အပိုင်း - ၃၃ ( Unicode)

224 7 0
                                    

" နိဒါန်း... ပျို.. "

အော်ခေါ်တော့မည့်ဆဲဆဲတွင် မျက်စိရှေ့ကကြည်နူးစရာမြင်ကွင်းကြောင့် ယင့်ရိုးမနောင်၏ အသံတို့အဖျားခတ်သိမ်ဝင်သွားရသည်။ သို့သော် သူထိုနေရာမှ အကြည့်မလွဲနိုင်ဘဲ နေရောင်ခြည်အောက်မှာ အနွေးထွေးဆုံးပြုံးနေခဲ့တဲ့ တစ်ဦးတည်းသောသူကိုငေးရင်းက... သူကိုယ်တိုင်လည်း လိုက်ပြုံးမိသည်။

" အလှဆုံးပြုံးနေခဲ့တာပဲ...အဲဒီ့လူရှေ့မှာ.... "

မချင့်မရဲခပ်တိုးတိုး ရေရွတ်ရင်း နှလုံးသားက လေးလံနေခဲ့သည်။

ထိုနေရာသို့အကွယ်တစ်​ထောင့်တစ်နေရာကနေငေး​ကြည့်ရင်းက မကျလာတော့တဲ့မျက်ရည်တွေကိုတောင်းတနေမိသည်။ ယခုအချိန်တွင် သူသိတာတစ်ခုပဲရှိသည်။ နှလုံးသားက နာကျင်နေတယ် ။ သို့သော် မျက်ရည်တွေအစား ခံပြင်းမှုတွေကသာ မျက်နှာထက်အမူအရာဖော်ထုတ်နေခဲ့သည်မို့။ဒါ့ထက် ရည်စားလူနုအူနုကျွဲခတ် ဆိုတဲ့ မခံချင့်မခံသာ ခံစားချက်မျိုးက ရင်ထဲတွင်အပြည့်အဝနေရာယူထား၏။

ဘာကြောင့် သူ မဟုတ်ရတာလဲ။ မင်းရွေးချယ်တဲ့လူက ငါမဟုတ်ဘူးတဲ့လား နိဒါန်းပျို။

ငါမှာလည်း အခွင့်ရှိတယ်။ မင်းကိုချစ်ပိုင်ခွင့်ငါမှာရှိပါရဲ့ နိဒါန်းပျို။ ယင့်ရိုးမနောင် လက်သီးကိုတင်းနေအောင်ဆုပ်လို့ ထိုနေရာသို့ သွားရန်ဦးတည်လိုက်သည်။ သို့သော်ငြား အနောက်ဖက်ကနေ သူ၏ညာဘက်လက်တွင်လက်မောင်းအားထိန်းကိုင်လာသည့် လက်တစ်ဖက်ကြောင့် ယင့်ရိုးမနောင် အရှိန်သတ်သွားရပြီးနောက်သို့လှည့်ကြည့်လိုက်မိသည်။

ထိုအခါ ဟန့်တားလိုသည့်သဘောဖြင့် ခေါင်းအသာယမ်းပြလာသော ဘိလပ်သားကြောင့် ဒေါသစိတ်လှိုက်ခနဲ....

" လွတ်စမ်း... "

သူ့လေသံက ခပ်မာမာပင်ထွက်သွားခဲ့သည်။ သို့သော် သူဂရုမစိုက်နိုင်အား။ သူ့နှလုံးသားကလောင်မြိုက်နေသည်မို့။

" သူပျော်နေတာကို ဖျက်စီးရက်လို့လား ဗမာအမျိုးသားရဲ့။ "

".."

ထိုစကားတစ်ခွန်းက သူ့နှလုံးသားကိုအမိန့်ပေးလာသလိုမျိုး ထူးခြားနေခဲ့၏။ ရှေ့သို့လှမ်းတော့မည့် သူ့ခြေထောက်များလည်း အလိုလိုတန့်သွားရသည်။  " သူပျော်နေတာကိုဖျက်စီးရက်လို့လား" တဲ့။ မေးမှမေးရက်ပါလေ။   သူ့နှလုံးသားက​ရော အဲ့လိုလုပ်ဖို့ လက်ခံလိမ့်မယ်လို့ ဒီဘိလပ်သားထင်နေပါသလား။ သူ့ဘဝမှာ နိဒါန်းပျိုရဲ့ အပြုံးလေးတစ်ချက်ညိုးသွားမှာကိုတောင် ယင့်ရိုးမနောင်ဆိုတဲ့လူက လက်ခံခဲ့တဲ့ကောင်မဟုတ်ဘူး။

ရင်ခွင်ရိပ်မြုံ ( Ongoing ) Where stories live. Discover now