အပိုင်း - ( ၃၃ ) ပိုက်ဆံချေးမလို့ပါ

1.9K 309 8
                                    

" ၀မ်းကွဲ ကြက်ပေါက်လေးတွေ သွား၀ယ်လာတာလား " မကြားချင်ယောင်ဆောင်လိုက်ရင် ကောင်းမလားဟု ဟယ်လင်းတွေးနေစဥ်တွင် ဟယ်ကျန့်က သူ့ရှေ့ထိရောက်လာကာ နှုတ်တောင်ဆက်နေလေပြီ ။

ဟယ်လင်းသည် မျက်နှာကို အ၀တ်ဖြင့်ပတ်မထားတော့သလို ပေါ်နေသော အရေပြားနေရာများကလည်း ပြဿနာကြီးကြီးမားမား မရှိတော့ပေ ။ သို့သော်လည်း အချို့နေရာများ၌ အနာဖေးများကွာကျကာ အသားနီတက်လာသဖြင့် အနည်းငယ်ရဲနေသေးလေသည် ။ ကြည့်ရသည်မှာ လွန်ခဲ့သောနှစ်ရက်က သွားခဲ့သည့်ဆေးခန်း၌ ဖြေဆေးတွေ့လာခဲ့သည့်ပုံပင် ။

" ကြက်ပေါက်လေးတွေ ၀ယ်ချင်တာများ ဘာလို့အိမ်ကိုမလာခဲ့တာလဲ ၀မ်းကွဲရဲ့ ၊ အိမ်ကကြက်လေးတွေလည်း ပြီးခဲ့တဲ့နှစ်ရက်ကမှ ပေါက်ထားတာ ၊ တော်တော်လေး တက်တက်ကြွကြွ ၀၀ဖြိုးဖြိုးရှိကြပါတယ် " သူတို့နှစ်ဦးသည် ငယ်ပေါင်းကြီးဖော် တစ်ရင်းတစ်နှီးဖြစ်ကြသော ၀မ်းကွဲများပမာ ဟယ်ကျန့်က ရင်းရင်းနှီးနှီး ပြောလို့နေသည် ။

ဟယ်လင်းကမူ ဘာမှပြန်မပြောချေ ။ ဘာပြန်ပြောရမည် မသိတာကြောင့်လည်းဟုတ်သလို ပြန်မပြောချင်သောကြောင့်လည်း ဟုတ်ပေသည် ။

ဟယ်လင်းက ဘာမှပြန်မပြောသည့်အခါ ဟယ်ကျန့်သည် ဟယ်လင်း၏၀တ်ရုံလက်ကိုဆွဲပြီး မ၀ံ့မရဲဖြစ်နေဟန်ဖြင့် ဆိုလာသည်။ " အခုထိ ငါ့ကိုစိတ်ဆိုးနေတုန်းပဲလားဟင် ၀မ်းကွဲ "

ဖြတ်သွားဖြတ်လာရွာသားများကလည်း ထိုနှစ်ဦးကိုတွေ့သည့်အခါ တမင်ကိုအရှိန်လျှော့လိုက်ကြပြီး အတန်ကြာသည်အထိ ထွက်မသွားကြသေးဘဲ သိသိသာသာ စပ်စုနေကြလေ၏။

ဟယ်ကျန့်၏ အနိုင်ကျင့်ခံနေရပါတယ်ဟူသော အမူအရာသည် ထိုလူများမြင်ရန်အတွက်သာ တမင်လုပ်ပြနေတာဖြစ်သည် ။ ဟယ်လင်းလည်း မျက်လုံးမှိတ်လိုက်ကာ ပြန်ဖြေပေးလိုက်သည်။ " စိတ်မဆိုးပါဘူး ၊ ဘာကိစ္စမှမရှိဘူးဆိုရင် ကျွန်တော်သွားတော့မယ် ဟယ်ကျန့် "

" ခဏလေး ! " ဟယ်ကျန့်က ဟယ်လင်းကို လက်လှမ်းဆွဲသည် ။ " တကယ်စိတ်မဆိုးဘူးဆိုရင် ဘာလို့ ၀မ်းကွဲက ငါနဲ့စကားမပြောချင်နေတာလဲ "

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now