အခန်း-၂၈

329 14 5
                                    

ဘုရားသို့အရောက် စံရှားမောင်က သူ၏အသိ ဈေးသည်တစ်ဦးထံ ကားကိုအပ်ခဲ့သည်။

လူပေါင်းစုံနှင့် မြိုင်အောင်ပေါင်းတတ်သော လူကြီးကို မဟာမြိုင် အံ့ဩမိပါသေး၏။

လမ်းတစ်လျှောက် သူ့အသိများကိုတွေ့တိုင်း အားပါးတရ နူတ်ဆက်ရှာသည်မှာလည်း အမောတကောပင်။

သူနှင့်မတူဘဲ ချစ်သူခင်သူ ပေါများပါဘိ ဟုသာ မဟာမြိုင် တိတ်တိတ်ကလေး အားကျလိုက်ရသည်။

ယခုလည်း ပန်းဝယ်သွားရာ၌ ပန်းသည်အမျိုးသမီးကြီးနှင့် လေပေးဖြောင့်နေသည်မှာ တူဝရီးများ အမှတ်မထင် ပြန်တွေ့နေကြသည့်နှယ်။

လက်ကလေးနောက်ပစ်ကာ ခပ်ရို့ရို့လေးနှင့် ပြုံးရယ်စနောက်သည်များကို
မည်သူမဆို သဘောမကျဘဲ မကျေနပ်ဘဲ နေနိုင်မည် မထင်။

ပန်းဝယ်ပြီးမှ မဟာမြိုင့်အနီး ခြေလှမ်းကျဲကြီးများဖြင့်လာကာ

"ဆောရီးကွယ်
ဟိုမှာ ကိုယ့်အသိနဲ့ တွေ့နေလို့"

"မသိပေါင်
ခင်ဗျားကြီးတော် မှတ်နေတာ
တူဝရီးနှစ်ယောက် အလွမ်းသယ်ခန်းရိုက်နေတယ်မှတ်လို့"

စံရှားမောင်က သူ၏ ရှည်လျားသော အရပ်အမောင်းကြောင့် လူလည်ခေါင်ထင်း ထွက်နေသည်ကိုမျှမထောက် ခါးကိုထောက်ကာ ခေါင်းမော့၍ တဟားဟား အော်ရယ်နေသည်။

စံရှားမောင်၏ အင်္ကျီပုခုံးစ အနည်း‌ငယ်တွန့်နေသည်ကို သတိထားမိ၍ မဟာမြိုင်က လက်ဖြင့်‌ဖြောင့်အောင် သပ်ပေးလိုက်ရာ
ဘေးလူလန့်အောင် ရယ်မောလျက်ရှိသော စံရှားမောင်မှာ ဗြုန်းစားဗျင်းစား
ဝဋ်လည်သွားသည့်အလား အလန့်တကြားဖြစ်ကာ ပါးစပ်ဟရင်းကြက်သေသေလျက်ရှိ၏။

မဟာမြိုင်၏ အပြုအမူမှာ မဆိုသလောက်လေးဖြစ်သော်လည်း
တောင့်တောင့်တတ ဖြစ်နေရှာသော စံရှားမောင် အဖို့ မင်းမြှောက်တန်ဆာငါးပါးနှင့် ပုလင်ပေါ်စွေ့ခနဲ တက်ထိုင်လိုက်ရသော စကြာဝတေးမင်း ဘွဲ့ထူးရာထူး ရလိုက်သည့်နှယ် တခမ်းတနားကြီး မိန်းမောသွားရသည်။

မည်မျှထိ ချစ်အားပိုသွားရကြောင်း ဆံပင်ကလေးဖွ၍မှ ထုတ်မပြရလျှင်
စံရှားမောင်၏ တစ်ကိုယ်လုံးမှ ချစ်စိတ်များ ဗရုန်းသုန်းကား ဝုန်းခနဲ ပေါက်ကွဲထွက်တော့မည်မို့ ရွှေ‌အိုရောင် ဆံပင်ကျော့ကျော့လေးများကို ဖွလိုက်မည်အပြု ပုံပျက်သွားမည်စိုး၍ လက်များ လေထဲ၌ တန့်သွား၏။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now