60

5.5K 815 5
                                    

Unicode

ရန်ရှု၏အမှုမှာ အရေးကြီးသည်လည်းမဟုတ်သလို ပေါ့သေးသေးလည်းမဟုတ်‌ပေ၊ သို့ပေသိ သူက သိသိသာသာပင် အဆိုးဝါးဆုံးအ‌ခြေအနေကိုတွက်ဆထားပြီး ကြိုတင်မပြင်ဆင်ဘဲ လာခဲ့ခြင်းမဟုတ်‌ချေ။ အဖမ်းခံရပြီးသည့်နောက်မှာ သူ့အမှုကိုရင်ဆိုင်ရန် နာမည်ကြီးရှေ့နေတစ်ဦးကိုငှားရမ်းခဲ့ပြီး ကျန့်စစ်ကိုပြန်လည်ချေပရန် သက်သေအများအပြားကိုစုဆောင်းခဲ့၏။

အပေါ်ယံ၌ ကျိုးပိုင်သည် ဝင်ရောက်စွက်ဖက်မှာမဟုတ်ကြောင်းပြောသော်လည်း ကျန့်စစ်ကို အခက်အခဲများမှအလွယ်တကူဆွဲထုတ်နိုင်မည့် သက်သေထွက်ဆိုချက်များ၊ အထောက်အထားများနှင့် သဲလွန်စပေါင်းများစွာကို အစိုးရရှေ့နေအား တိတ်တဆိတ်ထောက်ပံ့ပေးနေ၏။ နောက်ပိုင်းမှာ တရားရုံးက မည်သို့စီရင်ချက်ချပါစေ သူက ဂရုစိုက်လိမ့်မည်မဟုတ်။ ပြီးလျှင် ရန်ရှု၏ပိုင်ဆိုင်မှု၊ စတော့ခ်ရှယ်ယာများနှင့် ရန်ပုံငွေအစွန်းထွက်များမှ အလဲအထပ်အဖြစ်လက်ခံရမည့် ငွေ‌ကြေးအားလုံးကိုမူ ပို၍ပင်ထည့်မတွက်ခဲ့ပေ။

ကျန့်စစ်က ပျော်ရွှင်စွာဖြင့် 'ကျေးကျွန်တို့ရဲ့ လွတ်မြောက်ခြင်း' ဆိုသည့်တိဘက်သီချင်းကိုညည်းရင်း ငွေလွှဲစာအုပ်ကို ပေးအပ်လာချိန်ရောက်မှသာ သူကချက်ချင်းလက်ငင်း ရှန်ပိန်ပုလင်းကိုဖောက်ကာ အောင်ပွဲခံလိုက်၏။

သို့သော်လည်း ရန်ရှုလိုအန္တရာယ်ကောင်က ထောင်ကျနေတာတောင်မှ ဆက်ပြီးဒုက္ခပေးနိုင်လိမ့်မည်ဟု သူတို့တွေးမထားခဲ့ကြပေ။

ရန်ရှု၏ – အသက်ဆယ့်ရှစ် သို့မဟုတ် ဆယ့်ကိုးနှစ်ခန့်ရှိသည့် – လက်ရှိချစ်သူကောင်လေးက သူသည်လှည့်စားခံရရုံသာမကဘဲ သူ့လူကိုရော ငွေကိုပါ ညတွင်းချင်းဆုံးရှုံးသွားကြောင်းကို သိလိုက်ရသည့်အခါမှာတော့ ကျန့်စစ်ထံအပြစ်လုံးလုံးပုံချခဲ့၏။

ထိုနေ့က ကျန့်စစ်သည် အချိန်ပိုဆင်းပြီးနောက် အိမ်အပြန်လမ်းတွင်ဖြစ်သည်။ လမ်းကြားကိုဖြတ်သည့်အချိန်မှာ ရုတ်တရက် သူ့နှာခေါင်းနှင့်ပါးစပ်ကိုအုပ်၍ ဆွဲခေါ်ခံလိုက်ရ၏။ ပြီးနောက်မှာတော့ အားပြင်းသည့်လက်သီးချက်နှင့်ကန်ချက်တို့ ဆက်တိုက်ပင်။

Jiang Jiu [ဘာသာပြန်] {Completed}Donde viven las historias. Descúbrelo ahora