ဧည့်ခန်းအပြည့် နေရာယူထားသော စာအုပ်များ နယ်ချဲ့လိုက်ပုံကား အိပ်ခန်းဆီသွားရသော လမ်းတစ်လျှောက်တွင်သာမက အိပ်ခန်းနံရံများ (ကုတင်ကပ်ထားသော နံရံနှင့် အဝတ်ဗီရိုကြီးမှအပ) အထိပါ နေရာယူထား၏။
စာကြည့်တိုက်၌ သွားနေရလျှင်ပင် စာအုပ်နံ့ဤမျှမရပဲ နေရာပိုကျယ်လိမ့်မည်ဟုပင် မဟာမြိုင်က အောင့်မေ့မိသေးသည်။
ညနေစာချက်နေရ၍ ယခုမှ ရေချိုးရသော လူကြီးအတွက် မဟာမြိုင်က ဗီရိုထဲမှ ဝတ်စုံတစ်စုံ ရွေးထုတ်ထားလိုက်၏။
*ကိုယ်လည်း အလိုက်သိဖို့ လိုပြီမလား...*
အိပ်ခန်းထဲ လှည့်ပတ်ကြည့်ရှု့ရင်း ခေါင်းရင်း၌ ချိပ်ဆွဲထားသော မိမိ၏ပန်းချီကားကို မြင်၍ မဟာမြိုင်မှာ ရင်ထဲ ဒိတ်ခနဲဖြစ်သွားရသည်။
ဘောင် အကျအန သွတ်ထား၍ ခေါင်းရင်း၌ သေချာချိပ်ဆွဲထားသည်ကိုကြည့်၍ ပီတိဖြစ်ကာ ကိုယ့်လူအပေါ် တိုး၍ ချစ်အားပိုလိုက်မိ၏။
ဘေး၌ ထည်ဝါလှသော မြေးအဖိုးသုံးယောက်၏ ဓာတ်ပုံက အများမြင်ဖို့ နှမျောလှသည့်ပုံနှင့် အိပ်ခန်းအတွင်း လာချိပ်ဆွဲထားသည်။
အဖြူအမည်းကာလာ ၊ ဗမာဟိတ်ဟန်များပြည့်နေသော ဓာတ်ပုံ၌ ခုံပေါ်တွင် ခြေချိပ်၍ ထိုင်ထားသော မိန်းမခန့်ကြီးက 'ထား' ဆိုသူဖြစ်မည်။
မျက်နှာထားက တင်းမာလိုက်ပုံ...။
ရုပ်သေဟု သိထားသည့်တိုင် ဓာတ်ပုံဘောင်အပြင်မှလူက စေ့စေ့မကြည့်ဝံ့လောက်အောင် အရှိန်အဝါက ကောင်းလွန်းသည်။
တစ်ပတ်လျှိုဆံထုံး၊ ရင်ဖုံးချိပ်ထဘီ၊ များဝတ်ထား၍ လေဒီရှူးစီးထားကာ
စီးကရက်ကို လက်ကြားညှပ်ထားပုံက အတော် ဟိတ်ကြီးဟန်ကြီးနိုင်၍ ပင်တိုင်စံမိဘုရားကြီးနှယ် ရှိပေ၏။ဘယ်ဘက်၌ မောင့်ကျက်သရေခေါင်းပေါင်း၊ တိုက်ပုံ၊ပုဆိုးနှင့် ရှူးဖိနပ်စီးထားကာ တယောနှင့် ဘိုးတံကို ကိုင်ထားသည့် အမျိုးသားကြီးမှာ ခံ့ညားလွန်းလှသည်။
ဥပဓိမှာကား မေတ္တာဓာတ်များ အစဉ်ကိန်းအောင်းနေသည်မျိုးဖြစ်၍ အကြည်ဓာတ်ရှိလှ၏။
YOU ARE READING
Love & Vanity (အချစ် နှင့် မာန)
Romance[ Completed ] #Myanmar bl novel #Love & Vanity #အချစ် နှင့် မာန #Holmes_002 - respectfully credit to the original artist for cover photo ဤဝတ္ထုတွင်ပါရှိသည့် ဇာတ်ကောင်များကို 'ဘုရားတစ်ဆူ ဂူတစ်လုံး' ထား၍ ကိုးကွယ်ချင်လောက်အောင် အပြစ်အနာအဆာကင်းသည့် ပု...