အခန်း-၁၄

351 20 5
                                    

ပြတင်းမှတစ်ဆင့် အိပ်ယာပေါ်သို့ ကျရောက်လာသော နံနက်ခင်း၏နေပူရှိန်ရှိန်ထက် နားအတွင်း ဝင်လာသော တဗုန်းဗုန်းမြည်သံများကြောင့်
စံရှားမောင် မျက်ခုံးတွန့်ကာ အိပ်ယာမှ မထချင်ထချင်နှင့်ထ၍ အသံလာရာသို့ တစ်ချက်လှမ်းကြည့်မိသည်။

ထုံးစံအတိုင်း ဒေါ်မေကြည်က ဖုန်များ၊အမှုန်များ အလျင်းမရှိဘဲ ဖွေးကော့နေသော သူမ၏ အိပ်ယာဖုံများကို နေပြရုံတွင်မက အလုပ်မရှိ အလုပ်ရှာကာ ကြိမ်ဖြင့် တဗုန်းဗုန်းမြည်အောင် ရိုက်နေသေး၏။

"ဘယ့်နှယ် အမယ်အို ပါလိမ့် စောစောစီးစီး "

ပြန်၍မှိန်းမည်ကြံသော်လည်း ဇိမ်ရမည့်ဟန်မရှိသဖြင့် စံရှားမောင်မှာ မျက်နှာသစ်၊သွားတိုက် အမှု့ပြုကာ နွားနို့နှင့် ပေါင်မုန့်များစားသောက်ရင်း သတင်းစာကို ကောက်ကိုင်လိုက်သည်။

သို့သော် သတင်းစာ၌ အာရုံမလာ။

ညက ဖုန်းထဲမှ အသံကလေးကိုသာ မှတ်ဉာဏ် ထဲမှ တရိပ်ရိပ်ပြန်၍ ဆွဲထုတ်ကာ ကြားယောင်ရင်း ကြည်နူးမဆုံး တပြုံးပြုံးဖြစ်နေ၏။

ယခင်က အသံကလေး ကြားရရုံနှင့် ကျေနပ်ပါပြီ အောက်မေ့ခဲ့သော်လည်း
ဒင်းကလေးအသံကို ကြားပြီးကာမှ ပို၍ မနေထိမထိုင်သာဖြစ်ကာ
ပျာယိပျာယာ ဖြစ်ကာ ကစဉ့်ကလျား ပြေးတွေ့လိုက်ချင်မိ၏။

လောဘကလေး တက်လာခဲ့ပြီ...

ဤနေရာ၌ စိတ်အလိုလိုက်ကာ အိန္ဒြေမဆယ်ဘဲ ပြေးတွေ့ဆိုလျှင် ကောက်ကာငင်ကာ သွားနိုင်သော်ငြား အလုပ်လုပ်နေသူသူလေး အာရုံနောက်လေမလား တွေးမိကာ ငြိမ်နေရ၏။

သူကလေး ကိုယ့်ကို လွှမ်းမိုးနေပုံ...

မနေနိုင်သည့်အဆုံး အတူသွားခဲ့ဖူးသော ဈေးသို့ အလွမ်းပြေ ၊
စိတ်ပြေလက်ပျောက်အနေနှင့်
ထွက်သွားမိ၏။

အချိန်ကား အနည်းငယ် စောနေသေးသည်မို့ မဟာမြိုင်နှင့်အတူ သွားခဲ့ချိန်ကထက် ပို၍ လူစည်နေသေးသည်။

ဈေးပေါက်မှ ပန်းအိုးဆိုင်အနီးသို့ မယောင်မလည်သွားရပ်ကာ ယခင်က အချိန်ကလေးကို ပြန်၍ ပုံဖော်နေမိ၏။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now