အပိုင်း - ( ၃၀ ) လူသေခြင်း

1.9K 305 7
                                    

လေးယောက်သား လမ်းခွဲပြီးနောက်တွင် ချီယွဲ့နှင့် ဟယ်လင်းမှာ အစားအသောက်နှင့် ရိက္ခာအချို့ကို၀ယ်ကာ မြို့အ၀င်တွင်ရပ်ထားခဲ့သော လှည်းရှိရာသို့ ပြန်သွားလိုက်ကြသည်။ မုယန်က သူတို့ကိုမြင်သောအခါ အကြာကြီး သွားနေရသလားဟူသည့်သဘောဖြင့် ဟီလိုက်သည်။

ဟယ်လင်း မုယန်၏လည်ဆံမွှေးကို ပွတ်သပ်ပေးရင်း မေးလိုက်သည်။ " မုယန်က စောင့်ရတာကြာလို့ ပျင်းနေတာလား "

မုယန်က အဖြေပြန်ပေးသည့်အနေဖြင့် တစ်ချက်ဟီလိုက်ပြန်ကာ ခွာကိုဆောင့်လိုက်လေသည်။

" သူက စိတ်ဆိုးရတာ ကြိုက်တဲ့ကောင်လေ ! " ချီယွဲ့က မုယန်အား ခေါင်းပုတ်ပေးပြီးနောက် ဟယ်လင်းကိုလှည့်ပြောသည်။ " သွားကြရအောင် "

ဟယ်လင်းက မုယန်၏လည်ဆံမွှေးကို ပွတ်သပ်ပေးနေရာမှရပ်ကာ သူ့ကို တွေဝေနေသလို ပြန်ကြည့်လာသည်။

ဘာတွေးနေသည်ကို ချီယွဲ့သိသဖြင့် သူတို့ရွာမှ ကျောက်မိသားစု၏ နွားလှည်းရှိရာသို့ မေးငေါ့ပြလိုက်သည်။ " သူတို့က ကိုယ်တို့ကို သဘောမကျမှတော့ ကျောက်မိသားစုက နွားလှည်းနဲ့ပြန်ရတာကို ပိုကြိုက်ကြမှာပါ "

သူတို့အတွက် ပြန်ဖို့နည်းလမ်းရှိနေသေးသဖြင့် ဟယ်လင်းလည်း ပူမနေတော့ပါ ။

ချီယွဲ့ ဟယ်လင်းအား လှည်းပေါ်တင်ပေးပြီးနောက်တွင် သူလည်းတက်လိုက်ပြီး မြို့မှနေ ပြန်ထွက်လာလိုက်သည်။

အဒေါ်ချန်နှင့် ဟယ်ကျန့်တို့က ချီယွဲ့လှည်းထားခဲ့သည့်နေရာသို့ ပြန်ရောက်လာကြသည့်အခါတွင် နေရာလွတ်ကိုသာ မြင်လိုက်ကြရသည် ။ သို့ဖြစ်၍ အဒေါ်ချန်မှာ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်လေ၏။

" ထားလိုက်ပါ အမေရာ ၊ ဦးလေးကျောက်ရဲ့နွားလှည်း ရှိသေးတာပဲမလား " ဟယ်ကျန့်က ထိုအခြေအနေမျိုးကို မျှော်လင့်ထားပြီးသားဖြစ်သည်။ အဒေါ်ချန်ကြောင့် ချီယွဲ့က သူ့အပေါ်ပို၍ အဆိုးမြင်သွားမည်ကို စိုးရိမ်နေခဲ့တာဖြစ်သည်။

" နွားလှည်းက ချီယွဲ့ရဲ့မြင်းလှည်းလောက်မှ သက်သောင့်သက်သာ မရှိတဲ့ဟာ ၊ ပြီးတော့ ပိုက်ဆံကလည်း ပေးရဦးမယ် ! " အဒေါ်ချန်မှာ အလွန်ဒေါသထွက်နေလေ၏။ ချီယွဲ့၏မြင်းလှည်းက ကျယ်လည်းကျယ်ပြီး သက်သောင့်သက်သာလည်း ရှိသော်ငြား ကျောက်မိသားစု၏လှည်းသည်ကား လူများဖြင့်ပြည့်ကျပ်နေပြီး စီးရတာလည်း ခုန်နေသော်ငြား တစ်ယောက်ကိုငွေတစ်ပြားပေးရလေသည် ။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now