အပိုင်း - ( ၁၇ ) ကြံစည်ခြင်း

1.7K 248 2
                                    

ဟယ်လင်း​၏အခန်းသည် လူမနေသည်မှာ လ၀က်ခန့်ရှိနေပြီ ဖြစ်သောကြောင့် ဖုန်များရှိနေလေသည်။ ထို့ကြောင့် မအိပ်ခင် သန့်ရှင်းရေးလုပ်ရန် ဟယ်လင်းဆုံးဖြတ်လိုက်သည်။ တွေးပြီးနောက်တွင် အခန်းထဲမှထွက်၍ မီးဖိုချောင်သို့သွားကာ ရေတစ်ဇလုံ ခပ်လာလိုက်သည်။ တော်သေးသည်က ညသန်းခေါင်ရောက်နေပြီ ဖြစ်သောကြောင့် ဟယ်လင်း ဟယ်မိသားစုတစ်ယောက်နဲ့မှ မဆုံခဲ့ချေ ။

ဟယ်လင်း ရေဇလုံကိုယူ၍ အခန်းထဲသို့ ပြန်သွားလိုက်ပြီး အင်္ကျီဟောင်းကိုဖြဲ၍ အ၀တ်စုတ်လုပ်ကာ ရေဇလုံထဲသို့ နှစ်ချလိုက်သည်။ ထို့နောက် ပြတင်းပေါက်ဘောင်များနှင့် ခုတင်စွန်းများကို သုတ်ရန် ပြင်လိုက်သည်။

ဟယ်လင်း မသုတ်ရသေးခင်မှာဘဲ တံခါးသည် တွန်းဖွင့်ခံလိုက်ရသဖြင့် ဟယ်လင်း လန့်သွားမိသည်။ အဒေါ်ချန်နှင့် အခြားသူများ ပြဿနာရှာရန်လာကြမည်စိုး၍ ဖြစ်ပေသည်။ ဟယ်လင်း လှည့်ကြည့်လိုက်သည့်အခါ ၀င်လာသူသည် ချွေးမလျိုဖြစ်ပြီး အိပ်ရာခင်းများကို ယူလာပေးတာ ဖြစ်ချေ၏။

ဟယ်လင်း ထိုအခါမှ စိတ်အေးသွားမိသည်။ ချွေးမလျိုနှင့် သူ့ကြား၌ ကတောက်ကဆမရှိခဲ့ဖူးသဖြင့် သူတို့၏ဆက်ဆံရေးသည် မဆိုးမကောင်းဟု ဆိုနိုင်ပေသည်။ ဟယ်လင်းအပေါ် ကောင်းပေးသည်အထိ မဟုတ်သော်လည်း ဟယ်ကျန့်နှင့် အဒေါ်ချန်ထက်တော့ သာပေသည်။ " မရီးအကြီးဆုံးပါလား ၊ နောက်ကျနေပြီလေ ၊ တစ်ခုခုဖြစ်လို့လား "

" မဟုတ်ပါဘူး ၊ မင်းက အိမ်မှာမနေတာ လ၀က်လောက်ရှိနေပြီဆိုတော့ အိပ်ရာခင်းတွေက အဆင်မပြေဖြစ်နေမှာစိုးလို့ ၊ ဒီမှာလေ အိပ်ရာခင်းအသစ်တွေ ယူလာပေးတာ " ဟုဆို၍ ချွေးမလျိုသည် လက်ထဲမှ အိပ်ရာခင်းကို မြှောက်ပြလေသည်။

" ဒါက...." ဟယ်လင်း ယူရမလား ၊ မယူရမလား မသိတော့ချေ ။ တစ်ဖက်လူက သူ့အား ဘယ်တုန်းကမှ သဘောကောင်းပြခဲ့ခြင်း မရှိခဲ့ဖူးပေ ။

ဟယ်လင်း၏ အတွေးများကို သိနေသည့်အလား ချွေးမလျိုက ထပ်ပြောပြန်သည်။ " အများကြီး တွေးမနေပါနဲ့ ၊ ဘာပဲဖြစ်ဖြစ် အစ်မတို့လည်း နှစ်တွေအကြာကြီး အတူနေလာပဲလေ သံယောဇဥ်တော့ ရှိသေးတာပဲမလား ၊ အစ်မက ချွေးမတစ်ယောက်ပဲမို့လို့ လူကြီးတွေကိစ္စကို ၀င်မပါရဲလို့ပါ ၊ အစ်မလုပ်ခဲ့တာတွေကို စိတ်ထဲမထားနဲ့တော့နော် "

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now