ဦးတည်သည် ခြံဝန်းထဲတွင်သူနှင့်အတူလမ်းလျှောက်ရင်းနာရီဝက်မျှအချိန်ကုန်ဆုံးပေးခဲ့သည်။ နေ့တစ်နေ့ရဲ့ အချိန်စက်ကွင်းဟာ အကုန်မြန်ပါသည်။ တဖြည်းဖြည်းနဲ့ ညနေပင်စောင်းလို့ ပတ်ဝန်းကျင်ကမှောင်လာခဲ့၏။ အိမ်ထဲသို့ဝင်ရင်း ဧည့်ခန်းသို့ဖြတ်လျှောက်ချိန်၌ နံရံထက်ကအမျိုးသမီးပန်းချီကားဟာ သူ့အာရုံကိုထပ်မံဆွဲဆောင်သွားပြန်သည်။ ထိုအရာကို ဦးတည်ကလည်းမြင်လေသည်။ နိဒါန်းပျိုလည်း နံရံထက်က ပန်းချီကားကို လက်ဖြင့်ညွှန်ပြရင်း ဦးတည်ဘက်သို့လှည့်ကာ မေးလိုက်၏။
" ဦးတည် ဒီပန်းချီကားထဲကအမျိုးသမီးကဘယ်သူလဲ ကျွန်တော်သိချင်ပါရဲ့... "
စောလွန်းတည် ချာတိတ်ညွှန်ပြသော နံရံထက်က ပန်းချီကားကိုကြည့်လိုက်သည်။နေ့လယ်ကတည်းက ဒီပန်းချီကားကို ချာတိတ်စိတ်ဝင်စားနေမှန်းသူရိပ်မိပါသည်။ ဒီပန်းချီကားဟာ သူကိုယ်တိုင်ဆွဲထားသောလက်ရာတစ်ခုဖြစ်ပြီး ပုံထဲကအမျိုးသမီးဟာလည်း သူတန်ဖိုးထားလေးစားရသောလူသားတစ်ဦးဖြစ်သည်။ ခုလိုမျိုး အမေးခံရလိမ့်မည်ဟုလည်းကြိုတင်လည်းမှန်းဆပြီးသားပင်။ ဒါပေမယ့်လည်း ချာတိတ်မေးသော မေးခွန်းအား အမေးတစ်ခုဖြင့်သာ သူတုန့်ပြန်လိုက်သည်။
" သူမက လှသလား ချာတိတ် "
နိဒါန်းပျို ခေါင်းညိတ်၍ ဖြေလိုက်သည်။
" လှပါရဲ့ ဦးတည်၊ အထူးသဖြင့် သူမရဲ့မျက်ဝန်းတွေပေါ့၊ အမျိုးသမီးတစ်ဦးအနေနဲ့ သူမမှာ သိပ်ကိုလှပပြီးရဲရင့်စူးတောက်တဲ့ မျက်ဝန်းတစ်စုံရှိတယ်၊ ပြီးတော့ အဲဒီမျက်ဝန်းတွေက အညိုရောင်ဖြစ်နေပေမယ့် ဦးတည်ရဲ့မြစိမ်းရောင် မျက်ဝန်းတွေနဲ့ သိပ်တူလွန်းတာပဲ၊နောက်ထပ်ဆိုရရင် သူမရဲ့ မျက်နှာအစိတ်အပိုင်းတွေက သမိုင်းဦးတည်ဆိုတဲ့လူနဲ့ ခွဲမရအောင်တူပါတယ်လေ၊ဟို... ဒါက ကျွန်တော့်ရဲ့အမြင်ပါ ဦးတည် "
စောလွန်းတည် ချာတိတ်စကားကြောင့် သွားပေါ်သည်အထိပြုံးလိုက်မိသည်။ ထိုအခါ မရိုးသည့်တိုင် သူအားငေးမောကြည့်လာသော ကြည်တောက်တောက်မျက်စံနက်လေးတွေဟာ သိပ်ကိုညို့ယူနိုင်ပါ၏။ ထိုမျက်ဝန်းကို ငုံ့ကြည့်ရင်း ချာတိတ်မေးခဲ့သော ပထမမေးခွန်းအား စောလွန်းတည်ပြန်ဖြေလိုက်သည်။
YOU ARE READING
ရင်ခွင်ရိပ်မြုံ ( Ongoing )
Romance" မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် " မင်းကို ဘယ်တော့မှလက်မလွတ်ဖို့က ကိုယ့်ရဲ့ကံကြမ္မာပဲချာတိတ်... " စောလွန်းတည် START DATE: 2023.14.November END DATE : pc/crd