အခန်း-၃၇

321 18 0
                                    

"ဟဲ့! ဘယ့်နှယ်ပြောတယ်
စကားပြော ဆင်ခြင်စမ်း...
နင်တို့ရဲ့အသည်းမာမှု့နဲ့
ငါတို့ကိုလာမယှဉ်နဲ့!
သွေးမတော် သားမစပ်ပါဘဲတောင်
ဒီကလေးကို ငါတို့ အူလှိုက်သဲလှိုက်ချစ်ရတာ...
နင်တို့ ဒီ့နှယ် ဥပေက္ခာပြုထားနိုင်တာ အံ့ဩလွန်းလို့!
လူသားမဆန်လိုက်တာဟယ်..."

အိမ်ထဲမှ စူးခနဲထွက်လာသော ဒေါ်မေကြည်၏အသံကြောင့် ကန်တော့ရန်လာ‌ကြသော စံရှားမောင်တို့ စုံတွဲမှာ တန့်ခနဲ ဖြစ်သွားကြ၏။

စံရှားမောင်က တံခါးချပ်နောက်၌
မဟာမြိုင့်ကို ဆွဲသွင်းကာ ကိုယ်တိုင်လည်း ဝင်ပုန်းလိုက်သည်။

တံခါးအဟကြားထဲမှ ချောင်းကြည့်လျှင် မျက်နှာကြော တင်းပြောင်နေသော ဒေါ်မေကြည်၊ ဖြူဖတ်ဖြူရော်‌ဖြစ်နေသော ဦးလွန်းမောင်တို့စုံတွဲနှင့် ကြောင်စီစီဖြစ်နေသော ခံ့ညားမောင် တို့ကို တွေ့ရ၏။

"အဲ့လိုမဟုတ်ပါဘူး အဘွားရယ်...
ကျွန်မ‌တို့က ရှားကလေး ရွှေဆိုရွှေ ၊ငွေဆိုငွေဖြစ်ရအောင် ကြိုးစားနေရလို့ သူ့ကိုဂရုစိုက်ဖို့ အချိန်မပေးနိုင်ဖြစ်ရတာပါရှင်..."

"ဟယ်...မအေဖြစ်ပြီးသားအကြော
မသိလှကလားဟဲ့!
ဒီမယ်! ရှားမောင်က
ရွှေဆိုရွှေ ငွေဆိုငွေလို့ တောင်းဖူးသလား !
ဒါတွေ မက်မောတယ်ထင်နေလား..!
အံ့ပါ့အေ...အံ့ပါ့!"

ဦးလွန်းမောင်နှင့် ဒေါ်ဂမုန်းခင်တို့၏မျက်နှာများ သွေးဆုတ်ကာ ဆွတ်ဆွတ်ဖြူကုန်ကြသည်။

ခံ့ညားမောင်မှာ လူကြီးများကြား၌ ဘုမသိ ဘမသိ ငပိန်တုံးညပ်ဖြစ်နေ၏။

"အဘွားတို့ ကျွန်တော့်သားကို ဘယ်လောက်ချစ်မှန်း ရိပ်မိပါတယ်ဗျာ...
ဒီအတွက်လည်း ကျေးဇူးတင်လို့ မဆုံးပါဘူး...
သားကို သူ့အဖိုးအဖွားတွေရှိတာပဲဆိုပြီး လက်ပွန်းတတီးဂရုမစိုက်ခဲ့ပဲ
မျက်နှာလွှဲခဲ့မိတာ ကျွန်တော်တို့အပြစ်ပါဗျ...
ဒီအတွက် ကျွန်တော်တို့ရဲ့ ကျန်တဲ့သက်တမ်းတစ်လျှောက် သားအနားမှာပဲနေပြီး ဂရုစိုက်ပေးဖို့ ပလန်ချထားပြီးသားပါ ခင်ဗျာ..."

ဦးလွန်းမောင်၏‌လေသံအဆုံး၌ မဟာမြိုင်က ဘေးမှလူကို ဆတ်ခနဲ လှည့်ကြည့်လိုက်၏။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now