အပိုင်း (၂၄) Unicode

275 11 1
                                    

နောက်တစ်နေ့တွင် စောလွန်းတည်က မနက်ငါးနာရီမထိုးခင်တည်းကနိုးလာခဲ့သည်။ အပြင်ဘက်တွင် ကောင်းကင်ကမှောင်နေဆဲဖြစ်ကာ ပြတင်းပေါက်ရှိ လိုက်ကာစရှည်များကြောင့်လည်း အခန်းကညရောက်နေသည့်နှယ် မှောင်နေလေ၏။လက်မောင်းကြားထဲက အနွေးဓာတ်လေးကိုငုံ့ကြည့်လိုက်တော့ သူ့ရင်ခွင်ထဲမျက်နှာအပ်၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲကို တွေ့ရ၏။ ကလေးလေးများလို လက်မလေးအားကျန်လက်လေးချောင်းဖြင့်ဆုပ်ကိုင်ထားသော လက်သီးဆုပ်လေးက သူ့ရင်အုပ်၏တစ်ဖက်ခြမ်းတွင် ချစ်စဖွယ်ကောင်းစွာနေရာယူထားလေသည်။ ဘာကြောင့် ရယ်မဟုတ် စောလွန်းတည် ချာတိတ်ရဲ့ထိုပုံစံလေးကြောင့် ဟက်ခနဲတစ်ချက်ရယ်မိသွားရသလို တစ်ဆက်တည်းမနေ့ကဖြစ်ခဲ့သမျှ အကြောင်းကိုတွေးမိတော့ သူ့နှုတ်ခမ်းတွေက ကျေနပ်စွာကော့တက်နေသည်မှာ ရပ်တန့်လို့ပင်မရတော့ပေ။

" အင်း... "

မျက်မှောင်လေးကြုတ်ကာ တစ်ချက်မျှညည်းညူပြီး သူ့အားကျောပေးသွားသောချာတိတ်ကြောင့် ယခင်ကပုခုံးထိလုံအောင်ခြုံထားသောစောင်မှာ အောက်သို့အနည်းငယ်လျှောကျသွားလေသည်။ ထိုအခါ စောင်အောက်တွင်ပေါ်လာသော ကျောပြင်သေးသေးမှာ အဝတ်မကပ်နေသည်ကို တွေ့လိုက်ရ၏။ ထို့နောက် ယမန်နေ့က သူ့ချန်ရစ်ထားခဲ့သည့် နီနီရဲရဲအမှတ်အသားများက လည်ပင်းတစ်လျှောက်တွင်သာမက ကျောပြင်သေးသေးလေးတွင်လည်း တစ်ခုထက်မကနေရာယူထားပါ၏။ ထိုအမှတ်အသားလေးများကို ခပ်ဖွဖွထိတွေ့ရင်း မနေ့ကချာတိတ်အပေါ်သူကြမ်းတမ်းမိသမျှကို ပြန်တွေးမိရင်းစိတ်ထဲအလိုလိုအားနာသွားရသည်။သို့သည့်တိုင် နှုတ်ခမ်းထက်တွင်တော့ အပြုံးတစ်ပွင့်က ကျေကျေနပ်နပ်ကြီးနေရာယူထားဆဲပင်။

ထို့နောက်မျက်စိရှေ့က ဂုတ်ပိုးဖြူဖြူလေးအား တစ်ချက်အနမ်းခြွေရင်း ရင်ခွင်ထဲသိုင်းဖက်ထားလိုက်၏။

" ကောင်းလိုက်တာ...ကိုယ်နိုးလာတဲ့အခိုက်အတန့်မှာ မင်းရှိနေလို့။ "

တကယ်မြတ်နိုးရပါတယ် ချာတိတ်။ မနက်ခင်းတိုင်းမှာ ဒီနေ့လိုမျိုးပဲ ကိုယ့်ဘေးနားမှာမင်းဆိုတဲ့ အနွေးဓာတ်သိပ်သည်းစလေးကိုရှိစေချင်တယ်။ မင်းရှိနေတယ်ဆိုတဲ့အသိကအစ ကိုယ့်ကိုနွေးထွေးစေလို့ သိပ်ကိုမြတ်နိုးရပါတယ်။ မင်းမှမဟုတ်ရင် မဖြစ်တော့တဲ့ထိ မြတ်မြတ်နိုးနိုးချစ်မိတာမို့ ကိုယ့်အပိုင်လေးပဲဲဖြစ်စေချင်တယ်။ ကိုယ်က တယုတယနဲ့တန်ဖိုးထားမြတ်နိုးပါ့မယ်။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now