အပိုင်း - ( ၄၄ ) ကြံစည်နေကြခြင်း

1.4K 192 4
                                    

ကျန်းယွဲ့ဖုန်း လက်ထဲရှိ ယပ်တောင်အား ခပ်တင်းတင်း ဆုပ်ကိုင်ထားရင်း ရွှီဟွာနှင့်အတူယှဥ်၍ လမ်းလျှောက်နေရသည် ။ နံဘေးရှိလူအား မကြာမကြာ ခိုးခိုးကြည့်နေမိကာ နှုတ်ခမ်းကိုလည်း ဖွင့်မလိုက်ပိတ်မိလိုက် လုပ်နေမိသော်ငြား ဘာပြောရမလဲဆိုသည်ကိုတော့ သိမနေပါ ။ ကျန်းယွဲ့ဖုန်း စိတ်ထဲ၌ ကိုယ့်ကိုယ်ကို ဒေါသထွက်နေမိသည် ။ ပုံမှန်ဆို တစ်ဖက်လူကို ရှက်သွားသည်အထိ စနောက်တတ်ပါသော်ငြား ဘာလို့များ အခုကြမှ အသုံးမကျဖြစ်နေရတာလဲ !

' ဖက် 'ခနဲအသံကြောင့် ရွှီဟွာ လှည့်ကြည့်လိုက်သည့်အခါ ကျန်းယွဲ့ဖုန်းက ယပ်တောင်ကို သူ့ခေါင်းမှ ပြန်ခွာလိုက်သည်ကို တွေ့လိုက်ရလေသည် ။ သူက ဘာလို့ သူ့ကိုယ်သူ ရိုက်နေရတာလဲ ။ ရွှီဟွာ တွေဝေစွာ မေးလိုက်မိသည် ။ " သခင်လေးကျန်း ၊ ခင်ဗျား ... အဆင်ပြေရဲ့လား "

" ဟမ် ? မဟုတ်ဘူး မဟုတ်ဘူး ၊ ယင်ကောင်က ခေါင်းပေါ်လာနားလို့လေ " ကျန်းယွဲ့ဖုန်း အမြန်ပဲ ခေါင်းခါပြလိုက်ကာ ယပ်တောင်ကိုဖြန့်၍ ခတ်ပါခတ်ပြလိုက်သည် ။ " နွေရာသီတောင်မရောက်သေးဘူး ၊ ယင်ကောင်တွေက ရှိနေပြီ ၊ တကယ် စိတ်ရှုပ်စရာပဲနော် "

ရွှီဟွာ သင်္ကာမကင်းစွာ ဘေးဘီကို ဝေ့၀ဲ၍ကြည့်လိုက်မိသည် ။ ဘာလို့ သူကြတော့ ယင်ကောင်တွေကို မမြင်မိတာပါလိမ့် ။

တစ်ဖက်လူက အတည်ကြီး ယင်ကောင်တွေကို လိုက်ရှာနေသဖြင့် ကျန်းယွဲ့ဖုန်း ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ကာ စကားလမ်းကြောင်း ပြောင်းလိုက်ရသည် ။ " ဟွာကောအာက လင်းကောအာနဲ့ ငယ်ငယ်လေးတည်းက သိကြတာလား "

ရွှီဟွာက ဘေးဘိိီကို လျှောက်ကြည့်နေရာမှ ပြန်လှည့်လာကာ ခေါင်းခါပြသည် ။ " မဟုတ်ပါဘူး ၊ ကျွန်တော် သူနဲ့သိတာ တကယ်က သိပ်တောင်မကြာသေးဘူး "

" ဪ ? " ကျန်းယွဲ့ဖုန်း မယုံနိုင်စွာ ကြည့်နေမိသည် ။ ယနေ့ကိစ္စကိုကြည့်ရသည်မှာ မသိပါက ထိုနှစ်ယောက်က အတူတူကြီးပြင်းလာကြသည့်အတိုင်း ဖြစ်နေခဲ့လေသည် ။

ရွှီဟွာ ပြုံးလိုက်မိသည် ။ သူနှင့် ဟယ်လင်းကြားတွင် တကယ်ကို ရှင်းပြလို့မရသော ရေစက်မျိုးရှိနေသည့်ပုံပင် ။ မသိပါက သူငယ်ချင်းတွေ ဖြစ်လာဖို့ ဖန်တီးထားသည့်အလားပင် ။ " လင်းကောအာက အရမ်းလှတယ်မလားဟင် "

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now