[၇၃] သိပ်မဝေးတော့ဘူးထင်တယ်|သိပ္မေဝးေတာ့ဘူးထင္တယ္

2.8K 510 12
                                    

!unicode!

ရှုလင်ကျားပြောသွားသည်ကိုသျယ်ဟွေ့တွေးကြည့်မိပြီး သက်ပြင်းနက်နက်ချမိလျက် ဒီကိစ္စဟာပိုမိုရှုပ်ထွေးသထက်ရှုပ်ထွေးလာသည်ဟုခံစားနေရသည်။

ယင်းချန်ကိုအဝေးပို့လိုက်ပြီးနောက် သူမော့ကြည့်လိုက်ရာ မိုးကောင်းကင်မှာအေးစက်လို့နေပြီး ကြယ်များမှာအစက်အပြောက်တို့ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ နောက်လှည့်ကြည့်လိုက်ရာ ချန်ဟုန်နှင့်ချောင်ကျိတို့ကသူ့ကိုကြည့်နေသည်ကိုမြင်လိုက်ရပေသည်။

ညီငယ်နှစ်ဦး၏အကြည့်နှင့်မျက်နှာချင်းဆိုင်လိုက်ရရင်း သျယ်ဟွေ့မနေနိုင်ဘဲရှက်တက်တက်ပြုံးကာပြောမိသည်။
"ဒီလိုကြုံတောင့်ကြုံခဲစုဝေးပွဲက ဒီဟုန်မန်စားသောက်ပွဲကိုအဘက်ဘက်ကချောင်းမြောင်းတိုက်ခိုက်မှုအဖြစ်ပြောင်းလဲသွားလိမ့်မယ်မထင်ထားဘူး။ ဒီကိစ္စရဲ့နောက်ကွယ်ကိုကြည့်ရင် ဘယ်သူ့ကိုပစ်မှတ်ထားလဲပြောရခက်တယ်။ ပြီးတော့ မိစ္ဆာတွေကလည်းဒီကိစ္စထဲဆွဲသွင်းခံလိုက်မှာစိုးရွံ့မိတယ်။"

"ပဥ္စမညီတော်၊ ဆဌမညီတော်၊ ငါတို့ကကြောက်မက်ဖွယ်ဖြစ်ရပ်ကြီးနဲ့ရင်ဆိုင်ခဲ့ကြရတာ။ ငါကောင်းကောင်းမစားနိုင်တော့ အရမ်းစိတ်ပျက်မိတယ်။ မင်းတို့နှစ်ယောက်ထိုင်ပြီး ငါနဲ့စကားခဏပြောကြရ​အောင်။"

သူ့လက်အောက်ရှိအစေခံများမှာခပ်မြန်မြန်တုံ့ပြန်ကာ ရှုပ်ပွနေသောခြံဝန်းထဲတွင်နေရာလွတ်တစ်ခုဖြစ်သွားအောင်ခပ်သွက်သွက်ရှင်းပေးပြီး စားပွဲနှင့်ထိုင်ခုံများထပ်ချပေးပြန်သည်။

ညီအစ်ကိုသုံးဦးသည်စားပွဲဝိုင်းတွင်ပတ်ထိုင်ကာ ချန်ဟုန်ကပြောလာသည်။
"ခုနကရှုလင်ကျားဘာပြောသွားတာလဲ။"

သျယ်ဟွေ့ကခုနကရှုလင်ကျား၏စကားများကိုပြန်ပြောပြသည်။

ချောင်ကျိကဆိုသည်။
"သူဆိုလိုတာက ယန်ယွီကဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်ကအရာအားလုံးကိုစီစဥ်ခဲ့တဲ့တစ်ယောက်လို့လား။ ဒါမှမဟုတ် ယန်ယွီရဲ့ဝိညာဥ်လား၊ အငြိုးအတေးလား။"

ချန်ဟုန်ကပြောလာသည်။
"ကျွန်တော်ရှုလင်ကျားရဲ့ပင်ကိုယ်စရိုက်ကိုမြင်တယ်၊ သူကခန့်မှန်းချက်ပေါ်အခြေခံပြီး​ပေါက်ကရစကားတွေကိုပြောမှာမဟုတ်ဘူး၊ သူကချီရှင်းရဲ့တကယ့်သရုပ်မှန်ကိုသိနေတာကြာပြီဆိုတာပြောစရာမလိုဘူး။ သူဒီလိုပြောလာမှတော့ သူသက်သေနဲ့သဲလွန်စအချို့ရှာတွေ့ထားပြီးသားဖြစ်ပုံရတယ်၊ ဒါပေမဲ့ သူကကျွန်တော်တို့ကိုမပြဘူးလေ။ ဒီအသိပေးချက်ကိုပေါ့ပေါ့တန်တန်သဘောမထားနဲ့။"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now