အပိုင်း - ( ၅၃ ) ၀ူမိသားစု

1.4K 175 11
                                    

" ကျွန်တော်တို့ယူလာတာတွေအားလုံးက သာမန်ပစ္စည်းလေးတွေပါပဲ ၊ အများကြီး မကျပါဘူး ၊ မရီးက ကိုယ်၀န်ကြီးနဲ့ဆိုတော့ မြို့ပေါ်တက်ဖို့ မလွယ်ဘူးလေ ၊ ဒါကြောင့် ကျွန်တော်တို့ပဲ ၀ယ်လာလိုက်တာ " ချီယွဲ့က​ ပြောနေရင်းဖြင့် ပစ္စည်းများအား လင်းရှန့်၏လက်ထဲသို့ အတင်းထိုးပေးနေလေသည် ။

" မင်းတို့က အစ်မတို့ကို မမေ့ဘူးပဲ " ၀ူယွ်ီလန် အနည်းငယ် ၀မ်းနည်းလာမိသည် ။ သူမ၏မိခင်အရင်းသည်ပင် သူမ ကောင်းကောင်းစားနေရရဲ့လားဟုသည်ကို မပူပန်ကြသော်ငြား ဤနှစ်ယောက်ကတော့ သူမအတွက် အမြဲလိုလို ထည့်တွေးပေးတတ်လေသည် ။

ဘေးတွင်ရပ်နေသော အဒေါ်လျန်က ထိုနှစ်ဦး၏၀တ်စားပုံကိုကြည့်ကာ ဘယ်သူဘယ်၀ါတွေမှန်း ခန့်မှန်းသွားနိုင်သည် ။ သူမတို့ရွာမှ မိန်းကလေးများနှင့် ကောအချို့က လက်ထပ်ပြီးနောက် ဤရွာသို့ပါသွားကြပြီး မိသားစုထံသို့ အလည်အပတ်ပြန်လာသည့်အခါတွင် အသစ်အဆန်းသတင်းများကို ပြန်ပြောပြလေ့ရှိကြသဖြင့် ထိုနှစ်ယောက်၏နာမည်များကို သူမ ကြားဖူးထားလေသည် ။ ထိုနှစ်ဦးက သူမသမီးနှင့် ရင်းနှီးကြသည်ဟု ဆိုကြသဖြင့် သူမ ပို၍သတိထားခဲ့မိတာလည်း ဖြစ်ပေသည် ။

ယခုမှသာ ပထမဆုံး လူချင်းတွေ့ဖူးခြင်းဖြစ်၍ အဒေါ်လျန်လည်း ခေါင်းအစခြေအဆုံးကြည့်ရင်း ဟယ်လင်းက တကယ်ကို ကောလဟလများထဲမှအတိုင်း လှည့်ဖြားတတ်သော မြေခွေးလိုရုပ်နှင့်ဖြစ်​သည်ဟု တွေးနေမိသည် ။ ထိုကောင်လေးက လိမ္မာသောကောလေးတစ်ယောက် ဖြစ်ပုံမပေါ်ပါ ။

တစ်ဖက်က ချီယွဲ့ဆိုတဲ့သူကကြ တကယ်ကို ချမ်းသာသည့် သခင်ငယ်လေးတစ်ယောက်လိုပင် ဖြစ်လေသည် ။ ရက်ရက်ရောရောနဲ့ ပစ္စည်းတွေအများကြီးလည်း ယူလာပေးသေးတယ် ၊ သေချာပေါက် ပိုက်ဆံအများကြီး တန်မှာပဲ ! သို့ဖြစ်ရာ အဒေါ်လျန်၏မျက်လုံးများက ရဲလာတော့သည် ။ ဒီလိုလူနဲ့ ရင်းနှီးနေတာကိုတောင် လက်ထဲမှာပိုက်ဆံမရှိဘူးလို့ ပြောနေတဲ့ သမီးဖြစ်သူရဲ့စကားကို ယုံကြည်မိရင် သူမကပဲ ထူးဆန်းနေတော့မှာပေါ့ ။

" ဒီကနှစ်ယောက်က ချီယွဲ့နဲ့ဟယ်လင်း ဟုတ်တယ်မလား " ဘယ်သူကမှ သူမကို မိတ်ဆက်မပေးသဖြင့် အဒေါ်လျန်လည်း ကိုယ်တိုင်ပဲ ပါးစပ်ဟကာ စကားစလိုက်ရတော့သည် ။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now