လူကြီးသူမ များက စေ့စပ်ကြောင်းလမ်းခြင်းမင်္ဂလာ ပြုတော့မည်မို့ လူငယ်များဖြစ်သော တိမ်ညို၊ သတိုး နှင့် မြသာ တို့အား သီးသန့်ဧည့်ခံရန် စံရှားမောင်နှင့် မဟာမြိုင်တို့က ခြံအတွင်း၌ စားပွဲဝိုင်းတစ်ခု ပြင်ပေးထား၏။
ဖအေအနားက မခွာချင်သော ခွန်းမြသာက "ပါပါးအနားမှာပဲ နေမယ်" ဟုဆိုသည်အား ဦးမြမောင်က ရိပ်စားမိအောင် မျက်နှာကဲပြလွှတ်လိုက်သည်မို့ ခြံထဲသို့ တလည်လည် ပါလာရသည်။
(ဖအေအနားက မခွာချင်သော ဟုရေးချလိုက်ရသော်ငြား တကယ်တမ်းမြသာမှာ ကျွန်ုပ်နှင့်မျက်နှာချင်းဆိုင်ရမည်ကို ကြောက်၍ခြံထဲမလိုက်ချင်မှန်းကို ထိုကတည်းက ရိပ်မိပါ၏။)
"ဟေ့ ကလေးတွေ လာကြကွ
ဒါ ငါတို့ဝိုင်းတဲ့!!
မုန့်နဲ့ ကော်ဖီတွေ အဝစွဲကြမယ်
ဘော်ဒါတို့!!!"တိမ်ညိုက စားပွဲဝိုင်းထိပ်၌ ထိုင်ကာ မုန့်များကို လက်နှင့်မဆန့်အောင်ကိုင်လျက် ဗျာများနေရှာသည်။
သတိုးက တိမ်ညိုအနီး၌ ကပ်၍ ထိုင်ချလိုက်ရာ ခွန်းမြသာက ခပ်ဝေးဝေး၌ ထိုင်လိုက်၏။
"သတိုး! ငါ့လူ! စားဟ!!"
ပါးလုတ်ပါးလောင်းစားနေသော တိမ်ညိုက သတိုးဘက်သို့ မုန့်များတိုးပေးသဖြင့် သတိုးကပါ မြိုင်မြိုင်ဆိုင်ဆိုင်လိုက်၍ စားသောက်သည်။
ခွေး, ဘုရားပွဲတွေ့ ဆိုသလို စားသောက်နေကြသော တိမ်ညိုနှင့် သတိုးကို
သူဌေးသား ခွန်းမြသာက မျက်မှောင်တကျုံ့ကျုံ့နှင့် ကြည့်နေ၏။(ထိုအချိန်မှစ၍ နောက်ပိုင်း ကျွန်တော်နှင့်အစ်ကိုတိမ်ညိုတို့၏ ရေပက်မဝင်သော ဘော်ဒါ ဆက်ဆံရေးဖြစ်လာရခြင်းမှာ နှစ်ယောက်လုံး အစားတစ်လိုင်းဖြစ်ကြခြင်း အရင်းခံ၏။
အစ်ကိုတိမ်ညိုမှာ အလုပ်နားသည့်ရက်များ၌ 'ဘာကောင်းသတဲ့ ၊
ဘယ်ဟာမြိန်သတဲ့ ' စသည်ဖြင့် ဈေးပေါသော အစားအစာများအကြောင်း စုံစမ်းကာ ကျွန်ုပ်ကိုပါ အပါခေါ်သဖြင့် အစားမက်သော ကျွန်တော်မှာ အစ်ကိုတိမ်ညိုနှင့် ခင်ရခြင်းအား ကျိကျိတက်ချမ်းသာသော သူဌေးကြီး၏ သားတစ်ဦးနှင့် ခင်ရသည်ထက်ပင် အပုံကြီး ဝမ်းသာမိသေးသည်။
စားသောက်ခြင်း၌ ကျွန်တော်တို့နှစ်ဦး အတွဲညီပုံကား ဈေးမှလူများက
"သင်းကြိုင်ရဲ့သားနှစ်ယောက်ဆိုရင်
ပန်းကန်ဆေးလွတ်" ဟု စနောက်ကြသည်အထိပင်။
ထိုစဉ်က ကျွနုပ်မှာ အများတကာကဲ့သို့ ဆရာဝန်ကြီး၊အင်ဂျင်နီယာကြီး၊ဘာကြီးညာကြီး များဖြစ်ရမည်ဟု မဟုတ်ဘဲ အစ်ကိုတိမ်ညိုနှင့်အတူ
စားချင်သမျှစားနိုင်ရန် ပိုက်ဆံ လုံလုံလဲလဲကလေး ရနိုင်မည့်လုပ်ငန်းလေး ရှိချင်သည်ဟု တော်ရိလျော်ရိကလေး ရည်မှန်းချက် ထားခဲ့ဖူးပါသည်။
အကြောင်းအမျိုးမျိုးကိုအရင်းခံမှု့ကြောင့် သူငယ်ချင်း အချို့ ရှိ၍ အကြောင်းအမျိုးမျိုးကြောင့် သူငယ်ချင်းအဖြစ်ဆက်တည်ရှိမနေကြသည်များလည်း ရှိပေ ရာ
အစ်ကိုတိမ်ညိုကဲ့သို့ အစားမက်သောဘော်ဒါနှင့် ယနေ့ထိတိုင် အတွဲညီ၍ နောင်လည်း ဆက်၍ ခင်နေအတွဲညီနေကြအုံးမည်ဟု ပြောရဲပါသည်။)
YOU ARE READING
Love & Vanity (အချစ် နှင့် မာန)
Romance[ Completed ] #Myanmar bl novel #Love & Vanity #အချစ် နှင့် မာန #Holmes_002 - respectfully credit to the original artist for cover photo ဤဝတ္ထုတွင်ပါရှိသည့် ဇာတ်ကောင်များကို 'ဘုရားတစ်ဆူ ဂူတစ်လုံး' ထား၍ ကိုးကွယ်ချင်လောက်အောင် အပြစ်အနာအဆာကင်းသည့် ပု...