်းက ထိုးထည့်လာ၏။ “ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ”
ချူယင်းပြုံးလိုက်မိကာ “ကျေးဇူး”
ကားထဲမှာ မုန့်အပြည့်ပင်။ သူမ နေရာရဲ့ အောက်မှာတင်ကို မုန့်အထုပ်လိုက် အိတ်အကြီးကြီးတစ်ခုရှိနေ၏။ သူမ အဲ့တာကို ကောက်ယူကာ ဖွင့်ကြည့်လိုက်တော့ အဲ့တာတွေအကုန်လုံးဟာ သူမရဲ့ အကြိုက်တွေချည်းပဲ!!
—သူမ ကြိုက်တဲ့ ကယ်လိုရီမြင့်မားတဲ့ ပြောင်းဖူးအရသာ အစေ့ဆန်ကြွပ်ကြွပ်ရွရွလေးရယ်၊ စားလို့ကောင်းတဲ့ အသားကင်အရသာ မုန့်ကြွပ်ကြွပ်မွမွလေးရယ်၊ သူမ ခဏခဏဝယ်စားနေကျ ဘဲလည်ချောင်းကင် ဘဲတောင်ပံကင် ပါသလို သူမ အကြိုက်ဆုံး ပန်းသီးအရသာဂျယ်လီအိတုံအိတုံအတုံးလေးတွေ၊ လိုင်းပေါ်မှာ တအားနာမည်ကြီးနေတဲ့ ဂျပန်စတိုင် ဘီစကစ်တွေနဲ့ ဝယ်ဖို့ပင် အတော်ခက်တဲ့ အီဆိမ့်မွှေးချောကလက်ပျော့ပျော့အိအိ အတုံးခဲလေးတွေ
ပြီးတော့ ဒါက ရေခဲတောင်ကြီးရဲ့ အစဖျားထိပ်ပိုင်းကလေးတင်ရှိသေးတယ်။ ကားနောက်ခန်းမှာလည်း မုန့်အပြည့်ပင်။ ချဲ့ကားပြောတာတော့ မဟုတ်ပေမဲ့ ရေခဲသေတ္တာအသေးစားလေးတစ်လုံးပါ ပါလာတာ။ အဲ့တာကို ဖွင့်ကြည့်လိုက်တော့လည်း သူမအကြိုက်ဆုံး နှင်းကိတ်မုန့် အမျိုးမျိုးနဲ့ ရေခဲမုန့်တွေအပြင်ကို သောက်စရာ ဖျော်ရည်တွေ အမျိုးအစား မျိုးစုံပဲ။ အာ့! အစားအသောက်က တကယ်ပဲ လူကို စိတ်ပျော်ရွှင်စေတယ်။
လူဦးရေထူထပ်လှတဲ့ မြို့ထဲကနေထွက်လာလိုက်ပြီး တောင်တန်းဒေသတစ်ခုသို့ လမ်းတစ်လျှောက်လုံး သူတို့တွေ နေမင်းကို ဦးတည်မောင်းနှင်လာခဲ့သည်။ ကားထဲမှာ ပျံ့လွင့်နေတဲ့ စိတ်အပန်းဖြေစေပြီး ငြိမ့်ညောင်းတဲ့ country music ကတော့ သူတို့အရင်ဘဝက နိုင်ငံခြားနှစ်အနည်းငယ် နေခဲ့တဲ့ကာလက ကြိုက်ခဲ့တဲ့ သီချင်းများပင်။
လုကျန်းက ဖြေးဖြေးမှန်မှန် မောင်းနှင်လာပြီး ချူယင်းကတော့ လုံးဝ ဝန်လေးတာမျိုးမရှိဘဲ လမ်းတစ်လျှောက်လုံး စားလိုက်သောက်လိုက်နဲ့ လိုက်လာခဲ့သည်။ မီးနီ မိလို့ ကားရပ်တဲ့အခါတိုင်းလည်း သတိတရနဲ့ ကားမောင်းတဲ့ သူ့ကို လှမ်းလှမ်းပြီး ခွံ့ကျွေးလိုက်သေးတယ်။
အကြမ်းခံတဲ့ ကားမလို့ အကွေ့အကောက်များတဲ့ လမ်းကြမ်းများပေါ်လည်း မောင်းနှင်နိုင်လေသည်။ ဒီတစ်ခေါက်တွင် လမ်းပေါ် လူအသွားအလာ သိပ်မရှိဘူးဆိုပေမဲ့ လုကျန်းကတော့ အရမ်းကိုဂရုတစိုက်နဲ့ သတိထားမောင်းဆဲပင်။ ညပိုင်းမှောင်ရိပ်မကျခင် သူတို့ အလိုရှိရာနေရာသို့ နောက်ဆုံးတော့ ရောက်လာခဲ့သည်။
ဒီတောင်ထိပ်ဟာ အဲ့နှစ်တုန်းက အတိုင်းပင် တူညီမှုရှိနေဆဲ။
သူတို့ကားထဲက ထွက်လာပြီးနောက် ချူယင်း လေကို အသက်ဝဝ တစ်ချက်ရှုရှိုက်လိုက်တယ်။ တောင်ထိပ်ပိုင်းမှာ တစ်မြို့လုံးရဲ့ အလှတစ်ခုလုံးကို အပေါ်စီးကနေ လှမ်းမျှော်ကြည့်လို့ရတဲ့ ညအလှရှုမြင်ကွင်း ရှိလေသည်။ အလင်းရောင်တွေက ထိုနေ့ရက်များအတိုင်းပဲ တောက်ပ လင်းထိန်နေဆဲ။
လုကျန်း သူမဆီကို လျှောက်လှမ်းလာကာ အနောက်ကနေ သိုင်းဖက်ထားပြီး သူမပခုံးထက် သူ့မေးဖျားတင်ကာ မေးလာ၏။ “ဗိုက်ပြည့်သွားပြီလား”
ချူယင်း ခေါင်းညိတ်ပြလိုက်တယ်။
လုကျန်း သူမရဲ့ လက်ကလေးကို ဆုပ်ကိုင်လာကာ “ကားဆီသွားရအောင်”
ကားကို တောင်ထိပ်ဖျားအစွန်းနား ထိုးရပ်ထားတာဖြစ်သည်။ လုကျန်း သူမကို ကားအမိုးပေါ်မှာ ထိုင်ဖို့ ဦးဆောင်ခေါ်သွားတယ်။ နောက်တော့ သူ ဘာဖြစ်လို့ ဒီကားမောင်းလာတာလဲဆိုတာ ချူယင်း နားလည်သဘောပေါက်သွား၏။ ကားအမိုးပေါ်မှာ သူတို့ သက်တောင့်သက်တာကို လှဲကာ အနားယူလို့ရတယ်။
သူတို့ဟာ လူစုလူဝေးနဲ့ ဝေးရာမှာရှိနေတယ်။ ဒီနေရာက ကြယ်တွေစုံလင်တဲ့ ညကောင်းကင်ယံကြီးက မြို့ထဲကထက်ကို ပိုပြီး ကြည်လင်နေလေသည်။ ချူယင်း ခဏကြာ ငေးကြည့်နေမိတယ်။
လုကျန်းဟာ သူမကို သူ့လက်တွေနဲ့ သိုင်းဖက်ကာ သူမရဲ့နား အနား ကပ်ကာ အတည်ကြီးပြောလာသည်။ “ပျော်စရာကောင်းတဲ့ အရွယ်ရောက်မှု ဖြစ်လာပါစေ”
အသံက ဟိုအရင်နှစ်တွေတုန်းကအတိုင်း သွားတိုက်ဆိုင်နေလေသည်။
သူမကို ငုံ့ကြည့်နေတဲ့ လုကျန်းကို သူမ မော့ကြည့်လိုက်မိတယ်။ ဘေးပတ်ဝန်းကျင်မှာလည်း ဘယ်သူမှမရှိတာမလို့ လေထုက နည်းနည်းတော့ ဟိုလိုလိုဒီလိုလိုဖြစ်နေတယ်။
“ဒါမင်းအတွက် မွေးနေ့လက်ဆောင်” လုကျန်း သူမရဲ့မျက်လုံးလေးတွေကို နမ်းရှိုက်လာ၏။
ချူယင်း မျက်တောင် တဖျပ်ဖျပ်ခတ်နေမိကာ သူမရဲ့ ခံစားချက်တွေ ပြန်လည် ကောင်းမွန်လာသည်။
လုကျန်းက သူ့လက်မြှောက်က သူမရဲ့ ဒူးခေါင်းကနေ မြှောက်ချီလိုက်ကာ သူမကို ပွေ့ဖက်ထားပြီး သူ့ပေါင်ပေါ်တင်ကာ မျက်နှာချင်းဆိုင် ထိုင်စေသည်။
ဒီအနေအထားက အရမ်းရှက်ဖို့ကောင်းတယ်။ ချူယင်းမှာ ကားပေါ်က ပြုတ်ကျမှာလည်း ကြောက်တာကြောင့် သူမမှာ ကန့်ကွက်ဖို့သာ ရှိလေသည်။ “ငါ ဒီလိုကြီး မလုပ်ချင်—”
လုကျန်း သူမကို ပြန်ထိုင်စေကာ “မလှုပ်နဲ့”
အဲ့နောက် သူ လက်ကို မြှောက်လိုက်ကာ လက်သီးဆုပ်ကိုခပ်ဟဟလျော့လိုက်တော့ မျက်စိရှေ့တွင် ငွေရောင်ကြိုးလေးတစ်ခု တွဲလောင်းကျလာသည်။
ဆွဲကြိုးလေးကို အကြိမ်အနည်းငယ် လှုပ်ခါပြပြီးနောက် ရပ်လိုက်တဲ့အခါ ချူယင်း ဆွဲကြိုးလေးမှာ ချိတ်ဆွဲထားတာက ဘာလဲဆိုတာ မြင်လိုက်ရတယ်။
—ဘာလဲဆိုတော့ ပညာသားပါပါ ဆေးတင်ထားတဲ့ သော့သေးသေးလေးသုံးချောင်း ဖြစ်နေလေသည်။
ပလက်တီနမ်ဖြင့် ဆေးတင်ပြုလုပ်ထားပြီး သော့တစ်ချောင်းချင်းစီရဲ့ ခေါင်းပိုင်းနားကို စိန်တစ်လုံးစီဖြင့် မြှုပ်သွင်းစီခြယ်ကာ ဒီဇိုင်းပြုလုပ်ထားသည်။ cutting က တကယ်ကို လှလှလေးပင်။
လုကျန်း ရေးရေးလေး ပြုံးလာကာ “မင်းကိုယ့်ကို ဘဝအတွက်ဆိုပြီး သော့သုံးချောင်းပေးခဲ့တယ်”
အဲ့ဒီနှစ် ခရစ်စမတ်တုန်းက သူ အရှက်မရှိစွာနဲ့ သူမရဲ့ ဘီစကစ်ဘူးလေးကို ရအောင်ယူခဲ့ပေမဲ့ ချူယင်းကတော့ အဲ့တာတွေကို သော့သုံးချောင်းနဲ့ လဲပစ်ခဲ့တယ်။
အဲ့သော့သုံးချောင်းအဓိပ္ပာယ်က အရှိကိုအရှိတိုင်း လက်ခံခြင်း၊ ပြောင်းလဲခြင်း နဲ့ နောက်ဆုတ်ခြင်းပဲဆိုပြီးတောင် သူမ ပြောခဲ့သေးသည်။ အဲ့တာက ပေါက်ကရတွေဆိုပေမဲ့လည်း ရှေ့ဖြစ်ဟောတဲ့ ကံကြမ္မာဟောစာတမ်းပင် ဖြစ်လာခဲ့တယ်။ နောက်တော့ လုကျန်း အဲ့တာကို လက်ခံခဲ့ပြီး ပြောင်းလဲခဲ့သလို နောက်ဆုတ်တာမျိုးတောင် လုပ်ခဲ့တယ်။
အဆုံးမှာတော့ သူ သူမရဲ့ဘေးမှာ ပြန်ရောက်လာခဲ့တုန်းပဲ။ ဒါက ကံကြမ္မာပင်။
ချူယင်းရဲ့ မျက်တောင်တို့ပင် တုန်ယင်နေမိတယ်။ ရုတ်တရက် သူမ သူ့ရဲ့လေးနက်လွန်းလှတဲ့ ရည်ရွယ်ချက်ကို ခံစားမိလိုက်ရလို့ပဲ။
လုကျန်းဟာ ငွေရောင်ပလက်တီနမ်ကြိုးကို ချိတ်ဖြုတ်ကာ သူ့လက် ဆန့်ထုတ်လာကာ သူမရဲ့ လည်တိုင်ထက်သို့ ဆွဲပေးလိုက်တယ်။
သော့သေးသေးလေးသုံးချောင်းက သူမရဲ့ ညှပ်ရိုးအရှေ့ပိုင်း ပေါ်တွင် ရှိနေပြီး ချူယင်း လက်ကို မြှောက်ကာ ထိကြည့်လိုက်တယ်။ သူမရဲ့ နှလုံးသားဟာ တဖြည်းဖြည်း ပျော့ပျောင်းလာ၏။
လုကျန်းက သူမ မျက်လုံးပင့်ကြည့်ကြည့်လိုက်ချင်းမှာပဲ သူမကို နမ်းရှိုက်လာ၏။ အထိအတွေ့တို့က ဒီနေ့ညရဲ့ လရောင်ကဲ့သို့ နူးညံ့သိမ်မွေ့လွန်းလှတယ်။ နူးညံ့ညင်သာလွန်းတဲ့ အနမ်းတစ်ပွင့်လို့ အရှင်းအလင်းကြီးသိမိတာ သူမရဲ့ ဒုတိယမြောက်ဘဝမှာ ဒါပထမဆုံးအကြိမ်ပဲ။
လုကျန်း သူမရဲ့ ကျောပြင်ကို ဖက်တွယ်ထားပြီး ဆွဲကြိုးလေးကို နည်းနည်းလောက်လေးပြင်ဆင်တပ်ဆင်ပေးလာသည်။
ခဏကြာတော့ သူ ကိုယ်ကိုအနည်းငယ်နောက်ယိမ်းကာ သူမရဲ့ နဖူးထက်သို့ ဖိကပ်နမ်းရှိုက်လိုက်၏။ ချူယင်း ဇဝေဇဝါဖြစ်စွာနဲ့ တိုးတိုးလေး ပြောလာတယ်။ “ငါဖြင့် နင့်ကို ခုထက်ထိ မွေးနေ့လက်ဆောင်မပေးရသေးဘူး...”
လုကျန်းရဲ့ မျက်ဝန်းအရောင် တို့ နက်မှောင်လာ၏။ သူ့အသံက အနည်းငယ် ခပ် အက်အက်ဖြစ်နေကာ “....မင်းအခုပဲ အဲ့အတွက်အစားထိုးပေးလို့ရတယ်”
ချူယင်းရဲ့ နှလုံးခုန်တွေ မြန်ဆန်လာတယ်။
လုကျန်းဟာ သူ့လျှာက သူမရဲ့ သွားများကြားကနေ ဖြတ်ကာ ကျူးကျော်ဝင်ရောက်လာကာ တစ်ဖန်ပြန် နက်နက်ရှိုင်းရှိုင်းပင် နမ်းရှိုက်လာသည်။
မြို့ကြီးက ကီလိုမီတာပေါင်း ဒါဇင်ချီ အဝေးမှာရှိနေတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့ တောင်တန်းတွေအထက်မှာ အဲ့နှစ်က အတိုင်း ကောင်းကင်ကြီးက ကြယ်ရောင်စုံလင်နေဆဲ။
၁၈နှစ်အရွယ်ကောင်လေးနဲ့ ကောင်မလေးကတော့ ကားအမိုးပေါ်မှာ နမ်းရှိုက်နေလေသည်။ ချူယင်း နည်းနည်းတော့ အတည်ဖြစ်လာတယ်။
ခဏအကြာတွင် လုကျန်းဟာ သူ့ရဲ့အနမ်းအား မရဲတရဲနဲ့ ပြန်လည်တုံ့ပြန်နေတဲ့ သူမရဲ့ တုံ့ပြန်မှုလေးကို ခံစားမိလိုက်တယ်။ သူမရဲ့ဒီလိုအနည်းငယ်လေးကပဲ သူ့ကို ရူးသွပ်သွားအောင်ကို ပြုလုပ်နိုင်တယ်။
လုကျန်း သူမရဲ့ လည်တိုင်အနောက်ဘက်ကနေ ဆွဲယူ ဖိကပ်လိုက်ပြီး အနမ်းကို ပိုနက်ရှိုင်းစေလိုက်ကာ သွားရည်များပင် ရောယှက်နေလေသည်။ ချူယင်း မသိစိတ်၏စေ့ဆော်မှုအရ သူ့အဝတ်အစားထောင့်စွန်းကို တင်းတင်းဆုပ်ကိုင်ထားလိုက်မိတယ်။ အချိန်တော်တော်ကြာပြီးနောက် ချူယင်း ဘယ်လိုမှ မနေနိုင်တော့ဘဲ ပြင်းထန်လွန်းလှတဲ့ အနမ်းကနေ ရှောင်တိမ်းလို့ရသွား၏။ သူမရဲ့ အသက်ရှုသံ လုံးဝကို ဖရိုဖရဲဖြစ်သွားကာ မျက်ဝန်းထောင့်များ ရဲလာသည်။
လုကျန်းက ဆက်လိုက်လာကာ “ဆက်မယ်လေ”
ချူယင်းမှာ သူ့ထိုင်နေတဲ့ အနေအထားကို ညှိလိုက်တော့ မျက်နှာ ရဲဗဒေါင်းခပ်သွား၏။
သူမရဲ့ တင်ပါးအောက်မှာ တစ်စုံတစ်ခုကို ဖိမိနေသလိုပဲ။ သူမ လုပ်တောင် မလုပ်ရဲတော့။
“ဆက်မနမ်းဘူး” သူမ သူ့မာမာတောင့်တောင့် ရင်ဘတ်ကို တွန်းထုတ်လိုက်တယ်။ လုကျန်းတစ်ယောက် အသက်ခပ်ပြင်းပြင်းတစ်ချက်ရှုရှိုက်လိုက်ပြီး သူမရဲ့ ကျောပြင်မှာ သူ့လက်တွေ ယှက်ထားကာ သူမရဲ့ကျောတစ်လျှောက် ပွတ်သပ်လိုက်တယ်။ အနည်းငယ် စိတ်ကိုငြိမ်ငြိမ်ထားလို့ရပြီးနောက် သူမကို ငုံ့ကြည့်လိုက်တယ်။
မိန်းမငယ်လေးဟာ သူမ အရှက်သည်းနေတာကို ဖုံးကွယ်ဖို့ ကြိုးစားနေတာဟာ ကြောင်လေးတစ်ကောင်က သူ့ရဲ့လက်သည်းခြေသည်းတွေကို ဝှက်ဖို့ ကြိုးစားနေတဲ့အတိုင်းပင်။ သူ့မှာ သူမကိုချစ်လွန်းလို့ သူမရဲ့ မျက်လုံးကနေ နှာသီးဖျားထိပ်တစ်လျှောက် နှုတ်ခမ်းရဲရဲလေးတွေအထိ အားလုံးကို တစ်မက်တမော နမ်းရှိုက်နေမိသည်။
လုကျန်း အချိန်အကြာကြီး စိုက်ကြည့်နေမိကာ ညင်ညင်သာသာမေးလိုက်တယ်။
“အခု ကိုယ်တို့ တွဲဖြစ်ကြပြီမလား”
ချူယင်း အရှက်သည်းစွာ သူမရဲ့မျက်နှာကို သူ့ရင်ခွင်ထဲ မြှုပ်ထားလိုက်ကာ “အမ်း”
လုကျန်း နှုတ်ခမ်းတို့ ကွေးတက်သွားကာ ခံစားချက်က အရမ်း အရမ်း အရမ်းကိုမှ အတိုင်းထက်အလွန် ကောင်းမွန်နေသည်။
အခု လူကတောင် သူ့အပိုင်ဖြစ်နေပြီပဲ အလျင်လိုစရာမလိုပါဘူး။ သူ အများကြီး စိတ်ရှည်သည်းခံစောင့်ဆိုင်းနိုင်တယ်။ တစ်ဆင့်ပြီးမှ တစ်ဆင့်ပေါ့။
“နောက်ထပ်လက်ဆောင် ရှိသေးတယ်” လုကျန်းက ပြောလာသည်။
ချူယင်း သူမတကယ်ကြီး အဆိပ်မိနေပြီလို့ခံစားနေကတယ်။ ဒီအခိုက် သူမအနည်းငယ်အေးအေးသက်သာဖြစ်သွားကာ အနည်းငယ် စိတ်ဆိုးမာန်ဆိုး ဖြစ်လာတယ်။ “နင် ဘာလုပ်စရာရှိသေးတာလဲ”
လုကျန်းဟာ သူ့ အနောက်ကနေ တစ်ခုခုကို လှမ်းယူလိုက်ကာ သူမရဲ့ ခေါင်းထက် တင်လာသည်။
အဲ့တာက ပန်းကုံးသရဖူလေးတစ်ခုပင်။
“၁၈နှစ်အရွယ် ချူယင်းဆီသို့”
ချူယင်း သူ့လက်ကို ဂရုတစိုက် မြှောက်ကာ ထိကြည့်လိုက်မိတယ်။ သူမရဲ့ အညိုရောင် ဆံပင်ရှည်ရှည်တို့ထက်တွင် ပန်းကုံးသရဖူက ပနံသင့်ကာလိုက်ဖက်နေလေသည်။
အဲ့နောက် သူမ မျက်လုံးဖွင့်ကာ သူ့ကို စူးစိုက်ကြည့်လိုက်၏။
“ငါက အခုထက်ထိ ၁၈နှစ်အရွယ်ကောင်မလေးလို့ နင်က ထင်နေတာလား”
“အင်း” လုကျန်း ပြုံးကာ သူပေးထားတဲ့ ပန်းသရဖူလေးကို သပ်သပ်ရပ်ရပ်နဲ့ အံကျအောင် ညှိပေးလိုက်တယ်။
“အမြဲတမ်းပဲ..ကိုယ့်ရဲ့ မိန်းမငယ်လေးရဲ့”
YOU ARE READING
ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』
Teen Fiction《 𝖲𝗍𝖺𝗍𝗎𝗌: 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 》 𝖬𝗒𝖺𝗇𝗆𝖺𝗋 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 ❛偏执男主白月光我不当了❜. 𝖮𝗋𝗂𝗀𝗂𝗇𝗂𝖺𝗅 𝖺𝗎𝗍𝗁𝗈𝗋: 赵史觉 𝖤𝗇𝗀𝗅𝗂𝗌𝗁 𝗍𝗂𝗍𝗅𝖾: 𝖨 𝖺𝗆 𝗇𝗈𝗍 𝖿𝗂𝗍 𝗍𝗈 𝖻𝖾 𝗍𝗁𝖾 𝖬𝖺𝗅𝖾 𝖫𝖾𝖺𝖽'𝗌 𝖥𝗂𝗋𝗌𝗍 𝖫𝗈𝗏𝖾 𝖲𝗍𝖺𝗍�...