အပိုင်း - ၂

754 32 0
                                    

  မွန်းတည့်ချိန်တွင် မေမေလေး အိမ်သို့ပြန်​ရောက်လာသည်။
ခါတိုင်း​နေ့ရက်တွေနှင့်မတူစွာ မေမေလေးမျက်နှာက ခက်ထန်နေသည်။ သိသိသာသာကို ဒေါသထွက်နေဟန်ပင်မို့ နိဒါန်းပျို သတိအနေအထားလေးဖြစ်သွားရသည် ။ကြည့်ရတာ နှစ်လုံးမပေါက်ပြန်ဘူးနှင့်တူပါသည်။ နှုတ်ဖျားမှလည်း 'တောက်' တစ်ခေါက်ခေါက်ဖြင့် ဧည့်ခန်းတွင်တိုင်ကာ ညည်းညူနေသည်။

ကြည့်ရသလောက် သူတော့ ဒီနေ့ကောင်းကောင်းနေရမည့်ပုံမပေါ်ပေ...။

" ဟဲ့ ဆန်ကုန်မြေလေးကောင် လာခဲ့စမ်း...."

" လာပါပြီ မေမေလေး "

ထင်သည့်အတိုင်းပင်...။

" သားဘာလုပ်ပေးရမလဲ မေမေလေး "

" နင်မရှက်ဘူးလား ဟမ်၊ အလုပ်လေးဘာလေးရှာပါဦး ဝမ်းမနာသားရဲ့၊ နေ့တိုင်း ငါရှာကျွေးတာကိုအခန့်သားထိုင်စားနေမှာလား ၊ နင့်အဖေကလည်း ဘာမှ တန်တန်စစ ထားခဲ့တာ မဟုတ်ဘူး ၊ အားကိုးချင်လို့နောက်ယောက်ျားယူပါတယ် ဟိုက သက်ဆိုးမရှည်၊ ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်တဲ့ နင့်ကိုတောင်ထားခဲ့သေးတယ်၊
တကယ့် ဆန်ကုန်မြေလေးကောင် "

နိဒါန်း မျက်ရည်စို့သွားသည်။ ရင်ထဲမှာလည်း နင့်ခနဲ။

" မဟုတ်ပါဘူး မေမေလေးရယ်၊ သား...သား အသက်လည်းအရမ်းငယ်တယ်ဆိုပြီးတော့ ဘယ်သူမှအလုပ်မခန့်ကြလို့ပါ၊ သား အလုပ်ရှာနေပါတယ် "

သူ့ကိုပြောပြီးသည်နှင့်  မေမေလေးကမောသွားဟန်ပင်။ ခဏနားပြီး​ မေမေလေးမှ သူ့အားပြန်လည်၍ စကားပြောရန်ပြင်လိုက်သည့်အချိန်တွင် သာယာစူးရှသည့်အသံတစ်သံကဖြတ်ဝင်လာလေသည်။

" နိဒါန်းပျို ရေ ၊ ငါလာတယ် "

ခြံရှေ့မှထွက်ပေါ်လာသည့် ရင်းနှီးလွန်းသည့်အသံကြောင့် နိဒါန်းပျိုခေါင်းထောင်သွားရသည်။ ဟုတ်ပါသည်။ ထိုအသံပိုင်ရှင်မှ သူ့၏သူငယ်ချင်း နွေချစ်၏အသံပင်။

သူလည်း မျက်ရည်များကို ကပျာကယာသုတ်လိုက်ပြီး ဧည့်ခန်းထဲမှထွက်ကာ ခြံတံခါးကိုသွားဖွင့်ပေးလိုက်သည်။ လက်ဖောင်းရင်ဖုံး၊ ဇင်းမယ်လုံချည်လေးနှင့် နွေချစ်သည် အလွန်လိုက်ဖက်လေသည်။ အသားအရည်လေးက ခပ်ညိုညို ၊ အရပ်ကပုတုတုနှင့် သူ့ သူငယ်ချင်းမလေးက ချစ်စရာ ။ပါးတွင်လည်း သနပ်ခါး ပါးကွက်ကြားလေးနှင့် သိပ်ကိုမြန်မာဆန်ပါ၏။ စက်ဘီးစီးပြီးအိမ်သို့လာခဲ့ပုံရသော နွေချစ်၏  စက်ဘီး​​ခြင်းထဲတွင်လည်း အထုတ်ကြီးအထုတ်ငယ်တို့ကစုံလင်လို့ပင်။ ကြည့်ရတာ
မုန့်ထုတ်တွေနှင့်တူသည်။ ထိုအထုတ်များကို မနိုင်မနင်းသယ်ကာ အိမ်ထဲဝင်ရန်ပြင်နေသောနွေချစ် ကြောင့်
သူလည်း အမြင်မတော်တာနှင့် အထုတ်တွေကို ဝိုင်း၍ ကူသယ်ပေးလိုက်သည်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now