အခန်း-၁၀

553 19 11
                                    

ခြေဖျားမှ ငယ်ထိပ်အထိ ရှက်စိတ်များ ဖြန်းခနဲမွှန်သွားသောမဟာမြိုင်မှာ မျက်နှာကြီး ရဲခနဲဖြစ်သွားသဖြင့်
စံရှားမောင်မှာ စနောက်ခြင်းလွန်လွန်းပြီဟု နောင်တရကာ အရှက်ပြေအောင် ချော့မော့မည်အပြု မင်းဘုရားက
မချိပြုံးပြုံးကာ စံရှားမောင်၏ မျက်နှာ အနီးသို့ကပ်၍

"လူရမ်းကားကြီးနဲ့ အတူနေရင်
လူရမ်းကားလေးဖြစ်သွားမှာပေါ့
လူတော်ကြီးနဲ့နေရင်
လူတော်လေးဖြစ်မှာလို့
ရှား ပြောခဲ့ပြီးပြီလေ
ကိုင်းပြော... ရှား ကျွန်တော့်ကို
ဘာဖြစ်စေချင်သတုန်း"

စံရှားမောင်က ပြုံးသည်။

ပြုံးရုံမျှဖြင့် မကျေနပ်တော့ဘဲ လက်ခုပ်လက်ဝါးများတီးကာ
တဟားဟား အော်ရယ်သည်။

"ဒါမှ ကိုယ့်မြိုင် !!
ဒါတွေက ချစ်ဖို့ကောင်းတာ"

နုံသည်ထင်ရသော ဒင်းကလေးက တစ်ပတ်ပြန်ရိုက်လိုက်သောအခါ
စံရှားမောင် ရယ်လျက်သာ ကျေကျေနပ်နပ်ကြီး ဆလံပေးလိုက်၏။

"ကိုင်း လာဗျာ
ကျွန်တော် လူတော်ကြီး အိမ်ထဲဝင်ပါ့မယ်
လူတော်ကလေး လိုက်ပါတော်မူပါ"

စံရှားမောင်၏ ကျောပြင်ကိုကြည့်ကာ မဟာမြိုင် ပြုံးစိစိနှင့် အိမ်ထဲဝင်လိုက်သည်။

ဧည့်ဝတ်ကျေသော အိမ်ရှင်ကလေးက ဧည့်သည်ကြီးကို ဧည့်ခန်းအတွင်း၌သာ ထိုင်နေစေ၏။

မျက်စိအောက်မှ တစ်ချက်ကလေး အပျောက်မခံချင်သောသဘော၊ သူကလေးကို နည်းနည်းမှ သက်သာသက်သာ ကူလုပ်ပေးချင်သောသဘောများနှင့် နောက်ဖေးအတူဝင်မည်ပြောသည်ကို

"ငြိမ်ငြိမ်ကလေးနေပါဗျာ
ဒါလည်းကူညီရာရောက်ပါတယ်"

ဟုဆိုသဖြင့် စံရှားမောင်မှာ ဧည့်ခန်းအတွင်း စီးကရက်သာ ဖွာရှိုက်နေတော့၏။

မဟာမြိုင်မှာ ညစာပြင်ပြီး၍ ဧည့်ခန်းအတွင်းဝင်အလာ ဆိုဖာ၌
ကလန်ကလျား လျှောလျှောကြီး အိပ်ပျော်နေသူကို တွေ့ရသည်။

*အဖျားများ တက်နေရော့သလား* ပူပန်မိကာ နှဖူး‌ပြေပြေဆီ ဖြတ်ခနဲ လှမ်းစမ်းအကြည့် သာမန်ကိုယ်ငွေ့မို့ ရတက်အေးရသည်။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now