အခန်း-၂၂

334 14 0
                                    

"မောင်ရင်! သားမြိုင်ကို
ကိုမြမောင်ရဲ့သမီး မြသွေးလေးနဲ့
နေရာချပေးလိုက်ရင်ကော
ဘယ့်နှယ်လဲ"

"ခင်ဗျာ!!!

ရုတ်တရက် ပြောလိုက်သော ဦးမဟာအောင်၏ အပြောကြောင့် စံရှားမောင်
အလန့်တကြား အော်ဟစ်ယောင်ယမ်းလိုက်သည်။

ဦးမဟာအောင်မှာ အဘယ်ကြောင့်
ဤမျှ လန့်သွားရသနည်း သဘောဖြင့် မျက်ခုံးချီကာ စံရှားမောင် ကို စေ့စေ့ကြည့်လျက် အကဲခတ်နေ၏။

မဟာမြိုင်မှာလည်း မျက်လုံးပြူးများဖြင့် ဖအေဖြစ်သူကို စိုက်ကြည့်နေသည်။

အလန့်တကြားဖြစ်၍ ပြန်ရုတ်ရန် မေ့ထားသော မိမိခေါင်းပေါ်မှ စံရှားမောင်၏ လက်ကို မဟာမြိုင်က ကိုင်ကာ အောက်သို့ချပေးစဉ် လက်များ တဆတ်ဆတ်တုန်နေသည်ကို သတိထားမိလိုက်၏။

"ကိုမြမောင်တို့မိသားစုက
သားမြိုင်ကို တကယ်ချစ်ကြရှာတာ"

လေအေးလေးနှင့် စကားဦးတည်နေသော ဦးမဟာအောင်ကို စံရှားမောင် က ပက်ခနဲမေးခွန်းပြန်ထုတ်လိုက်ချင်သည်ကား

*ကျွန်တော်ကကော...
ကျွန်တော် ကျတော့ရော...*

သို့သော် အခါကောင်းမဟုတ်သေးသည်မို့ နူတ်ခမ်းကိုသွားဖြင့် ဖိကိုက်ထားလိုက်၏။

"ကိုမြမောင်တို့မိသားစုနဲ့ဆို
သားကို စိတ်ချပါတယ်ကွယ်
မြသွေးကလည်း သားမြိုင် ကို
တွယ်တာရှာပါတယ်
ဘယ့်နှယ်သဘောရလဲ
မတော်ပေဘူးလား
သားမြိုင်ရော ဖေဖေ့စကား မပယ်ရှားဘူးမို့လားဟင်"

စံရှားမောင်က မည်သို့မျှပြန်မပြောဘဲ
မဟာမြိုင့်ကို စိုက်ကြည့်ကာ နူတ်ခမ်းကို သွားဖြင့်ဖိကိုက်ထားသည်။

သည်ပုံတော့ အဖြစ်မခံနိုင်။

မဟာမြိုင့်ကို ချစ်မိနေပါပြီ ဟု ကိုယ်တိုင်ကိုယ်ကျ ဝန်ခံလိုက်ကတည်းက အတ္တကိုရှေ့တန်းတင်ကာ အရယူမည်ဟု ဆုံးဖြတ်ထားသော
စံရှားမောင်အဖို့ သူ့ကလေးကို သူတစ်ပါးလက်ထဲမပါစေလိုသည့် ဆန္ဒမှာ ပါမွှားကလေး မဟုတ်။

ဦးမဟာအောင်ကို အားနာမိ၍ ယခုအချိန်အထိ မဟာမြိုင့်ကို တေ့တေ့တင်တင် ဖွင့်မပြောဘဲ ချစ်စိတ်ကိုမြုံထားခဲ့မိရာ
ယခု ဦးမဟာအောင် ကိုယ်တိုင်က
အစီအစဉ်စ ဆွဲပြီဆိုမှဖြင့် အားနာစိတ် နည်းနည်းကလေးမျှ ဆက်မထားနိုင်တော့။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now