အပိုင်း - ( ၂၀ ) အနမ်း

2.2K 324 10
                                    

တစ်နာရီမျှ အိပ်ပြီးနောက်တွင် ဟယ်လင်း နိုးလာသည်။ ခန္ဓာကိုယ်က အားနည်းနေသေးသော်လည်း ယခင်ကထက်တော့ ပို၍နေလို့အဆင်ပြေလာပြီ ဖြစ်သည်။ ဟယ်လင်း ခုတင်အောက်သို့ ခြေချလိုက်သည့်အခါတွင် အခန်းထဲရှိ စားပွဲ၀ိုင်း၌ လူနှစ်ယောက်ထိုင်ကာ စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။ ၀ူယွီလန်နှင့် ကောတစ်ယောက်ဖြစ်ပေသည်။

" နိုးလာပြီလား ၊ ဘယ်လိုနေသေးလဲ ၊ နေရတာ အဆင်မပြေ ဖြစ်နေသေးလား " လီကျောက်နှင့် စကားပြောနေခဲ့သည့် ၀ူယွီလန်က ထလာပြီး ဟယ်လင်းကို လာမေးလေ၏။

ဟယ်လင်း အဆင်ပြေနေပြီဖြစ်ကြောင်း ခေါင်းခါပြလိုက်ကာ လီကျောက်ကို ကြည့်လိုက်မိသည်။ တစ်ရွာတည်းသားတွေဖြစ်၍ သူ လီကျောက်ကို သိပေသည်။ သို့သော်လည်း ရင်းတော့မရင်းနှီးပါ ။ သူစိမ်းရှိနေသည်ကို သူက တစ်လျှောက်လုံး အိပ်နေခဲ့မိခြင်းအား တွေးမိကာ ဟယ်လင်း ရှက်လာပြီး နားရွက်ဖျားလေးများ ရဲလာတော့သည်။

ထိုသည်ကို တွေ့သည့်အခါ လီကျောက် ရယ်လိုက်မိပြီး " စိတ်ထဲ မထားပါနဲ့ ၊ နေမကောင်းလို့ အနားယူနေတာပဲဟာ ၊ ရပါတယ် " ဟုဆိုလိုက်သည်။

၀ူယွီလန်ကလည်း ဟယ်လင်း၏ နားရွက်ဖျားလေးများ ရဲနေသည်ကိုကြည့်ကာ အသည်းယားသွားပြီး ခပ်ဖွဖွဆွဲလိုက်လေသည်။ " အစ်မက သူနဲ့ ရင်းနှီးတယ် ၊ ဒါကြောင့် နောက်နောင် ဆုံခဲ့ရင်လည်း ရင်းရင်းနှီးနှီး အစ်ကိုကျောက်လို့ပဲ ခေါ်ပေါ့ "

" အစ်ကိုကျောက် " ဟု ဟယ်လင်းက စမ်းခေါ်ကြည့်လိုက်ကာ နားရွက်ဖျားလေးများလည်း ရဲမနေတော့ပေ ။

လီကျောက်လည်း ဟယ်လင်းက စိတ်ထားကောင်းကာ အပြုအမူကောင်းရှိသူဖြစ်သည်ကို ခံစားမိ၍ ခင်ခင်မင်မင်ပဲ ပြန်ဆက်ဆံလေသည်။ " အခုကစပြီး ဘာမှလုပ်စရာမရှိရင် နည်းနည်းပါးပါး လည်ပတ်နေပေါ့ ၊ ပြီးတော့ မင်းက ချည်ထိုးပန်းထိုးနဲ့နေရာမှာ တော်တယ်ဆို ? ငါ့ကိုလည်း သင်ပေးပါဦး "

ဟယ်လင်းက လက်လေးတစ်ခါခါဖြင့် " ကျွန်တော်က ဒီအတိုင်းပဲ ထိုးတက်တာပါ ၊ အစ်မ ၀ူယွီလန်ပြောသလောက် မကောင်းပါဘူး " ဟု ပြန်ငြင်းသည်။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now