ဒေါက်..ဒေါက်..ဒေါက်..
တံခါးခေါက်သံ သုံးချက်က ညင်သာစွာထွက်ပေါ်လာ၏။အခန်းအတွင်းရှိ နိဒါန်းပျိုတစ်ယောက် ပုဆိုးငုံ့ဝတ်ရင်းမှ တံခါးအနားသို့သွက်သွက်ကလေးသွားလိုက်သည်။
တံခါးလက်ကိုင်ကို အသာဆွဲ၍ ဖွင့်ပေးလိုက်ပြီးနောက် ခေါင်းငုံ့၍ ပြည်ကျမလိုဖြစ်နေသည့် ခါးထက်ကပုဆိုးကိုသာ နိဒါန်းပျို အာရုံပြန်စိုက်ထားလိုက်သည်။ တံခါးအပြင်ဘက်တွင် ရှိနေသူကိုလည်း မကြည့်အားသေး ပုဆိုးအား သေချာပြင်ဝတ်နေရသည်မို့ ခေါင်းသည်ပင်ငုံ့လျက်သားနှင့်ပင်။
" ချာတိတ်.."
ရင်းနှီးကျွမ်းဝင်သော ခပ်နိမ့်နိမ့် လေသံသြသြ....
" ဦးတည်လား.. "
အသံနှစ်သံသည် ရှေ့ဆင့်နောက်ဆင့်ကလေးသာ။ နိဒါန်းပျို ပုဆိုးငုံ့ဝတ်နေရာမှ အသံလာရာနေရာသို့ မော့ကြည့်လိုက်သည်။
" ဟင်!.. "
ချောလိုက်တာ။ တစ်ဆက်တည်း သူ့တွေးမိသော စကားသည် တံခါးဝမှာရပ်နေသည့် ဦးတည်က ချောလိုက်တာ တဲ့။ မျက်စိရှေ့က လက်ရှိ ဦးတည်ရဲ့ ပုံစံသစ်သည် သူ့အတွက်တော့ စိမ်းသက်နေသည့်တိုင် ရင်းနှီးကျွမ်းဝင်မှုများရောပြွမ်းနေသည့် ခံစားချက်မျိုးရစေ၏။
လည်ကတုံးပါ အင်္ကျီလက်ရှည်အဖြူ၊ ဆီမွှေးဖြင့် သေချာပုံသွင်းထားသောဆံပင် ။ သူ့လိုပင် နက်ပြာရောင်တွင်ငွေချည်ဖောက်ထားသော ချည်ပုဆိုးကို နိဒါန်းပျိုသတိပြုမိလိုက်၏။ဘာကြောင့်ရယ်မသိ နိဒါန်းပျို ပါးပြင်ထက်ပူနွေးလာသလိုပင်။
အရင်နဲ့မတူစွာ နှာတံမြင့်မြင့်ထက်တွင်နေရာယူထားသော ရွှေရောင်သံကိုင်းမျက်မှန်က မြစိမ်းရောင်မျက်ဝန်းတို့ကို ဘောင်ခတ်ထား၏။ တန်ဖိုးကြီးကျောက်စိမ်းကို ရွှေကွပ်ထားသလိုမျိုး မျက်လုံးအကြည့်တွေက အသက်ဝင်လေသည်။ အကြည့်တစ်ချက်နဲ့တင် သြဇာအရှိန်အဝါကို ခံစားမိ၏။
သိန်းငှက်တစ်ကောင်လို စူးရဲနေတတ်သည့် မျက်ဝန်းစိမ်းတွေဟာ မျက်မှန်တပ်ထားသည့်အခါ တည်ငြိမ်မှုတို့အစားထိုးဝင်ရောက်နေသလိုပင်။ ပိရိသေ သပ်တဲ့ နှုတ်ခမ်းအစုံဟာလည်း မျဥ်းဖြောင့်တစ်ကြောင်းပမာ တည်တင်းနေ၏။
YOU ARE READING
ရင်ခွင်ရိပ်မြုံ ( Ongoing )
Romance" မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် " မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် START DATE: 2023.14.November END DATE : pc/crd