သူတို့တစ်စု ရေနွေးကြမ်း နှစ်ခွက်သုံးခွက်လောက် သောက်ပြီးသွားကာ အတန်ကြာသည်အထိ အနားယူနေပြီးနောက်တွင် ကျန်းယွဲ့ဖုန်းက အမောတကြီး ရောက်လို့လာသည် ။ ထိုလူက မောဟိုက်နေကာ နဖူးတွင်လည်း ချွေးများစို့နေပြီး အ၀တ်အစားများကလည်း ဖရိုဖရဲဖြစ်နေသဖြင့် ဤနေရာသို့ အပြေးလာခဲ့မှန်း သိသာလှသည် ။
" ကျန်းသခင်လေး ၊ လမ်းမှာ ဓားပြနဲ့များ တွေ့လာခဲ့လို့လား " ချီယွဲ့ တစ်ဖက်လူအား လက်ဖြင့် ယပ်ခတ်ပေးလိုက်ရင်း စနောက်လိုက်သည် ။
ထိုသို့ကြားလိုက်သည့်အခါ ကျန်းယွဲ့ဖုန်းလည်း ကိုယ့်ကိုယ်ကို ငုံ့ကြည့်လိုက်ပြီး ရှက်သွားကာ သူ့ကိုယ်သူ ပြန်ပြင်ဆင်လိုက်ရလေသည် ။ တကယ်က သူ ဒီနေ့ ဘယ်ကိုမှသွားဖို့ စိတ်ကူးမရှိခဲ့ပါ ၊ မရှိဆို ဤပွဲက သူ့အတွက် အသစ်အဆန်းမှ မဟုတ်တော့ဘဲ ။ သို့သော်လည်း ချီယွဲ့က ရုတ်တရက်ကြီး လူလွှတ်ကာ သူနှင့်အတူ ရွှီမိသားစုကိုပါ ခေါ်လာခဲ့ကြောင်း ကျန်းယွဲ့ဖုန်းထံသို့ ပြောခိုင်းလိုက်သဖြင့် သူလည်း အပျော်လွန်သွားကာ တစ်လမ်းလုံးပြေးလာခဲ့သည်မှာ လူအုပ်ကြီးကိုလည်း ဂရုစိုက်မနေနိုင်ခဲ့ ။
အင်္ကျီများကို ပြန်ပြင်ပြီးနောက်တွင် ကျန်းယွဲ့ဖုန်း လက်နှစ်ဖက်ကိုယှက်၍ အဖေရွှီအား နှုတ်ဆက်လိုက်သည် ။ " မင်္ဂလာပါ ဦးလေးရွှီ ၊ မရိုမသေဖြစ်သွားတဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပါ "
" ရပါတယ် ကျန်းသခင်လေး စိတ်ထဲမထားပါနဲ့ ! " အဖေရွှီ ခေါင်းညိတ်ပြလိုက်ရင်း ရင်ထဲ၌ကြိတ်၍ သက်ပြင်းချလိုက်မိသည် ။
ဒီကလေးက တကယ့်ကို လူကောင်းလေးပါပဲ ၊ ဒါပေမယ့်လည်း ...
လူကြီးကိုနှုတ်ဆက်ပြီးနောက်တွင် ကျန်းယွဲ့ဖုန်း သူ သဘောကျနေသူထံသို့ လှည့်ကြည့်လိုက်မိသည့်အခါ သူ့ရင်က တစ်ဒုတ်ဒုတ်ဖြင့် မရပ်မနား ခုန်လာတော့သည် ။ " ဟွာကောအာ ၊ မင်းလည်း ရှိနေတာပဲ ... "
ရွှီဟွာ တစ်ဖက်လူနှင့် အကြည့်ချင်းဆုံသွားမိသည့်အခါ မထင်မှတ်ထားပါဘဲ ယခင်ရက်ပိုင်းက ဟယ်လင်း သူ့ကိုမေးခဲ့ဖူးသည့်မေးခွန်းနှင့် သူ ပြန်ဖြေခဲ့သောအဖြေကို ပြန်သတိရသွားမိကာ ရှက်လာမိသဖြင့် မလုံမလဲဖြင့် ခေါင်းကိုသာ ညိတ်ပြလိုက်မိတော့သည် ။
![](https://img.wattpad.com/cover/329399903-288-k243251.jpg)
YOU ARE READING
[ BL ] ကျေးလက်သို့ အပြန်
Historical FictionBack To The Countryside [ Myanmar Translation ] Author - 北冥魑 Original publisher - jjwxc Associated names - 归隐乡野 Status in COO - 96 Chapters + 2 Extras ( total = 98 Chapters ) Disclaimer - I don't own any parts of this story ! All credits go to Auth...