အခန်း-၁၉

339 17 0
                                    

စောစောအိပ်ယာဝင်ကာ စောစောအိပ်ယာထ လေ့ရှိသော မဟာမြိုင်တို့ သားအဖမှာ မနက်စောစောနိုး၍ ဧည့်ခန်းအတွင်း ရှိနေကြ၏။

မဟာမြိုင်က စားပွဲ၌ ကော်ဖီများဖျော်ကာ မုန့်များလည်း ပြင်နေသည်။

ဦးမဟာအောင်မှာလည်း ကျန်းမာရေးအရ လူပုံမှာ သိပ်မဟန်သေးသော်ငြား စိတ်ဓာတ်မာသူပီပီ လူကောင်းပကတိဟန်ဖြင့် သတင်းစာကို ဖတ်လျက်ရှိ၏။

"သားမြိုင်!
မောင်ရင် အိပ်လှချေကလား
ဒီကလေး ဖေဖေကြောင့် အတော်ပင်ပန်းပုံရတယ်
သို့ပေမယ့်
ကော်ဖီများအေးရင်လည်း မကောင်းပြန်ဘူး
သွားကွယ် မင့်ကိုကို ကို သွားနှိုးချေ"

ဖအေဖြစ်သူ၏ စကားအဆုံး မဟာမြိုင်မှာ ယမန်ညအဖြစ်ကို တွေးမိ၍ မျက်နှာ ခပ်ရဲရဲ ဖြစ်သွား၏။

အိန္ဒြေကြီးတစ်ခွဲသားနှင့်နေသူက
ခလေးကြီးနှယ်
'မဟာမြိုင် တောကလေးထဲ ခိုအောင်းချင်သည်'
ဆိုသည်ဟု မဝံ့မရဲ ချွဲနွဲ့ပူဆာလာသည်ကား မဟာမြိုင့်ကို တစ်ညလုံး အိပ်မပျော်နိုင်အောင် ကမောက်ကမ
တဒိုးဒိုးတဒိန်းဒိန်း တဖိန်းဖိန်းကြီးဖြစ်ခဲ့ရသည်။

ရှက်နေရုံနှင့် မပြီးသည့်ကိစ္စမို့ မဟာမြိုင် ထိုလူရှိရာ အခန်းသို့ သွားရတော့၏။

အခန်းတံခါးကား စေ့အောင်ပိတ်မထားသဖြင့် မဟာမြိုင် ဘဝင်မကျစွာ တံခါးကို အသံမြည်အောင် ဆွဲဖွင့်လိုက်သည်။

ထောင်းခနဲ ရလိုက်သော စီးကရက်နံ့များနှင့် စီးကရက်တိုများကြောင့်
မဟာမြိုင် ကျစ်ခနဲ စုတ်သပ်မိ၏။

နံရံဘက်ကပ်ကာ စောင်ကို မဆံ့မပြဲ ဆွဲခြုံ၍ ကွေးနေသောလူအနီးထိုင်ကာ ပုခုံးကို လက်ဖြင့် ပုတ်လျက်

"ရှား ထတော့လေဗျာ
ရှား ဘယ်ချိန်မှတ်နေသလဲဗျ
ထလေဗျာ"

အိပ်နေသူက တုတ်တုတ်မျှမလှုပ်။

အရပ်ကြီးနှင့် ခြုံထားသည့်စောင်က မလိုက်ဖက်သည်မို့ ခြေထောက်များက အပြင်ထွက်နေသေးသည်။

လက်ချောင်းများသာမက ခြေချောင်းများပါ သွယ်ဖြောင့်သက်ရပ်နေသည်မို့
မဟာမြိုင် ငေးစိုက်ကြည့်မိ၏။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now