အပိုင်း - ၁၉

364 12 0
                                    

အချိန်မှန်နိုးထတတ်သည့် မျက်လုံးတွေက မနက် ၅ နာရီဆိုတာနဲ့ သူ့အလိုလိုနိုးထလာခဲ့သည်။ ပထမဆုံးအကြိမ် မွေးရပ်မြေရဲ့အဝေးမှာ သူ ရပ်တည်ခြင်းပင်။ အိပ်ရာအပြောင်းအလဲကြောင့် အိပ်မပျော်တာလည်းမဖြစ်။ သက်သောင့်သက်သာရှိစွာပင် အိပ်စက်နိုင်ခဲ့သည်။ နူးညံံ့ထူအိသော မွေ့ရာသည် သူ့အတွက်အတော်ကလေးဇိမ်ကျသည်ဟုဆိုရမည်ပင်။နိဒါန်းပျို ခဏလောက် အိပ်ရာထက်တွင်လှဲနေရင်း အပျင်းကြောတစ်ချက်ဆွဲဆန့်လိုက်၏။ ပြီးနောက် ကုတင်ထက်မှထကာ ပြတင်းပေါက်မှခန်းဆီးစအား ဖယ်ရှားလိုက်ပြီး ပြင်ပအလင်းရောင်ကိုချိန်ညှိလိုက်သည်။

မနက် ၅ နာရီဆိုသည့်အတိုင်းပင် နေရောင်ခြည်ကိုကောင်းစွာမရသေး။ နွေရာသီဆိုပေမယ့်လည်း အနည်းငယ်အေးစိမ့်စိမ့်နိုင်လေသည်။ ဒါဟာ သူ့အထင်တော့ ဦးတည်ရဲ့ခြံဟာ စိမ်းလန်းစိုပြေသောသစ်တောအုပ်၊ ရှည်လျားလှပသောတောင်တန်းတို့နှင့်နီးစပ်နေသောကြောင့်ဟူ၍ပင်။ နိဒါန်းပျို မှန်ပြတင်းပေါက်တံခါးကိုပါ ဖွင့်ချလိုက်သည်။ ပြီးနောက် နေရောင်ခြည်အားရှုစားရန် အခန်းထဲမှာ ထိုင်ခုံတစ်လုံးအား ပြတင်းတံခါးရှေ့တွင်ချလိုက်သည်။ ထိုထိုင်ခုံပေါ်လေးတွင် ထိုင်ရင်းပြတင်းပေါက်ဘောင်ပေါ်တွင် လက်နှစ်ဖတ်ကိုယှက်တင်ကာ ခေါင်းအားလက်ပေါ်သို့လှဲချလိုက်၏။ အိမ်ရာနိုးစမို့ ရှုပ်ထွေးနေသော သူ၏ ဆံနွယ်ကောက်များသည် မျက်နှာတစ်ခြမ်းသို့အုပ်ကျလာသည်။နေရောင်ခြည်နုနုက မျက်နှာထက်ဖြာကျနေ၏။ မျက်လုံးတို့ကို အသာမှိတ်ရင်း သဘာဝရဲ့တေးသံကို သူနားစဥ်မိသည်။ ထိုအခါ ခပ်မြူးမြူးလေက သူ့ထံပါးတွင်ကျီစားတိုက်ခတ်လေ၏။

ခပ်လှမ်းလှမ်းက နွေဥသြရဲ့တေးသီသံ၊ တိုက်လေကြောင့် အချင်းချင်းပွတ်တိုက်မိသွားသော သစ်ရွက်၊သစ်ကိုင်းများ၏လှုပ်ခတ်သံ ထိုအရာတွေကိုအာရုံစိုက်ရင်း တဖြည်းဖြည်း သူငိုက်မြည်းလာ၏။ နောက်တော့ သူ ထိုင်နေလျက်ပင် ထိုပုံစံအတိုင်းလေးအိပ်မောကျသွားခဲ့သည်။

နိဒါန်းပျို အိပ်ပျော်သွားသည့်အချိန်တွင် အခန်းထဲသို့ဝင်လာသည့်အမျိုးသားတစ်ဦး။ ထိုလူဟာ ပြတင်းပေါက်နားတွင်အိပ်နေသောသူထံသို့တန်းတန်းမတ်မတ်သွား၍ ပါးတစ်ဖက်အားဖိအိပ်နေသူကြောင့်အနည်းငယ်ဆူထွက်နေသော နှုတ်ခမ်းလုံးလုံးလေးအား ဖိကပ်ငုံ့နမ်းလိုက်လေ၏။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now