အခန်း-၁၅

382 20 3
                                    

တစ်ခုသော စနေနေ့၏ နံနက်ခင်း
၈ နာရီ အချိန်ခန့်၌ စံရှားမောင် မှာ
ဧည့်ခန်းအတွင်း ကော်ဖီတစ်ခွက်သောက်ကာ သတင်းစာ ဖတ်လျက်ရှိစဉ် စားပွဲပေါ်မှ ဖုန်းက တဂွမ်ဂွမ်မြည်လာသဖြင့် ကောက်ကိုင်လိုက်သည်။

"ရှား!!! ရှား လား ခင်ဗျ!!!"

ဩရှရှအသံမှာ ပုံမှန်နှင့်မတူ ထိတ်လန့်မှု့ ၊ စိုးရိမ်မှု့ ၊ စိတ်အားကြီးမှု့တို့ ပါနေသဖြင့် စံရှားမောင် ထိတ်ခနဲဖြစ်ရ၏။

"မြိုင် ကိုယ် ရှား ဟုတ်တယ်
ဘာဖြစ်လို့လဲ ကလေး "

"ရှား ဖေဖေလေ ဖေဖေ..."

မဟာမြိုင်၏ အသံမှာ မတုန်စဖူးတုန်ကာ တိမ်ဝင်သွားသည်မို့ စံရှားမောင်မှာ ဆတ်ခနဲ မတ်တတ်ထ,ရပ်လိုက်မိ၏။

"ကောင်လေး
စိတ်အေးအေးထားစမ်းကွယ်
ကိုယ့်ကိုပြော ဦးအောင် ဘာဖြစ်သလဲ"

"ဖေဖေနဲ့ မေမေလေး ဒီနေ့မနက်
စကားများကြရင်း ဖေဖေ နှလုံးခုန်တွေမြန်ပြီး လဲကျသွားလို့
ခု အိမ်မှာ ကျွန်တော်နဲ့ဖေဖေပဲရှိတာ
ကျွန်တော်ဘာလုပ်ရမှန်းမသိတော့ဘူး
ဖြစ်နိုင်ရင် ရှား လာပေးလို့ရမလားဗျာ"

စံရှားမောင်မှာ အိန္ဒြေမဆယ်နိုင်လောက်အောင် ထိတ်လန့်တကြီးဖြစ်ကာ ခြေဖျားများ အေးစက်သွားသည်။

"ဟုတ်ပြီ ကိုယ်အခု လာပြီ
မကြောက်နဲ့နော် မြိုင်
ဆရာဝန်ပါခေါ်ခဲ့မယ်
ခဏလေး၊ ရှား ကို ခဏလေးပဲစောင့်"

စံရှားမောင်က ကော်ဖီခွက်ကို တိုးလို့တန်းလန်း ချန်ထားခဲ့၍ ကားကိုထုတ်ကာ အိမ်တံခါးများ စေ့ပင်မစေ့နိုင်တော့ဘဲ ဒရောသောပါးနှင့် မိမိအသိ ဆရာဝန်ကိုပင့်ကာ မဟာမြိုင် တို့အိမ်သို့ အရောက်လာခဲ့၏။

နဂိုကမှ အရပ်ရှည်၍ ခြေလှမ်းကျဲရသည့်အထဲ စိတ်အားကြီးလွန်းကာ သွက်သွက်ကြီးသွားနေသော
စံရှားမောင် အနောက်မှ ဆရာဝန်က
ပျာယီးပျာယာ အမှီလိုက်ရသည်။

ဧည့်ခန်းအတွင်း မည်သူ့ကိုမှ မတွေ့ရသောကြောင့် မဟာမြိုင်မှာ သူ၏ ဖခင်အား အိပ်ခန်းဆီ တွဲခေါ်သွားဟန်ရှိသည်ကို တွေးဆ ကာ စံရှားမောင်က
ဆရာဝန်၏ လက်ကို ဆွဲ၍ ဦးမဟာအောင်၏ အိပ်ခန်းဆီသွားကာ တံခါးဖွင့်လိုက်၏။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now