1.1 (1)

304 10 0
                                    

တုနှိုင်းမဲ့ ထန်မျိုးနွယ် (Soul Land 2)
အပိုင်း ၁•၁ (အပိုင်း ၁)
" စိတ်ဝိညာဥ်မျက်လုံးပိုင်ရှင်လူငယ် "
°°°
ရွှေရောင်တောက်ပနေတဲ့ ခေါင်းမိုးတွေက ကြီးမားတဲ့ နန်းတော်လို အဆောက်အအုံပေါ်မှာ နေရောင်ထိုးလိုက်တိုင်း တောက်ပလျက်ရှိတယ်။ ရှေးလူတွေရဲ့ ဖန်တီးမှုလက်ရာဖြစ်တဲ့ ဒီနန်းတော်ကြီးရဲ့ အုတ်ကြွပ်တွေက အနီရောင်တံခါးတွေနဲ့ လိုက်ဖက်ညီစွာ တောက်ပလို့ နေခဲ့တယ်။ ဒါ့အပြင် မြင်ရသူတိုင်းကို ခမ်းနားထည်ဝါတဲ့ အငွေ့အသက်အပြည့်နဲ့ သိလိုစိတ်ပြင်းပြလာအောင် လှုံ့ဆော်ပေးနေပါတယ်။

အဝေးကနေကြည့်မယ်ဆိုရင် နန်းတော်ကြီးရဲ့ ဘေးပတ်လည်မှာ မြူခိုးတစ်ခု ရှိနေတာကို မြင်ရမှာဖြစ်ပြီး ဒါ့အပြင် ပတ်ပတ်လည်မှာလဲ အုတ်ခေါင်မိုးတွေ မိုးထားတဲ့ အဆောက်အအုံငယ်တွေ သပ်သပ်ရပ်ရပ် စီတန်းတည်ရှိနေတာကို တွေ့မြင်ရမှာပါ။ ဒီနေရာက ကျယ်ပြန့်လွန်းတာကြောင့် မျက်စိတဆုံးကြည့်ရင်တောင် မမြင်ရနိုင်ပါဘူး။ ၀င်ပေါက်ကနေ ပေငါးဆယ်အမြင့်မှာတော့ မြို့စားအိမ်တော်ဆိုတဲ့ စာလုံးတွေကို ကြီးမားတဲ့ အခုံးပုံသဏ္ဍာန် အုတ်ချပ်ကြီးမှာ ရေးထားပါတယ်။

ဒီကြီးမားတဲ့ မြို့တော်ကြီးက မြို့နယ်မြေထဲမှာ မပါ၀င်ပါဘူး။ အဲ့ဒီအစား ကြယ်တာရာ လော့နိုင်ငံတော်ရဲ့ အဓိကမြို့တော်ကြီးဖြစ်တဲ့ ကြယ်တာရာလော့မြို့တော်ကနေ မိုင်ငါးဆယ်အကွာမှာ တည်ရှိတဲ့ တစ်ခုတည်သော အဆောက်အအုံကြီးလဲ ဖြစ်နေခဲ့ပါတယ်။ ဒါတွေအားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် အိမ်တော်ကြီးရဲ့အရှင်သခင်က နိုင်ငံတော်မှာ ဘယ်လောက်အထိ မြင့်မားပြီး ဂုဏ်ကျက်သရေရှိတဲ့ ရာထူးအဆင့်အတန်းကို ပိုင်ဆိုင်ထားလဲဆိုတာ သိနိုင်နေပါတယ်။

လက်ရှိအချိန်ကာလမှာတော့ တောက်ပတဲ့နေရောင်က ရွှေရောင်အမိုးချပ်တွေပေါ်ကို ထိုးကျနေခဲ့ရင်း တလက်လက်တောက်ပလို့ နေခဲ့ပါတယ်။ ရွှေရောင်အလင်းတန်းအလွှာတစ်ခုက မြို့စားအိမ်တော်ကို အပြည့်အ၀လွှမ်းခြုံလို့ထားခဲ့တယ်။ မြို့တော်ရဲ့ တံတိုင်းတွေကနေ တက်ကြည့်မယ်ဆိုရင်တောင် ဒီမြင်ကွင်းကို ဝိုးတဝါးမြင်နေခဲ့ရမှာပါ။

မြို့စားအိမ်တော်ရဲ့ အနောက်ဖက်နေရာမှာတော့ ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက်က တိတ်တဆိတ်ထိုင်နေခဲ့ပါတယ်။

ဒါကတော့ အသက် ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်အရွယ် လူငယ်လေးပါပဲ။ သူ့ရဲ့ကိုယ်ဟန်က အတော်လေး အချိုးကျကျတည်ဆောက်လို့ထားခဲ့ပြီး မီးခိုးရောင်၀တ်ရုံတစ်ခုကို ၀တ်ဆင်လို့ထားခဲ့ပါတယ်။ သူ့ရဲ့ ၀တ်ရုံက ရိုးရှင်းပေမဲ့ သပ်သပ်ရပ်ရပ် ရှိနေခဲ့တယ်။ ဒါ့အပြင် ကျောပေါ်မှာလဲ အ၀တ်ထုတ်တစ်ထုတ်ကိုလဲ သယ်သယ်ဆောင်ထားပါတယ်။ အနက်ရောင်ဆံပင်တိုတိုတွေက သပ်သပ်ရပ်ရပ်ပုံစံ ချည်နှောင်ထားခဲ့ပြီး ခိုင်မာပြတ်သားတဲ့အကြည့်ကတော့ သူ့နဲ့ သက်တူရွယ်တူ လူတိုင်းထက်သာလွန်နေတာကို ဖော်ပြလို့နေခဲ့တယ်။

သူ့နောက်ဖက်မှာကျန်ရစ်နေခဲ့တဲ့ မြို့စားအိမ်တော်ရဲ့ အနောက်ဖက်တံခါးက ဖြည်းဖြည်းချင်း ပိတ်သွားခဲ့ပါပြီ။ လူငယ်ကတော့ ရှေ့ကို ခပ်မြန်မြန်ပြေးသွားပါတော့တယ်။ ဒါပေမယ့် မြို့စားအိမ်တော်ကို တစ်ချက် နောက်လှည့်ကြည့်ရင်း သူ ရုတ်တရက်ရပ်သွားတော့တယ်။ သူ့ရဲ့ အပြာရင့်ရောင်မျက်၀န်းတွေထဲမှာတော့ အမုန်းတရားတွေ အပြည့်ထွက်ပေါ်လို့လာခဲ့ပါပြီ။

" အမေ ကျွန်တော်ကို ကြည့်နေရဲ့လား ကျွန်တော်ဘယ်လောက်ပဲ ကြိုးစားရပါစေ သေချာပေါက် ပြန်လာခဲ့မယ်...အရာအားလုံးကို ခြေထောက်အောက်မှာ နင်းချေပြစ်မယ်....ဒါ့အပြင် ကျွန်တော်ရဲ့မျိုးရိုးနာမည်ကို အမေရဲ့မျိုးရိုးနာမည် ဟို့အဖြစ် ပြောင်းလဲရတာကို သေချာပေါက် ဂုဏ်ယူမှာပါ .. အခုအချိန်ကနေစပြီ ကျွန်တော်နာမည်က ဟို့ယွိဟောင် "

ဒါကိုပြောပြီးချိန်မှာပဲ မြို့စားအိမ်တော်ဘက်ကို လေးလေးနက်နက် စိုက်ကြည့်ပါတော့တယ်။ အဲ့ဒီနောက် နောက်ထပ် တစ်ချက်လေးမှတောင် မတွေဝေတော့ပဲ ထွက်သွားခဲ့တယ်။

ကြယ်တာရာလော့မြို့တော်ဆီကို သူဦးတည်ပြီး မသွားခဲ့ပါဘူး။ အဲ့ဒီအစား မြောက်ဖက်ကိုသွားခဲ့တယ်။ သေးငယ်တဲ့ခန္ဓာကိုယ်လေးက အဝေးနေရာကို ထွက်ခွာသွားရင်း ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ နေမင်းရဲ့ ပူလောင်တောက်ပတဲ့ အလင်းတန်းကတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ စူးစူးရှရှကျရောက်လို့ နေခဲ့ပါတယ်။ ခန္ဓာကိုယ်က ပိန်ပါးပေမဲ့ ကူကယ်ရာမဲ့နေတဲ့ပုံစံမျိုး တစ်စက်လေးမှ မရှိပါဘူး။ မြို့စားအိမ်တော်ကြီးရဲ့ ဘေးဖက်မှာတော့ ကျယ်ပြန့်တဲ့လမ်းတွေရှိနေခဲ့တယ်။ ဟို့ယွိဟောင်ကတော့ ဆက်တိုက်ဆိုသလို ဆက်ပြီး လျှောက်လှမ်းနေဆဲပါ။ သူ့ရဲ့ မျက်လုံးတွေကတော့ တစ်စထက်တစ်စ ပိုနီရဲလာခဲ့ပါပြီ။

" အမေ "

အဲ့ဒီနောက် မကျေမနပ်နဲ့ နာကျင်နေတဲ့ အကြည့်က သူ့မျက်နှာပေါ်မှာ ပေါ်လာပါတော့တယ်။ သူ့အမေက သူ့စိတ်ထဲမှာ ဆက်တိုက်ဆိုသလို ပေါ်လာနေခဲ့တာကြောင့် အံကိုတင်းတင်းကြိတ်ထားခဲ့ရတယ်။

" ငါသေချာပေါက် သန်မာလာမှဖြစ်မယ် လူတွေက ကိုယ်ကိုကိုယ်ပဲ မှီခိုလို့ရမယ်လို့ အမေက ငါ့ကို သင်ထားပေးပြီသား အကယ်၍ ငါသာ သန်မာလာမယ်ဆိုရင် ပိုကောင်းတဲ့ဘ၀ကို ရလာနိုင်တယ် "

သူမှတ်ဉာဏ်တွေက စိတ်ထဲမှာ ဆက်တိုက်ဆိုသလို ရစ်၀ဲပြီး ပေါ်လာခဲ့ပြန်ပါတယ်။ ဟို့ယွိဟောင်ရဲ့ အမေက မြို့စားမင်းရဲ့ အစေခံတွေထဲက တစ်ယောက်ပါပဲ။ ဒါ့အပြင် မြို့စားနဲ့အတူတူ ကြီးပြင်းခဲ့တဲ့သူပါ။ ဒါ့အပြင် ဒီလိုမျိုး ကိုယ်ပိုင်အစေခံတစ်ယောက်က သူ့သခင်ကို အလုပ်အကျွေးပြုဖို့ ရိုးရှင်းတဲ့ကံတရားသာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်က သူ့အမေရဲ့ ၀မ်းဗိုက်ထဲကို တစ်ညမှာ ၀င်ရောက်လို့လာခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်အချိန်တုန်းက ဒီကိစ္စဖြစ်ပွားခဲ့တာပါ။

ဆယ်လကြာကိုယ်၀န်ဆောင်ပြီးတဲ့နောက် သူ့ကို နောက်ဆုံးမှာမွေးဖွားခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ အမေက ဘယ်လိုအဆင့်အတန်းဖြစ်နေပါစေ သူက မြို့စားရဲ့သားတစ်ယောက်ပါပဲ။ ဒါကြောင့် နန်းတော်ထဲမှာ သူရရှိတဲ့ အရာတွေက ကောင်းမွန်တယ်လို့ မဆိုသာပေမဲ့ အရမ်းကြီးလဲ မဆိုးလွန်းခဲ့ပါဘူး။ သူ့အမေလဲ အစေခံတစ်ယောက် မဟုတ်တော့ပဲ သူ့ကလေးကို အခြေခံပြီး ကိုယ်ပိုင်ခြံ၀န်းတစ်ခု ရရှိခဲ့ပါတယ်။

အရာအားလုံးက ပြဿနာမရှိပဲ ဆက်သွားသင့်ပေမဲ့ ကပ်ဆိုးက မကြာခင်မှာရောက်ရှိလာမယ်လို့ ဘယ်သူက ထင်ထားခဲ့မိမှာလဲ။

မြို့စားက နိုင်ငံတော်ကို ကိုယ်စားပြုပြီး စစ်တိုက်ဖို့ ဦးဆောင်သွားခဲ့ရပါတယ်။ ဒါ့အပြင် အိမ်တော်ရဲ့ အတွင်းပိုင်းကိစ္စတွေအားလုံးကို မြို့စားရဲ့ဇနီးသည်ဆီ လွှဲအပ်ခဲ့တယ်။ မြို့စားရဲ့ဇနီးသည်ဆီမှာ သားနှစ်ယောက်နဲ့ သမီးတစ်ယောက် ရှိနေခဲ့ပြီးသားပါ။ ဒါ့အပြင် သူ့ ကလေးတွေကို သက်ရောက်လာနိုင်မဲ့ဘယ်အရာကိုမဆို ဖိနှိပ်ဖို့အတွက် သူမက အဆင်သင့်ဖြစ်နေခဲ့တယ်။

မြို့စားသာ အိမ်တော်မှာရှိနေခဲ့မယ်ဆိုရင် ဟို့ယွိဟောင်နဲ့ သူ့အမေအတွက် အရာရာအားလုံးက အဆင်ပြေနေပေမဲ့ သူထွက်ခွာသွားပြီးချိန်မှာတော့ အိမ်တော်က မြို့စားကတော်ရဲ့ အုပ်ချုပ်မှုအောက်ကို လုံး၀ ကျရောက်သွားပါတော့တယ်။ ဒါ့အပြင် သူက လက်ရှိဧကရာဇ်ရဲ့ အချစ်ခင်အမြတ်နိုးဆုံးသမီးတော်လဲ ဖြစ်နေခဲ့သေးတယ်။

ဟို့ယွိဟောင်ရဲ့ အမေက မြို့စားနဲ့အတူတူ ကြီးပြင်းခဲ့သူ ဖြစ်တာကြောင့် မြို့စားက သူမကို နှစ်နှစ်ကာကာမြတ်နိုးခဲ့တယ်။ ဒါကြောင့်သာ မြို့စားကတော်က သူ့ကို အမြဲတမ်းမနာလိုဖြစ်နေခဲ့တာပါ။ မြို့စားထွက်ခွာသွားတာနဲ့ သူမက မြို့စားကတော်ပစ်မှတ်ထားတာကို ခံရပါတော့တယ်။ ဟို့ယွီဟောင်အမေက ကူးစက်ရောဂါခံစားနေရတယ်ဆိုတဲ့ အကြောင်းပြချက်ကို အသုံးချပြီး ရှိရှိသမျှ အစေခံတွေအားလုံးကို မောင်းထုတ်ပြစ်ခဲ့တဲ့အပြင် ၀င်ငွေရပေါက်ရလမ်းတွေအားလုံးကိုလဲ ဖြတ်တောက်ပစ်ပါသေးတယ်။ ဒါတွေ ဖြစ်ပျက်လာချိန်မှာ ဟို့ယွိဟောင်က အသက် တစ်နှစ် နှစ်နှစ်သာ ရှိပါသေးတယ်။

ဟို့ယွီဟောင်ရဲ့အမေက အစကထဲက ကျန်းမာတဲ့ခန္ဓာကိုယ် မရှိခဲ့ပါဘူး။ ဒါကြောင့် ကြမ်းတမ်းပြင်းထန်တဲ့ လူနေမှုပုံစံက သူမရဲ့ ခန္ဓာကိုယ်ကို ပိုပြီး အပျက်အစီးများလာစေခဲ့တယ်။ ပိုဆိုးတဲ့အရာကတော့ မြို့စားကတော်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ အစေခံတွေက သူမကို ဆက်တိုက်ဆိုသလို အနိုင့်ကျင့်နေတာကြောင့် ဟို့ယွီဟောင် အသက် ဆယ့်နှစ်ပြည့်ချိန်မှာ သူမက ခန္ဓာကိုယ်ထိခိုက်မှုဒဏ်ကို မခံနိုင်ပဲ ရုတ်တရက်သေဆုံးလို့ သွားခဲ့ရပါတယ်။

°°°

လွန်ခဲ့သော နှစ်ပေါင်းလေးထောင်ခန့်က သော့်လော့တိုက်ကြီးဟာ နေလတိုက်နဲ့ ပွတ်တိုက်ခဲ့ပါတယ်။ ဒီလိုပွတ်တိုက်မှုကြောင့် အနောက်ပင်လယ်ကြီး ဖြစ်ပေါ်လာခဲ့တယ်။ ရလဒ်တွေကြောင့် သော့်လော့တိုက်ရဲ့ နယ်မြေက အများကြီးကျယ်ပြန့်လို့လာခဲ့ပြီး စစ်ပွဲတွေရဲ့ ပမာဏကလဲ ပိုမို တိုးပွားလို့လာပါတော့တယ်။

မူလ အနေအထားမှာ နိုင်ငံနှစ်ခုအဖြစ်သာ တည်ရှိခဲ့တဲ့ သော့်လော့တိုက်က ကောင်းကင်သုန့်နိုင်ငံတော်နဲ့ ကြယ်တာရာလော့နိုင်ငံဆိုပြီး နှစ်ခုရှိခဲ့တာပါ။ ဒါပေမယ့် သော့်လော့တိုက်မှာ လက်ရှိအချိန် နိုင်ငံတော်က သုံးခုဖြစ်သွားခဲ့ပါပြီ။ နှစ်ခုထဲမှာ ကြယ်တာရာလော့နိုင်ငံက တည်ရှိနေဆဲပါပဲ။ ဒါပေမယ့် တော်၀င်မျိုးနွယ်စုတွေကတော့ ပြောင်းလဲလို့သွားခဲ့တယ်။ ကံကောင်းစွာနဲ့ နိုင်ငံတွေအားလုံးကို ပြန်လည်ထိန်းသိမ်းလို့ ထားနိုင်ခဲ့ပြီး သူတို့ရဲ့ အင်ပါယာကြီးကလဲ တည်မြဲလို့နေပါသေးတယ်။ ဒါကြောင့် နိုင်ငံတော် သုံးခုထဲမှာ အသန်မာဆုံးအဖြစ် ရပ်တည်နိုင်ခဲ့တယ်။

နှစ်ခြမ်းကွဲထက်သွားခဲ့တဲ့ နိုင်ငံကတော့ ကောင်းကင်သုန့်မြို့တော်ပါပဲ။

အဆုံးသတ်မှာ ကွဲထွက်လို့သွားခဲ့တဲ့ နိုင်ငံက ကောင်းကင်စိတ်ဝိညာဥ်အင်ပါယာနဲ့ စိတ်၀ိညာဉ်သော့်အင်ပါယာဆိုပြီ နှစ်ခုကွဲသွားခဲ့ပါတယ်။ နေလတိုက်ကြီးကတော့ အနောက်ဖက်ကနေ ဆွဲခွာခံလိုက်ရတာကြောင့် ကျယ်ပြန့်တဲ့နယ်မြေတွေနဲ့ များပြားတဲ့အရင်းအမြစ်တွေ ရှိနေခဲ့တယ်။သော့်လော့တိုက်ထက် အနည်းငယ်သေးငယ်ပေမဲ့ သူ့မှာတော့ ကိုယ်ပိုင်နိုင်ငံတော်တစ်ခု ရှိနေဆဲပါ။ ဒါကတော့ နေလအင်ပါယာပါပဲ။

တိုက်နှစ်ခုခြားဖြစ်ပွားနေတဲ့ စစ်ပွဲတွေက သူတို့တိုက်မိချိန်တိုင်းမှာ ဖြစ်ပေါ်နေခဲ့ပါတယ်။ ဒါ့အပြင် သော့်လော့တိုက်ရဲ့ သုံးနိုင်ငံကတော့ မဟာမိတ်ဖွဲ့စည်းရင်း သူတို့ရဲ့ဘုံရန်သူကို အမြဲတမ်းချေဖျက်တိုက်ခိုက်နေခဲ့တယ်။ နှစ်ပေါင်း နှစ်ဆယ်နီးပါး စစ်ဖြစ်ပြီးတဲ့နောက် နောက်ဆုံးမှာတော့ နေလအင်ပါယာကို အနိုင်ယူနိုင်ခဲ့ပါပြီး တိုက်ကြီးနှစ်တိုက်က သော့်လော့နာမည်နဲ့ ပေါင်းစည်းလို့သွားပါတော့တယ်။ နေလတိုက်က နောက်ထပ် မတည်ရှိတော့ပဲ နေလအင်ပါယာက သော့်လော့တိုက်ထဲမှာ ရှိနေခဲ့တယ်။

ဒါပေမယ့် အနိုင်ယူခံလိုက်ရတာတောင် နေလအင်ပါယာကို အပြည့်အ၀ မကျုးကျော်နိုင်သေးပါဘူး။ သူတို့တွေက သဘာ၀အားသာချက်တွေကို အသုံးချပြီ သာလော့တိုက်ရဲ့ နိုင်ငံ သုံးခု ပဋိပက္ခဖြစ်နေတာကိုသာ ထိုင်ကြည့်နေခဲ့တယ်။ ဒါ့အပြင် ကိုယ့်ကိုကိုယ် အခြေတည်မြဲအောင် လုပ်နေခဲ့ပြီး နယ်မြေ လေးခုရဲ့ မတိုးသာမဆုတ်သာအခြေအနေကို ဆက်တိုက်ထိန်းထားပါတယ်။ ဒါပေမယ့် စစ်ပွဲတွေကတော့ နှစ်စဥ်နှစ်တိုင်းဖြစ်ပွားနေဆဲပါ။

စစ်ပွဲတွေ ဆက်တိုက်ဖြစ်နေခဲ့တာကြောင့် မြို့စားကလဲ အမြဲတမ်းပါ၀င်ခဲ့ရပါတယ်။ အိမ်တော်ထဲမှာ အချိန်ကုန်ဆုံးရတယ်ဆိုတာ အရမ်းကို ရှားပါးခဲ့တယ်။ ဒါကြောင့်သာ မြို့စားကတော်က ကိစ္စတွေကို အေးအေးဆေးဆေး ဖြေရှင်းထားနိုင်ခဲ့တာပါ။ ဟို့ယွိဟောင်ရဲ့အမေကိုတော့ မြို့စားက ဖြည်းဖြည်းချင်းဆိုသလို မေ့သွားခဲ့ပါပြီ။ မြို့စား သူမအကြောင်းမေးတဲ့အချိန်မှာလဲ သူ့ဇနီးသည်က ဖျားနေတဲ့အကြောင်းကိုသာ ပြန်ဖြေခဲ့တယ်။

ဟို့ယွိဟောင်ရဲ့အမေက သူ့ကိုမွေးဖွားပြီးချိန်မှာ ခါးသီးမှုကို အများကြီး ကျော်ဖြတ်ခဲ့ရပါတယ်။ အသက် ခြောက်နှစ်အရွယ်မှာတော့ အိမ်တော်ထဲမှာ ဟို့ယွိဟောင်က သူ့ရဲ့သိုင်းပညာစိတ်၀ိညာဥ်ကို နိုးထနိုင်ခဲ့တယ်။

သိုင်းပညာစိတ်၀ိညာဥ်က သော့်လော့တိုက်ထဲမှာ လူတိုင်းပိုင်ဆိုင်တဲ့အရာပါပဲ။ နေလအင်ပါယာက ပုံမှန်မဟုတ်တဲ့ ကွဲပြားခြားနားတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး တခြားနိုင်ငံတော်သုံးခုကို ယှဥ်ပြိုင်နေခဲ့ပေမဲ့ သိုင်းပညာ၀ိညာဥ်တွေကတော့ အဓိက အခြေခံကျတဲ့ နည်းလမ်းတွေ ဖြစ်နေဆဲပါ။

လူတိုင်းမှာ သိုင်းပညာဝိညာဥ်ရှိနေပြီ အသက်ခြောက်နှစ်အရွယ်မှာ အသက်သွင်းနိုင်ပါတယ်။ သိုင်းပညာ၀ိညာဥ်တွေက အရာမရွေးဖြစ်နိုင်တယ်။ လက်နက်တစ်ခုကနေ တိရစ္ဆာန်တစ်ကောင်ဖြစ်နိုင်သလို တိရစ္ဆာန်ပုံစံ သိုင်းပညာဝိညာဥ်တွေကိုတော့ သားရဲကောင်ဝိညာဥ်လို့ ခေါ်ပါတယ်။ သားရဲကောင်ဝိညာဥ်မဟုတ်တဲ့ အရာအားလုံးကိုတော့ ပစ္စည်းဝိညာဥ်တွေလို့ ခေါ်ကြတယ်။ ဒါပေမယ့် အားလုံးကတော့ ပုံစံပြောင်းမှုနဲ့ အသွင်းပြောင်းနိုင်စွမ်းကို ပိုင်ဆိုင်ထားတဲ့ ဝိညာဥ်တွေဖြစ်တာကြောင့် ဒီစည်းမျဥ်းကိုတော့ မချိုးဖောက်နိုင်ပါဘူး။

သိုင်းပညာဝိညာဥ်ကို အသက်သွင်းပြီတဲ့နောက် လူတစ်ချို့ကသာ ထူးခြားတဲ့ စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်နိုင်ပါတယ်။ အဲ့ဒါကိုတော့ ဝိညာဥ်စွမ်းအားလို့ခေါ်ဆိုကြတယ်။ ဝိညာဥ်စွမ်းအားတွေကို ပိုင်ဆိုင်တဲ့သူသာ ကျင့်ကြံနိုင်ဖို့ အလားအလာ ရှိတာပါ။ ဒါ့အပြင် သော့်လော့တိုက်မှာ အမြင့်မြတ်ဆုံးအလုပ်အကိုင်ဖြစ်တဲ့ ဝိညာဥ်ပညာရှင်ဆိုတဲ့ အဆင့်အတန်းကိုလဲ ရရှိနိုင်တယ်။

ဝိညာဥ်ပညာရှင်တွေကို အဆင့် ကိုးဆင့်ခွဲခြားထားပါတယ်။ အနိမ့်ဆုံးကနေ အမြင့်ဆုံးကို စီလိုက်မယ်ဆိုရင် ဝိညာဥ်ကျောင်းတော်သား ၊ ဝိညာဥ်ပညာရှင် ၊ ဝိညာဥ်မဟာပညာရှင် ၊ ဝိညာဥ်အကြီးအကဲ၊ ဝိညာဥ်ဘိုးဘေး၊ ဝိညာဥ်ဘုရင်၊ ဝိညာဥ်ဧကရာဇ်၊ ဝိညာဥ်သူတော်စင်၊ ဝိညာဉ်သော့်လော့တို့ပါပဲ။

ဝိညာဥ်ပညာရှင်တွေက အဆင့်တက်လာတိုင်းမှာ စွမ်းအားလဲ ပိုပြီး တိုးမြင့်လာနိုင်ပါတယ်။ အကယ်၍ အမြင့်ဆုံးသော့်လော့အဆင့်ကို ရောက်သွားခဲ့မယ်ဆိုရင်တော့ တောင်တွေကို ရွေ့လျားပြီး ပင်လယ်တွေကို ချိုးဖြတ်နိုင်တဲ့အပြင် ကြယ်တွေကိုပါ ရွေ့ပြောင်းနိုင်လောက်တဲ့ ကြောက်စရာစွမ်းအားကိုလဲ ရရှိနိုင်တယ်။

အပိုင်း ၁•၁ ပြီး၏။

တုနှိုင်းမဲ့ထန်မျိုးနွယ်Where stories live. Discover now