ဒီနေ့ ချီယွဲ့နိုးလာတော့ ကောင်းကင်ကြီးက ထိန်ထိန်လင်းလို့နေလေပြီ ။ ချီယွဲ့ ခေါင်းကိုလှည့်ကာ စောင်အောက်တွင် အေးအေးချမ်းချမ်း အိပ်လို့နေသော နံဘေးရှိ ဟယ်လင်းအား ကြည့်လိုက်ပြီးနောက် မျက်နှာလေးကိုငုံ့ကာ နမ်းလိုက်သည် ။ ပြီးနောက် သူ အရင်ဆုံး ထလာလိုက်သည် ။
ဆေးကြောပြီးနောက် မီးဖိုချောင်သို့သွားကာ မနက်စာပြင်နေလိုက်သည် ။ ဒီရက်ပိုင်းအတွင်း လယ်ထဲ၌ အလုပ်များနေခဲ့သဖြင့် ကောင်းကောင်းမွန်မွန် မစားခဲ့ရပေ ။ ထို့ကြောင့်ပဲ အားလင်းက နည်းနည်းတောင် ကိုယ်အလေးချိန်ကျသွားသည်ဟု သူ ထင်နေမိတော့သည် ။
အသားများကို နုတ်နုတ်စဥ်းပြီးနောက် ဘေးတွင် ထားထားလိုက်သည် ။ ပြီးနောက် ချီယွဲ့ ဂျုံများကိုနယ်ကာ ဖက်ထုပ်လိပ်ရန် ဖက်ရွက်လေးများလုပ်ပြီးနောက် အသားများထည့်ကာ ဖက်ထုပ်လေးများထုပ်လိုက်သည် ။ ပြီးသွားသည့်အခါတွင်တော့ ဒယ်အိုးထုတ်ကာ ကြက်ဥကြော်လိုက်ပြီး အပေါ်တွင် တင်ထားလိုက်သည် ။
အားလုံးလုပ်ပြီးနောက်တွင်တော့ အခန်းထဲသို့ ပြန်သွားလိုက်သည် ။ မျှော်လင့်မထားစွာပင် ဟယ်လင်းက အိပ်နေတုန်းဖြစ်ကြောင်း တွေ့လိုက်ရပေသည် ။ နိုးလာမည့်အရိပ်အယောင်လည်း ရှိမနေသေးပါ ။ ချီယွဲ့ မျက်မှောင်ကြုံ့လိုက်ရင်း မျက်နှာပေါ်တွင်ကျနေသော ဆံပင်လေးများကိုပါ ဖယ်ပေးလိုက်သော်ငြား ထိုကောင်လေးက လုံး၀လှုပ်မလာသဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမှန်း သိသာလှသည် ။
ဒီနှစ်ရက်အတွင်း ပင်ပန်းသွားလို့နေမှာဟုသာ ချီယွဲ့ ခန့်မှန်းလိုက်သည် ။ ချီယွဲ့လည်း မနှိုးရက်သဖြင့် စောင်ကိုသာဆွဲခြုံပေးလိုက်ပြီး အခန်းထဲမှ ပြန်ထွက်လာလိုက်တော့သည် ။
ဖက်ထုပ်များကိုစားလိုက်ပြီးနောက် ကျန်သည်များကို အ၀တ်ဖြင့်အုပ်ထားပေးလိုက်သည် ။ သူ့ဖုလန်လေးနိုးလာမှပဲ သူ့ဘာသာ ဖက်ထုပ်အစိမ်းတွေကို ကြော်စားလို့ရအောင်ဖြစ်သည် ။
လုပ်စရာရှိတာအကုန်လုပ်ပြီးနောက် ချီယွဲ့ သူ့ဘာသာပဲ လယ်ထဲသို့ ထွက်လာလိုက်သည် ။ အခုဆိုရင် ရွာထဲက ဘယ်သူကမှ သူ့အိမ်ကို မကောင်းမကြံရဲကြတော့သဖြင့် သူ စိတ်အေးအေးထားလို့ရနေလေပြီ ။
YOU ARE READING
[ BL ] ကျေးလက်သို့ အပြန်
Historical FictionDescription ကို Book အထဲမှာ ပြန်ရေးပေးထားပါတယ် ၊ ကော်ပီရိုက်ငြိမှာစိုးလို့ ဖျက်ထားတာပါ ~
![[ BL ] ကျေးလက်သို့ အပြန်](https://img.wattpad.com/cover/329399903-64-k243251.jpg)