အခန်း-၆

618 22 6
                                    

စံရှားမောင်တစ်ယောက် အိမ်ရှေ့လှေကားထစ် သုံးထစ်ကို မနည်း အားယူ၍ တက်လိုက်ရသည်။

ယနေ့မှ လှေကားထစ်များက ပို၍မတ်စောက်နေသယောင်။

စိတ်ရောကိုယ်ပါ လေးလေးလံလံဖြစ်နေသည်ကား ပင်ပန်း၍မဟုတ် ဘဲ ထိုကောင်လေးနှင့် မခွဲခွာချင်သည့်စိတ်ကြောင့်ပင်။

လမ်းတစ်လျှောက်လုံး
ဖြစ်သင့် ၊မဖြစ်သင့်၊
ရှေ့ဆက်တိုးသင့် ၊ မတိုးသင့်
စသည်ဖြင့် တွေးတောလာခဲ့သော
စံရှားမောင် ဆိုဖာ၌ ဘုတ်ခနဲထိုင်ချကာ ဒူးတံရှည်ကြီးများပေါ် တံတောင်ဆစ်များထောက်၍ မျက်နှာကို လက်ဖြင့်အုပ်ရင်း ခေါင်းငိုက်စိုက်ချထားမိသည်။

မျက်လုံးအစုံ မှတ်ထားသော်လည်း အေးချမ်းသော အပြုံးအရယ်လေးများကိုသာ မြင်မိပြန်၏။

ခက်ပြီ...

အသက်ကြီးတောင့်ကြီးမားမှ လူပျိုလေးတစ်ယောက်ကို ချစ်မိသည်ဆိုသည်ကား အင်မတန့် အင်မတန်ကိုခက်၏။

ကိုယ့်မိတ်ဆွေ၏သားဖြစ်နေ သည်ကား သာ၍ပင် ခက်ချေသေးသည်။

စံရှားမောင် လေးပင်စွာ ဆိုဖာ၌ မှီချလိုက်၏။

မျက်တောင်များစဉ်းလာသည့်ကြားမှ စားပွဲပေါ်က ပန်းချီကားကို ဝေဝါးမသွားအောင် အားစိုက်၍ ကြည့်နေဆဲ။

စုတ်တံကို ကိုင်ထားသည့် လက်ချောင်းများကို ပြေးမြင်မိပြန်သည်။

လွမ်း၏။

ယခုလေးတင် အားရအောင် ကြည့်လာခဲ့သူကို သေမတက်လွမ်းနေပြန်သည်မှာ အဘယ်ကြောင့်နည်း။

စံရှားမောင် စိတ်အားတင်းလိုက်သည်။

မကြာပါ။

တစ်ဖန်ပြန် လွမ်းဆွေးမိပြန်၏။

စိတ်ဓာတ်ကြံ့ခိုင်အောင် လေ့ကျင့်ထားသော စံရှားမောင် မှာ တစ်စုံတစ်ယောက်အား လွမ်းဆွေးခြင်းကို စိတ်အားငယ်သူတို့၏ အလုပ်ဟု သတ်မှတ်ထားခဲ့ရာ ယခု ရူးအောင်လွမ်းနေသည့်မိမိ အဖြစ်ကို ဆင်ခြင်မိ၍ ဒေါသထွက်လာသည်နှင့် စားပွဲပေါ်မှ ပန်းအိုးကို ခွမ်းခနဲ ရိုက်ခွဲမိသည်။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now