တုနှိုင်းမဲ့ထန်မျိုးနွယ်(Soul Land 2)
အပိုင်း ၁၃+၁၄(အပိုင်း ၄•၁-4*2)
" မိုးကြိုးသွားပေ့ပေ့ "
°°°
ပေ့ပေ့က အထိတ်တလန့်နဲ့ ပြောလာခဲ့ပါတယ်။
" ညီငယ်လေးဟို့ အခုဒီကိစ္စကို သေချာစဉ်းစားဖို့လိုတယ်နော် မျိုးနွယ်စုတစ်ခုကို ၀င်ရောက်တာက သေးငယ်တဲ့ကိစ္စမဟုတ်ဘူး....ငါတို့ ထန်မျိုးနွယ်က အတော်လေးကျဆင်းနေပြီးဖြစ်ပေမဲ့ ပြောပြီတဲ့စကားကို ပြန်မရုတ်သိမ်းတတ်ဘူး ဒါ့အပြင် ငါတို့က မိုးအောက်မြေပြင်မှာ နံပါတ်တစ်မျိုးနွယ်ဖြစ်ခဲ့ဖူးတဲ့ သမိုင်းလဲရှိနေသေးတယ်...အကယ်၍ အနာဂတ်မှာ ဆုံးဖြတ်ချက်ကို နောင်တရခဲ့ပြီး မျိုးနွယ်စုကို သစ္စာဖောက်ချင်တယ်ဆိုရင် ထန်ယာ့ပဲဖြစ်စေ ငါပဲဖြစ်စေ ဘယ်သူကမှ မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး "
ဟို့ယွိဟောင်က ခေါင်းညိတ်ပြီး ပြောလာခဲ့ပါတယ်။
" အစ်ကိုကြီးပေ့ ကျွန်တော်ဒီကိစ္စကို သေချာ စဉ်းစားပြီးပြီ ကျွန်တော်မှာ ဆွေမျိုးတွေလဲ မရှိတော့ဘူး...အသက်ကလဲ ငယ်ရွယ်လွန်သေးတယ်.. အပြင်လောကက ဘယ်လောက်အန္တရာယ်များလဲဆိုတာ ဒီတစ်ခေါက်သစ်တောဆီကိုထွက်လာပြီတော့မှသာ ကျွန်တော်သိတာ ကျွန်တော်ဝိညာဉ်ပညာရှင်တွေထဲမှာ အင်အားကြီးပြီး ထူးချွန်တဲ့သူဖြစ်ချင်တယ်...ထန်မျိုးနွယ်ကို ၀င်ရောက်တာက ကျွန်တော်အတွက် အောင်မြင်ဖို့အကောင်းဆုံးနည်းလမ်းပဲ ထန်မျိုးနွယ်က ကျွန်တော်ကို အမျက်ဒေါသ ကျောင်းတော်ဆီ ၀င်ရောက်ခွင့် ပေးနိုင်ရုံတင်မကဘူး အစ်ကိုတို့နှစ်ယောက်ဆီကလဲ နောက်ထပ် လမ်းညွှန်ချက်တွေ ရနိုင်သေးတယ်...ဒါ့အပြင် အစ်ကိုတို့နှစ်ယောက်စလုံးကို ကျွန်တော်ယုံတယ်...ကျွန်တော်ကို ထန်မျိုးနွယ်ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စတွေကို ပြောဝံ့ပြီဆိုမှတော့ ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ်နဲ့ လုပ်ဆောင်ကြမယ်ဆိုတာကို ကျွန်တော်ခံစားမိပါတယ်...ထန်မျိုးနွယ်ကို ကျွန်တော်၀င်ရောက်ပြီ အစ်ကိုတို့နှစ်ယောက်နဲ့အတူတူ ပြန်လည်တောက်ပလာအောင် လုပ်ချင်တယ် "
" ကောင်းလိုက်တာ ငါတောင်မှ နင်လောက်မပြောတတ်ဘူး "
ထန်ယာ့က ဟို့ယွိဟောင်ကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ထွေးပွေ့လို့ထားခဲ့ပါတယ်။ ပေ့ပေ့ကလဲ ခေါင်းညိတ်ရင်း ဟို့ယွိဟောင်ကိုကြည့်နေခဲ့တယ်။ သူ့ရဲ့ စိတ်ထဲမှာလဲ အတူတူပါပဲ။ ဟို့ယွိဟောင်က သူ့နဲ့သက်တူရွယ်တူ ကလေးတွေထက်အများကြီး ပိုပြီး ရင့်ကျက်နေတာကို သူသတိထားခဲ့မိတယ်။ အသက်ဆယ့်နှစ်ကျော်ပြီမှသာ ပထမဆုံးဝိညာဉ်စက်ကွင်းကို ရရှိပြီ ပါရမီက အရေးကြီးပေမဲ့ ကြိုးစားတဲ့ကိစ္စကတော့ မဖြစ်မနေလိုအပ်တဲ့အရာပါပဲ။ ဒါ့အပြင် ထူးခြားတဲ့ ဝိညာဉ်အမျိုးအစားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရုံတင်မက ထန်မျိုးနွယ်စုအတွက် သူ့ကို စျေပေါပေါနဲ့ ရလိုက်တယ်လို့တောင် ပြောလို့ရနေခဲ့တယ်။
ထန်ယာ့ရဲ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ မွှေးပျံ့တဲ့ရနံ့ကြောင့် ဟို့ယွိဟောင်ရဲ့မျက်နှာက ချက်ချင်းဆိုသလို နီရဲသွားပါတော့တယ်။ သူလုံး၀ကို မလှုပ်ရှားဝံ့ပဲ ဒီအတိုင်းကြောင်တောင်တောင်လေးနဲ့သာ ရပ်နေခဲ့တယ်။
ဒီအခြေအနေကနေ သူ့ကိုဆွဲထုတ်လာသူကတော့ ပေ့ပေ့ပါပဲ။
" ဆရာမရှောင်ယာ "
ဒီတစ်ကြိမ်မှသာ ထန်ယာ့က ဟို့ယွိဟောင်ကို လက်ထဲကနေ လွှတ်လိုက်ပါတယ်။ သူမက သူ့ကိုပြုံးပြီတော့ ကြည့်နေခဲ့တယ်။ အတော်လေးကို သဘောကျနှစ်ခြိုက်နေပုံပါပဲ လက်ရှိအချိန်မှာ သူ၀န်မခံချင်ပေမဲ့ ထန်မျိုးနွယ်ကို ဟို့ယွိဟောင်၀င်လာစေဖို့အတွက် အဓိကသိမ်းသွင်းစေချင်ခဲ့တဲ့ အရာပါ။ သူ့ရဲ့ ငါးကင်တာ ကောင်းလွန်လို့ပါပဲ။
"မောင်ငယ်လေးယွိဟောင် အခုအချိန်ကနေစပြီ ငါတို့တွေ နည်းလမ်းကျကျ သွားကြတာပေါ့ ငါတို့ထန်မျိုးနွယ်က လက်ရှိအချိန်မှာ လူသုံးယောက်ပဲ ရှိပေမဲ့ ငါတို့မှာအဲ့လောက် စည်းမျဉ်းတွေအများကြီးမရှိဘူး...ငါတို့မျိုးနွယ်စုက လူဖြစ်လာပြီဆိုရင် ငါ့ကို ဆရာမလို့ခေါ်ရမယ်..အနာဂတ်မှာလဲ ငါတို့ထန်မျိုးနွယ်ရဲ့ လူတစ်ယောက် ဖြစ်လာတော့မယ်မဟုတ်လား "
ထန်ယာ့က ခိုင်ခိုင်မာမာ ပြောလာခဲ့တယ်။
ဟို့ယွိဟောင်ကလဲ ခေါင်းညိတ်ရင်း ထန်ယာ့ရဲ့ ရှေ့မှာဒူးထောက်ပြီး အရိုအသေပြုပါတော့တယ်။
" တပည့်သားဟို့ယွိဟောင်ဆရာကို ဂါရဝြပုပါတယ် "
ထန်ယာ့ကတော့ အဲ့ဒီနေရာမှာ မလှုပ်မယှက်သာ ရပ်နေခဲ့တယ်။ သုံးကြိမ်သုံးခါတိတိ အရိုအသေပေးမှုကို လက်ခံပြီးမှသာ သူ့ကို တွဲထူးပေးပါတယ်။
" ကောင်းပြီ ယွိဟောင် အနာဂတ်ကနေစပြီ မင်းက ဆရာရဲ့ဒုတိယတပည့်သားပဲ ဆရာတို့အစ်ကိုကြီးကို အသိအမှတ်ပြုပါ "
သူက ပေ့ပေ့ကို လက်ညိုးထိုးပြလိုက်တယ်။
" ဆရာတူအစ်ကိုကြီးကို အရိုအသေပြုပါတယ် "
ဟို့ယွိဟောင်က ဒီတစ်ကြိမ်မှာ ပေ့ပေ့ကို ဦးညွတ်လိုက်တယ်။
" အဲ့ဒီလောက်ကြီး အရိုအသေပြုဖို့ မလိုပါဘူး ဆရာတူညီလေး ငါတို့တွေ အနာဂတ်မှာ မိသားစုဖြစ်လာမှာပဲလေ "
ထန်ယာ့ကတော့ စိတ်အေးလက်အေးဖြစ်သွားပုံပါပဲ။
" ယွိဟောင် နင်လဲ အနာဂတ်မှာ ပေ့ပေ့လိုမျိုး ငါ့ကို ဆရာရှောင်ယာလို့ခေါ်သင့်တယ်...ဒါပေမယ့် သူ့လိုမျိုး သိပ်ပြီးတွယ်ကပ်မနေနဲ့ နားလည်တယ်မလား "
" နားထောင်ပါ့မယ်ဆရာ "'
အရိုအသေပြုပြီတဲ့နောက် ဟို့ယွိဟောင်က အတော်လေးကို စိတ်အေးသက်သာရာ ရသွားခဲ့ပါတော့တယ်။ လက်ရှိအချိန်သူ့နှလုံးသားထဲမှာရှိတဲ့ ဗဟာဟင်လင်ကြီးကလဲ အတော်လေးကို တည်ငြိမ်နေခဲ့ပါပြီး ထန်မျိုးနွယ်ကို ၀င်ရောက်တာက သူ့နှလုံးသားထဲမှာ စိတ်ချလုံခြုံမှုကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒီခံစားချက်က မတွေ့ကြုံရတာ အတော်ကို ကြာမြင့်နေခဲ့ပြီ။
ရှောင်ယာက လက်ကိုခါရင်း စာအုပ်တစ်အုပ်ကို ဆွဲထုတ်လာခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ဆီကို ပေးလိုက်တယ်။
"'ယွိဟောင်က ဒါက ငါတို့ထန်မျိုးနွယ်ရဲ့ ထူးဆန်းကောင်းကင်ရတနာမှတ်တမ်းပဲ ဒါ့အပြင် လျှို့ဝှက်နည်းလမ်းတွေကိုလဲ အထဲမှာ မှတ်တမ်းထင်ထားတယ်...ဒီအထဲမှာ ထူးဆန်းကောင်းကင်နည်းလမ်းက အရာအားလုံးရဲ့ အခြေခံပဲ အကယ်၍ ဒါကိုအသုံးပြုပြီး တရားထိုင်မယ်ဆိုရင် သေချာပေါက် ကျင့်ကြံတဲ့အရှိန်နှုန်းက တိုးမြင့်လာလိမ့်မယ်..လက်ရှိအချိန် နင်ရဲ့ကျင့်ကြံတဲ့နှုန်းက အတော်လေးကို နှိမ့်ပါးလွန်နေတာကြောင့် ကျင့်ကြံတဲ့နည်းလမ်းကို ပြောင်းရမယ်...ဘယ်လိုမကောင်းတဲ့အကျိုးဆက်မှရှိလာမှာမဟုတ်ဘူး "
" အဲ့ဒီနောက် ပေ့ပေ့နဲ့ ငါက နောက်ထပ် လမ်းညွှန်ပေးမယ် ထူးဆန်းကောင်းကင်နည်းလမ်းအပြင် ထူးဆန်းကောင်းကင်ရတနာမှတ်တမ်းထဲမှာ နောက်ထပ် လျှို့ဝှက်နည်းလမ်းငါးခုထပ်ရှိနေသေးတယ်...အဲ့ဒါတွေက ထူးဆန်းကျောက်စိမ်းလက် အဲ့ဒါကလူတစ်ယောက်ရဲ့ လက်ကို အဓိကလေ့ကျင့်တဲ့အရာ နောက်ထပ်တစ်ခုက ခရမ်းရောင်နတ်ဆိုးမျက်လုံး အဲ့ဒါက မျက်လုံးကို လေ့ကျင့်ပေးတာပဲ နောက်တစ်ခုကတော့ ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးဆိုတဲ့နည်းလမ်း ဒါက သားရဲကောင်တွေကို ဖမ်းဆီးတာ နောက်တစ်ခုကတော့ သရဲအရိပ်လှည့်စားမှုလမ်းကြောင်းပဲ ဒါက အရှိန်နှုန်းနည်းလမ်းလဲ ဟုတ်သေးတယ်....ဒါ့အပြင် လျှို့ဝှက်လက်နက်တွေကို အသုံးပြုတဲ့ လျှို့ဝှက်လက်နက်ရာချီခွဲခြားမှုလဲ ထပ်ရှိတယ်...အဲ့ဒီထဲမှာ အကျော်ကြားဆုံးနည်းလမ်းကတော့ ငါတို့ရဲ့ လျှို့ဝှက်လက်နက်တွေကို အသုံးချတဲ့နည်းလမ်းပဲ ဒါကို အသုံးမပြုခင်မှာ အခြေခံကောင်းကောင်းရှိမှရမယ်...ဒါကြောင့် ပထမနည်းလမ်းငါးခုကို အရင်ဆုံးစပြီတော့ လေ့ကျင့်ရမယ်...အနာဂတ်မှာ လက်နက်ပုန်းတွေကို ဘယ်လိုသုံးရမလဲဆိုတာ ဆရာမင်းကိုသင်ပေးမယ် "
" အစောပိုင်းမှာ ငါတို့ရဲ့ ထန်မျိုးနွယ်က မင်းနဲ့သင့်တော်တဲ့ လျှို့ဝှက်နည်းလမ်းတစ်ခု ရှိတယ်တိုတာကို ပြောခဲ့တယ်မဟုတ်လား အဲ့ဒါကို ခရမ်းရောင်နတ်ဆိုးမျက်လုံးကို ပြောတာပဲ ဒါက မျက်လုံးကို အဓိကလေ့ကျင့်တဲ့ နည်းလမ်းဖြစ်တာကြောင့် အားကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအားတိုက်ခိုက်မှုကို ထုတ်လွှတ်ဖို့အတွက် အဆင်သင့်ဖြစ်လာလိမ့်မယ်...ဒါ့အပြင် မင်းရဲ့ စိတ်ဝိညာဉ်မျက်လုံးကလဲ ဒီနည်းလမ်းထက် ပိုပြီး သင့်တော်မဲ့အရာမရှိတော့ဘူး ..ဒါကို တတ်နိုင်သလောက် များများကျင့်ကြံပေး "
ထူးဆန်းကောင်းကင်ရတနာမှတ်တမ်းကို ရရှိပြီတဲ့နောက် ဟို့ယွိဟောင်က သူ့အင်္ကျီထဲကို ဂရုတစိုက် ထည့်လိုက်ပါတော့တယ်။
" ကျေးဇူးအများကြီးတင်ပါတယ် ဆရာ ကျွန်တော်သေချာပေါက် နည်းလမ်းတွေကို ကြိုးစားအားထုတ်ပြီ ကျင့်ကြံပါ့မယ် "
ပေ့ပေ့ကလဲ သူ့ရဲ့ခါးပတ်ကို ထိတွေ့လိုက်တယ်။ သူ့ရဲ့ခါးပတ်က အနက်ရောင်ဖြစ်ပြီး ပတ်ပတ်လည်မှာ ကျောက်စိမ်းတွေကို နစ်မြုပ်ထားတဲ့ ခါးပတ်ပါ။
" ညီလေး ငါမင်းကို ဘိုးဘေးကြီးထန်စန်း တစ်ကြိမ်တစ်ခါတုန်းက အသုံးပြုခဲ့တဲ့ လရောင်ဖြာတံတား နှစ်ဆယ့်လေးစင်းနည်းလမ်းကို ပေးမယ်...ဒါကို ဆရာတူအစ်ကိုကြီးဆီက တွေ့ဆုံတဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက် ဒါကိုသယ်သွားမယ်ဆိုရင် မင်းအတွက် တန်ဖိုးရှိနေတာထက်ကို ပိုနေလိမ့်မယ် "
ပြောပြီးချိန်မှာပဲ ပေ့ပေ့က ခါးပတ်ကို ဟို့ယွိဟောင်ရဲ့ ခါးမှာပတ်ပေးလိုက်ပါတယ်။ အဲ့ဒီနောက် အသုံးပြုရမဲ့ နည်းလမ်းတွေကိုလဲ ပြောပြပေးတယ်။ ကျောက်စိမ်းနှစ်ဆယ့်နဲ့လေးခု နစ်မြုပ်ထားတဲ့ဒီခါးပတ်က တစ်ခုချင်းဆီတိုင်းမှာ မီတာ၀က်ကျော်ကျယ်တဲ့လေဟာနယ်တွေ ရှိနေပြီး ပစ္စည်းတွေအများကြီးကို ထည့်သွင်းနိုင်ပါတယ်။ ဟို့ယွိဟောင်က သူ့ရဲ့ ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ခါးပတ်ကို အသုံးချရုံပါပဲ တကယ်ကို သင့်တော်တဲ့ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်နေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ နုံနည်းတဲ့ပါရမီက သူ့ခန္ဓာကိုယ်အခြေအနေကို ထင်ဟပ်နေစေခဲ့ပါတယ်။ ဒါပေမယ့် သူက အရမ်းကိုထက်မြက်တဲ့လူတစ်ယောက်ဖြစ်တာကြောင့် အချိန်အနည်းငယ်ကြိုးစားပြီချိန်မှာ ခါးပတ်ကို ကောင်းကောင်းအသုံးချနိုင်သွားခဲ့တယ်။ ဒါပေမယ့် ထိန်းချုပ်ဖို့ ကြိုးစားသင်ယူနေရင်း ဝိညာဉ်စွမ်းအားတွေက အများကြီး ကုန်ဆုံးလို့ သွားခဲ့ပါပြီ။
ထန်ယာ့က ပြောလာခဲ့တယ်။
" ယွိဟောင် ဒီနေရာမှာ မင်းရဲ့ဆရာတူအစ်ကိုကြီးနောက် ငါလိုက်လာခဲ့တာ မင်းနဲ့ရည်ရွယ်ချက်အတူတူပဲ ဝိညာဉ်သားရဲကောင်တစ်ကောင်ကို သတ်ပြီး ဝိညာဉ်စက်ကွင်းကို လိုချင်လို့ ဒါကြောင့် ငါတို့နောက်ကိုလိုက်ခဲ့ ဒီရကိစ္စတွေပြီရင်း အမျက်ဒေါသကျောင်းတော်ဆီ ပြန်ခေါ်သွားမယ် "
" ကောင်းပါပြီ ဆရာ "
ဟို့ယွိဟောင်က ချက်ချင်းဆိုသလို တလေးတစား ပြန်ဖြေလိုက်ပါတယ်။
" ငါ့ကိုမင်းဆရာအဖြစ် သတ်မှတ်လိုက်ပြီဆိုပေမဲ့ အများကြီးထိန်းသိမ်းနေဖို့ မလိုဘူး ထန်မျိုးနွယ်က ငါတို့သုံးယောက်ပဲ ရှိတာကြောင့် အရင်ခေတ်ဟောင်းပုံစံ ဘာတွေများလုပ်ဖို့လိုဦးမှာလဲ "
ပေ့ပေ့ကတော့ မကျေမနပ်နဲ့ ပြောလာခဲ့ပါတယ်။
" မင်းလိုဆရာမျိုးနဲ့သာဆိုရင် ဘယ်တပည့်သားက မင်းကို ဒီလောက်လေးစားပါဦးမလဲ အခုမှောင်နေပြီ မြန်မြန်လေးသွားကြရအောင် ငါတို့ကံကောင်းမယ်ဆိုရင် သတ်ဖြတ်ဖို့အတွက် သင့်တော်တဲ့သားရဲကောင်တစ်ကောင်လောက် တွေ့မှာပေါ့ "
" သွားကြမယ်လေ "
ထန်ယာ့က ခေါင်းညိတ်လိုက်ပါတယ်။ အဲ့ဒီနောက် ထန်ယာ့က ဦးဆောင်ရင်း ပေ့ပေ့ကတော့ နောက်ကနေ လိုက်လာခဲ့တယ်။ ဟို့ယွိဟောင်ကိုလဲ လက်ကနေဆွဲပြီး ခေါ်လာခဲ့ပါတယ်။ သူတို့သုံးယောက်အရှိန်မြင့်ပြီး တောထဲကို ၀င်ရောက်လို့သွားခဲ့တယ်။
ပထမဝိညာဉ်စက်ကွင်းကို ရရှိပြီးတဲ့နောက် ဟို့ယွိဟောင်က သူ့ရဲ့ကျင့်ကြံဆင့်အများကြီးမြင့်တက်လာတာကို ခံစားမိနေခဲ့ပါပြီး အထူးသဖြင့် သူ့ခန္ဓာကိုယ်က ခရီးစဉ်တစ်လျှောက်မှာ ပိုလို့သက်သောက်သက်သာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ထန်ယာ့တို့နဲ့ ယှဉ်လိုက်မယ်ဆိုရင် သူအရှိန်နှုန်းကတော့ အတော်လေးကို နှေးကွေးလို့နေခဲ့တယ်။ ပေ့ပေ့ရဲ့လက်ထဲကနေ စီးဆင်းလာတဲ့ ဝိညာဉ်စွမ်းအားတစ်ချို့ကြောင့်သာ လမ်းခရီးမှာ ပိုပြီး အဆင်ပြေနေတာပါ။ ပြောရမယ်ဆိုရင် ပေ့ပေ့က သူ့ကို လမ်းတစ်လျှောက်လုံးချီခေါ်သွားသလိုပါပဲ။ တစ်ဖက်မှာ ဟို့ယွိဟောင်ကိုယ်တိုင်းက အများကြီး အားထုတ်စရာမလိုပဲ ရှိနေခဲ့တယ်။
သူတို့ပြေးနေချိန်မှာ ပေ့ပေ့က ဟို့ယွိဟောင်ကို ပြောလာခဲ့ပါတယ်။
" ဆရာတူညီလေး ငါတို့ထန်မျိုးနွယ်ရဲ့ ထူးဆန်းကောင်းကင်နည်းလမ်းက လက်ရှိအချိန် တိုက်ကြီးမှာ အကောင်းဆုံးကျင့်ကြံတဲ့နည်းလမ်းအဖြစ် တည်ရှိနေတယ်...ဒါကိုသေသေချာချာ ကျင့်ကြံမယ်ဆိုရင် သေချာပေါက် အကျိုးအမြတ်ရမှာပဲ ထူးဆန်းကောင်းကင်နည်းလမ်းကို လေ့ကျင့်တဲ့အချိန်မှာ အသုံး၀င်မဲ့ လှည့်ကွက်လေးတွေကို ငါမင်းကို ပြောပြပေးမယ်...ဒါတွေကို သေချာမှတ်ထား "
" ကောင်းပါပြီ "
ဟို့ယွိယောင်က ခေါင်းညိတ်ရင်း ပေ့ပေ့ရဲ့ရှင်းပြချက်တွေကို အလေးအနက် လာနားထောင်ပါတော့တယ်။
ပေ့ပေ့က အပြင်ပိုင်းရုပ်သွင်မှာ ထက်မြက်ထူးချွန်တဲ့ပုံစံ ပေါက်နေရုံတင်မကဘူး အတော်ကို နူးညံ့ညင်းသာပြီ စိတ်ရှည်တဲ့သူတစ်ယောက်လဲ ဖြစ်နေခဲ့တယ်။ ထူးဆန်းကောင်းကင်နည်းလမ်းကို ကျင့်ကြံဖို့ အသေးစိတ်ရှင်းပြချိန်မှာ အတော်ကို စိတ်ရှည်ပြီး ရှင်းရှင်းလင်းလင်းလဲ ပြောပြခဲ့ပါသေးတယ်။ ဟို့ယွိယောင် နားမလည်သမျှကို ရိုးရိုးရှင်းရှင်းနဲ့ နားလည်အောင် ကူညီပေးတာကြောင့် ဟို့ယွိဟောင်လဲ ဒီနည်းလမ်းထဲမှာပိုပြီး နစ်မြုပ်လို့သွားတယ်။
အရှေ့မှာလျှောက်နေတဲ့ ထန်ယာ့ကတော့ ဒီအရာတွေကို ပေ့ပေ့လောက် ရှင်းမပြတဲ့အတွက်ပါးစပ်သာပိတ်နေခဲ့တယ်။ တကယ်တမ်း ဖြစ်ရမှာက သူသင်ကြားပေးရမှာပါ။ ထန်မျိုးနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင်အနေနဲ့ သူမကိုယ်တိုင်းကိုယ်က ဆရာတစ်ယောက်ဖြစ်ဖို့ အရည်အချင်းမရှိဘူး ဖြစ်နေခဲ့တယ်။
အပိုင်း ၄•၁ ပြီး၏။
အပိုင်း ၄•၂
" မိုးကြိုးသွားပေ့ပေ့ "
°°°
ပေ့ပေ့နဲ့ ဟို့ယွိဟောင် နှစ်ယောက်စလုံးက လမ်းလျှောက်လာရင်း တစ်ယောက်ကစကားပြောပြီး တစ်ယောက်ကနားထောင်နေခဲ့ပါတယ်။ နှစ်နာရီအချိန်က မသိဘာသာနဲ့ ကုန်ဆုံးသွားခဲ့ပါပြီး ကြီးမားပြီ ကျယ်ပြန့်တဲ့လမ်းကြီးက ပျောက်ကွယ်လို့သွားခဲ့သလို သူတို့ဘေးပတ်လည်မှာလဲ သစ်တောတွေက ၀န်းရံလျက်ရှိပါတော့တယ်။ လေထုက ကြည်လင်သန့်စင်လာခဲ့ပေမဲ့ ထူးဆန်းတဲ့အရှိန်အဝါတစ်ချို့ကတော့ သစ်တောအတွင်းပိုင်ထဲကနေ မှိန်ဖျော့ထွက်ပေါ်လို့နေခဲ့တယ်။
" ဒါက ကျင့်ကြံဖို့အတွက် ယေဘူယျသုံးတဲ့ နည်းလမ်းတွေပဲ အသေးစိတ်ကိုတော့ မင်းဘာသာမင်းကြိုးစားရှာဖွေရင်း သိသွားမှာပါ အကယ်၍ နားမလည်တာ တစ်ခုခုရှိလာခဲ့ရင်း ငါ့ကိုလာပြီး မေးလို့ရတယ် "
ပေ့ပေ့က ဟို့ယွိဟောင်ကို ပြောလိုက်ပါတယ်။
" ကျေးဇူးပါ ဆရာတူအစ်ကိုကြီး "
ဟို့ယွိဟောင်က ပေ့ပေ့ကို ပိုလို့လေးစားမြတ်နိုးလာပါတော့တယ်။ ပေ့ပေ့က အရာအားလုံး သူ့ကိုရှင်းပြတာကြောင့် ဒီလိုမျိုး လေးစားမှုကလဲ တိုးပွားလာခဲ့တာပါ။
အရှေ့မှာလျှောက်နေခဲ့တဲ့ ထန်ယာ့ကတော့ ရုတ်တရက်ဆိုသလို နှာခေါင်းရှုံ့လိုက်ပါတယ်။ သူမရဲ့ခြေလှမ်းတွေက ရုတ်တရက်ဆိုသလို ဝေဝေဝါးဝါး ဖြစ်လာခဲ့ပြီး ခန္ဓာကိုယ်ကလဲ ပုံရိပ်ယောင်တွေအဖြစ်ကို ပြောင်းလဲရင်း အုပ်စုရဲ့ညာဘက်သစ်ပင်ကြီးဆီကို ခုန်၀င်သွားပါတော့တယ်။ ဟို့ယွိဟောင်ကတော့ အလင်းတန်းလေးတစ်ချို့ကိုသာ ခံစားလိုက်ရတယ်။ သူအစောပိုင်းတုန်းက တိုက်ခိုက်ခဲ့တဲ့ သတ္တဝါနဲ့တူညီတဲ့ သားရဲကောင်တစ်ကောင်က သစ်ပင်ထိပ်ကနေ ပြုတ်ကျလာခဲ့ပါပြီ။
ရှောင်ယာက စိတ်မပျော်မရွှင်နဲ့ ပြောလိုက်တယ်။
" ဒီလေသားရဲကောင်တွေက အတော်လေးပြဿနာများတဲ့ သတ္တဝါတွေကြီးပဲ သူတို့က တိုက်ခိုက်ဖို့အရင်လုပ်ကြရုံတင်မကပဲ ခိုးကြောင်ခိုးဝှက်လဲ တိုက်ခိုက်ကြသေးတယ် "
ဟို့ယွိဟောင်က အစောပိုင်းကလို သူ့ရဲ့ စိတ်ဝိညာဉ်မျက်လုံးကို အသုံးမပြုထားဘူး။ ဒါကြောင့် ရှောင်ယာဘယ်လိုလှုပ်ရှားလိုက်လဲဆိုတာ နားမလည်နိုင်ပဲ ရှိနေခဲ့တယ်။
" ဆရာရှောင်ယာ အခုဝိညာဉ်စွမ်းအားတစ်ခုကို အသုံးပြုပြီး တိုက်ခိုက်လိုက်တာလား "
ရှောင်ယာက ဂုဏ်ယူဝံ့ကြွားမှုအပြည့်နဲ့ ပြန်ဖြေလိုက်ပါတယ်။
" ဒါက ဝိညာဉ်စွမ်းရည်မဟုတ်ဘူး ငါတို့ထန်မျိုးနွယ်ရဲ့ သရဲအရိပ်ခြေရာနဲ့ လျှို့ဝှက်လက်နက်ကို အသုံးပြုလိုက်တာပဲ အရမ်းမိုက်တယ်မဟုတ်လား အကယ်၍ ဒါကိုသေချာကျင့်ကြံလိုက်မယ်ဆိုရင် အနာဂတ်မှာသုံးလာနိုင်လိမ့်မယ် "
" ရှောင်ယာသတိထား "
ပေ့ပေ့ရဲ့အမူအရာက ရုတ်တရက်ပြောင်းလဲသွားပါတော့တယ်။ သူချက်ချင်းဆိုသလို ညာဘက်လက်ကို လှုပ်ရှားရင်း ထန်ယာ့ကို ဆွဲခေါ်လိုက်တယ်။ သူတို့တွေက အတူတူအလုပ်လုပ်တာ ကြာပြီဖြစ်တာကြောင့် ထန်ယာ့က လေထဲကို မြောက်တက်လို့သွားခဲ့ပြီး လုံး၀ အလေးချိန်မရှိတော့တဲ့အတိုင်း ပေ့ပေ့ရဲ့လက်ထဲကို ရောက်လာခဲ့ပါတယ်။
အသံတစ်ချို့နဲ့အတူ မှောင်မည်းနေတဲ့အရိပ်တစ်ခုက ရုတ်တရက်မြေပြင်ပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်။ အဲ့ဒီနောက် လူတိုင်းရဲ့နှာခေါင်းထဲကို ချိုမြိန်ပြီး မွှေးပျံ့တဲ့ရနံ့က ရောက်ရှိလို့လာတော့တယ်။
ဟို့ယွိဟောင်ရဲ့စိတ်က ချက်ချင်းဆိုသလို မူးဝေလို့လာခဲ့ပါပြီး ဒါပေမယ့် အေးစက်တဲ့လေက သူ့ခန္ဓာကိုယ်ကို တိုက်ခိုက်သွားတာကြောင့် သူ့ပါးစပ်နဲ့ နှာခေါင်းတွေကို ချိတ်ပိတ်ခံလိုက်ရပါတော့တယ်။ အဲ့ဒီအေးစက်တဲ့ မြူခိုတွေက ဟို့ယွိဟောင်ရဲ့ ပါးစပ်နဲ့နှုတ်ခမ်းအပြင်ကို အနည်းငယ်ထွက်ပေါ်လို့လာခဲ့ပြီး ချိုမြိန်တဲ့မွှေးရနံ့အဆိပ်တွေကို ပြန်ထုတ်ပြစ်လိုက်ပါတယ်။
ရေခဲစွမ်းအားလား ငါ့ရဲ့ဒုတိယသိုင်းပညာစိတ်ဝိညာဉ်လား ဟို့ယွိဟောင် ချက်ချင်းဆိုသလို မူအရင်းအမြစ်ကို မေးခွန်းထုတ်မိပါတော့တယ်။ ဒါပေမယ့် သူအဲ့ဒါကို မထိန်းချုပ်နိုင်သေးပါဘူး။
ဒုတိယသိုင်းပညာစိတ်ဝိညာဉ်ရဲ့ အကျိုးရလဒ်ကြောင့် စိတ်ကျေနပ်နေချိန်မှာပဲ ပေ့ပေ့က နောက်တစ်ကြိမ် ထပ်မံလှုပ်ရှားလိုက်ပြန်ပါတယ်။ ထန်ယာ့ကတော့ လက်ရှိအချိန် ပေ့ပေ့ရဲ့ပုခုံးကို အားပြုရင်း လေထဲကို ရောက်သွားခဲ့တယ်။
ထန်ယာ့ရဲ့ ခြေထောက်အောက်ဖက်မှာ အလင်းတန်းနှစ်ခုက ဆက်တိုက်ဆိုသလို ပေါ်လာခဲ့ပါပြီး အဝါရင့်ရောင်တောက်ပနေတဲ့ အလင်းတန်းတွေက အပေါ်နဲ့အောက် စည်းချက်ကျကျ လှုပ်ရှားလို့နေခဲ့ကြပါတယ်။ သူမရဲ့ ဝိညာဉ်စက်ကွင်းနှစ်ခုက နှစ်တစ်ရာအဆင့်တွေ ဖြစ်နေခဲ့တယ်။ အဲ့ဒီနောက် ထန်ယာ့ရဲ့ ခန္ဓာကိုယ်ထဲကနေ ရှည်လျားတဲ့အပြာရောင်နွယ်ကြိုးတွေက ခပ်မြန်မြန်ပေါ်ထွက်လို့ လာခဲ့ပါပြီး တစ်ခုက ဟို့ယွိဟောင်ရဲ့ ခါးကိုဆွဲယူလို့ထားခဲ့ပြီး အဝေးကို ဆွဲသွားခဲ့ပါတယ်။
ထန်ယာ့နဲ့ ယှဉ်လိုက်မယ်ဆိုရင် အရှေ့မှာရပ်နေခဲ့တဲ့ ပေ့ပေ့က ဟို့ယွိဟောင်ကို ပိုပြီး လန့်သွားစေခဲ့တယ်။
အမြဲတမ်းနူးညံ့ပြီး နွေးထွေးဖော်ရွေပုံရတဲ့ သူ့ရဲ့ဆရာတူအစ်ကိုကြီးက ထန်ယာ့ရဲ့ဘေးမှာ အေးအေးဆေးဆး ရပ်နေတတ်ပြီး အရမ်းကို ချဉ်းကပ်ရမဲ့ပုံစံမျိုးရှိနေခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ သူက လုံး၀မတူညီတဲ့ လူတစ်ယောက်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။
ရှောင်ယာအပေါ်ကို ခုန်တက်လိုက်ချိန်မှာပဲ ပေ့ပေ့ရဲ့ မျက်ခုံးအလယ်ကနေ ကြည်လင်တောက်ပတဲ့ အပြာရောင်အလင်းတန်းတွေက ထွက်ပေါ်လို့လာခဲ့ပါတယ်။ အဲ့ဒီအပြာရောင်အလင်းတန်းက သူ့တစ်ကိုယ်လုံးကို ပြန့်နှံ့လို့သွားခဲ့တယ်။ ဒီလိုအားကောင်းတဲ့ အပြာရောင်အလင်းတန်းက များပြားတဲ့ မြွေတွေလိုပုံစံမျိုးနဲ့ ပေါက်ကွဲထွက်လို့လာခဲ့ပြီးခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလိုက်ပါပြီး နဖူးမှာမိုးကြိုးသဏ္ဍာန်သင်္ကေတရှိနေရုံကလွဲပြီ တခြားအပြောင်းအလဲတွေက များပြားလွန်လှတယ်။ ဒါ့အပြင် ဒီအရာက သူ့ရဲ့ သိုင်းပညာစိတ်ဝိညာဉ်ပါပဲ။
ဒီတစ်ခုထဲနဲ့တင် ဟို့ယွိဟောင်ရဲ့ ဝိညာဉ်ပညာရှင်တွေအပေါ် အမြင်ကလုံး၀ ပြောင်းလဲသွားပါတော့တယ်။
ပေ့ပေ့ရဲ့ ညာဘက်လက်က အပြာအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပြီး ရုတ်တရက်ဆိုသလို ကြီးထွားလို့လာပါတော့တယ်။ အဲ့ဒီနောက် ပေးတစ်၀က်လောက်အထိကို ရှည်လျားလို့လာပြီး ကြီးမားတုတ်ခိုင်တဲ့ အပြာရောင်အကြေးခွံတွေအပြည့် ဖြစ်သွားခဲ့တယ်။ လက်ရှိအချိန်မှာ သူ့ရဲ့လက်တစ်ခုလုံးအကြေးခွံတွေအပြည့်လဲဖြစ်သွားခဲ့ပါပြီး အရိုးအဆစ်တွေက ကြီးမားလို့လာခဲ့သလို လျှပ်စီးတန်းတွေကလဲ အရှိန်ပြင်းပြင်းနဲ့ စုဝေးသွားခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ဝိညာဉ်စက်ကွင်းတွေကတော့ တစ်ခုကအဝါရောင်ဖြစ်ပြီး တစ်ခုကခရမ်းရောင် ဖြစ်နေခဲ့တယ်။ ဒါတွေက ဝိညာဉ်ပညာရှင်တွေလိုမျိုး အဆင့်ဆင့်၀န်းရံမနေပဲ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေခဲ့တယ်။ ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေကလဲ ဖြစ်ပေါ်နေခဲ့ပါပြီ။
၀ိညာဉ်စက်ကွင်း သုံးခုရှိတာက ဝိညာဉ်အကြီးအကဲတွေအဖြစ်ကို ဖော်ပြပါတယ်။ သူ့ရဲ့ဆရာတူအစ်ကိုကြီးက သူ့ထက် အသက်လေးငါးနှစ်ကြီးတယ်လို့သာ ထင်ရပေမဲ့ တကယ်တော့ ဝိညာဉ်အကြီးအကဲအဆင့်ပညာရှင် ဖြစ်နေခဲ့ပြီး အဆင့်ကလဲ သုံးဆယ့်အထက်မှာ ရှိနေခဲ့တယ်။ ဒါ့အပြင် ဝိညာဉ်စက်ကွင်းတွေက နှစ်နှစ်ရာဝိညာဉ်စက်ကွင်းနဲ့ နှစ်တစ်ထောင်ဝိညာဉ်စက်ကွင်းတစ်ခုပါပဲ ဒါက အရမ်းကို ကောင်းမွန်တဲ့ ပေါင်းစည်းမှုဖြစ်နေခဲ့တယ်။
၀ိညာဉ်စက်ကွင်းတွေက အရောင်မျိုးစုံရှိနေခဲ့ပါတယ်။ ဆယ့်နှစ်ဝိညာဉ်စက်ကွင်းက အဖြူရောင်ဖြစ်ပြီး နှစ်တစ်ရာဝိညာဉ်စက်ကွင်းကတော့ အဝါရောင်ပါ ခရမ်းရောင်ကတော့ နှစ်တစ်ထောင်ကို ဖော်ပြထားတာဖြစ်ပြီး အနက်ရောင်ကတော့ နှစ်တစ်သောင်းအထက်ကို ဖော်ပြပါတယ်။ အကယ်၍ နှစ်တစ်သိန်းဝိညာဉ်စက်ကွင်းကိုသာ ရရှိနိုင်မယ်ဆိုရင်တော့ ဝိညာဉ်စက်ကွင်းတွေက အနီရောင်အဖြစ်ကို ပြောင်းလဲလို့သွားလိမ့်မယ်။ အဲ့ဒီလိုစွမ်းအားတွေက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကိုတောင် ဖမ်းဆီးနိုင်တဲ့စွမ်းအားရှိတဲ့ ဝိညာဉ်သားရဲကောင်တွေမှသာ ဖန်တီးနိုင်တာပါ။
ဟို့ယွိဟောင်က သူတို့ရဲ့ အသက်အရွယ်တွေကို မေးခဲ့ပြီးပါပြီ ပေ့ပေ့နဲ့ ထန်ယာ့ နှစ်ယောက်စလုံးက ဆယ့်ငါးနှစ်အရွယ်မှာ ရှိကြတယ်။ ဒါပေမယ့် ပေ့ပေ့က အနည်းငယ်ပိုပြီး ကြီးနေခဲ့ပါတယ်။ အကယ်၍ သူတို့မွေးဖွားထားတဲ့ လတွေကိုတွက်မယ်ဆိုရင် လပိုင်းလေးသာကွာမှာပါ။ ဒါပေမယ့် ဒီလိုအသက်အရွယ်မှာတင် ဝိညာဉ်အကြီးအကဲအဆင့် ရောက်ရှိနေတဲ့အချက်ကို တွက်ချက်လိုက်မယ်ဆိုရင် မိုးကောင်းကင်က ရွေးချယ်ထားတဲ့ပါရမီရှင်လို့သာ ပြောလို့ရမှာအမှန်ပါပဲ။ အကယ်၍ သူတို့ရဲ့ ကျင့်ကြံဆင့်တွေကို ကြည့်မယ်ဆိုရင် ထန်ယာ့က ပေ့ပေ့ရဲ့ဆရာဖြစ်နေပေမဲ့ ဝိညာဉ်မဟာပညာရှင်အဆင့် နှစ်ဆယ့်လောက်သာ ရှိပါသေးတယ်။
ထူးဆန်းတဲ့အော်သံကို ပြုလုပ်ရင်း အဲ့ဒီအရိပ်က ပေ့ပေ့ကို ၀င်ရောက်တိုက်ခိုက်တော့တယ်။
ပေ့ပေ့ကတော့ သူ့မျက်၀န်းထဲမှာ ခရမ်းရောင်အလင်းတန်းတွေ အလွှာလိုက်ဖြစ်ပေါ်လာစေပြီး ညာဘက်လက်ကို မိုးကောင်းကင်ပေါ်မြောက်လိုက်ရင်း အလင်းတန်းစက်ကွင်းတစ်ခုကို ဖန်တီးလိုက်ပါတယ်။ အဲ့ဒီနောက် အရှေ့မှာရှိနေတဲ့ လေဟာနယ်တစ်ခုလုံးကို အလင်းတန်းတွေနဲ့ ဖုံးလွှမ်းပြစ်လိုက်တယ်။ အရိပ်လဲ သူ့အနားကို ကပ်လာလို့မရပါဘူး။ လျှပ်စီးတန်းတွေရဲ့ တဝုန်းဝုန်းမြည်သံအောက်မှာ အရိပ်ကို လွှင့်ထွက်သွားပါပြီး ပေ့ပေ့ကတော့ ခြေလှမ်းသုံးလေးလှမ်း နောက်ကိုဆုတ်သွားခဲ့ရပါတယ်။ သူ့အမူအရာကလဲ အနည်းငယ်ပြောင်းလဲလို့သွားခဲ့ရတယ်။ သူ့ပြိုင်ဘက်ရဲ့အင်အားက သူ့ထင်ထားတာထက်ကို ပိုပြီး ကျော်လွန်နေခဲ့တာပဲ။
" အဲ့ဒါ သွေးပန်းပွင့်မြွေပဲ နှစ်တစ်ထောင်သက်တမ်းရှိတယ်..ကောင်းလိုက်တာ ပေ့ပေ့ ငါအဲ့ဒီတစ်ကောင် လိုချင်တယ် "'
ထန်ယာ့က လုံး၀ကို မကြောက်ပဲ အရမ်းကို ပျော်ရွှင်နေခဲ့ပြီး သူမရဲ့ ချစ်စဖွယ်အသံက ထွက်ပေါ်လာခဲ့ပါတော့တယ်။
ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်လဲ သူတို့ကို ခြုံခိုတိုက်ခိုက်နေတဲ့ သတ္တဝါကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါပြီး အဲ့ဒါက တစ်ကိုယ်လုံး ပန်းရောင်တောက်ပနေတဲ့ သုံးမီတာကျော်ရှည်လျားတဲ့ မြွေတစ်ကောင်ပါပဲ ဒါ့အပြင် နဖူးမှာတော့ ပန်းပွင့်လိုမျိုး အသက်အပိုတစ်ခု ရှိနေခဲ့တယ်။ သူမရဲ့ စိတ်လှုပ်ရှားမှုကို ပေ့ပေ့ကတော့ မျှဝေမခံစားနိုင်ပဲ အလေးအနက်ထားနေခဲ့တယ်။ သူက ဝိညာဉ်အကြီးအကဲပညာရှင်ဖြစ်နေခဲ့ပေမဲ့ ဒီလိုသတ္တဝါကို အနိုင်ယူဖို့အတွက်တော့ မလွယ်ကူခဲ့ပါဘူး။ ပထမဆုံးအနေနဲ့ သူ့မှာသန်မာတဲ့ သိုင်းပညာစိတ်ဝိညာဉ်ရှိဖို့ လိုအပ်ပါတယ်။ သာမန်ဝိညာဉ်အကြီးအကဲတွေဆိုရင် နှစ်တစ်ထောင်သားရဲကောင်ကို မြင်လို့ကတော့ သူလုပ်မဲ့တစ်ခုတည်သောအရာက လှည့်ပြီးထွက်ပြေးဖို့ပါပဲ။
" ယွိဟောင်ကို ဂရုစိုက်ထားလိုက် "
ပေ့ပေ့က ခပ်တိုးတိုးပြောလာရင်း သူ့ရဲ့ ပထမဝိညာဉ်စက်ကွင်းကို စတင် အသုံးပြုပါတော့တယ်။ အားကောင်းတဲ့ ဝိညာဉ်စွမ်းအားအောက်မှာ တစ်ပေကျော်ရှည်လှတဲ့ ခရမ်းပြာရောင်နဂါးလက်သည်းက မြွေဆီကို ပြေး၀င်လို့သွားခဲ့တယ်။ ဒါကတော့ ပေ့ပေ့ရဲ့ ပထမဆုံးစွမ်းရည်ဖြစ်တဲ့ မိုးကြိုးနဂါးလက်သည်းပါပဲ။ ဒါပေမယ့် မြွေက အရမ်းကို ကောက်ကျစ်လွန်းလှတယ်။ အစောပိုင်းတုန်းက မြေပြင်ပေါ်မှာရှိနေခဲ့ပြီး ရုတ်တရက်ဆိုသလို လေပေါ်ကို ခုန်တက်လို့သွားခဲ့ပြီး ပေ့ပေ့ရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားရင်း လေကိုအမြီးနဲ့ ရိုက်ချလိုက်ပါတယ်။ ပန်းရောင်အရိပ်က ပေ့ပေ့ဆီကို ချက်ချင်းပြေး၀င်လို့သွားခဲ့ပါပြီး ပေ့ပေ့က နောက်မဆုတ်ပဲ အရှေ့ကိုဆက်တိုး၀င်ပြီ တိုက်ခိုက်တယ်။ သူ့ခန္ဓာကိုယ်က အောက်ဖက်ကို ငုံ့ကိုင်းလို့သွားခဲ့ပြီး သရဲအရိပ်ရဲ့ခြေရာကို အသုံးပြုရင်း အရှေ့အနောက် လှုပ်ရှားလို့နေခဲ့ပါတယ်။
လျှပ်စီးနဂါးလက်သည်းကတော့ လက်ရှိအချိန် လေထဲကို မမျှော်လင့်ထားနိုင်လောက်အောင် ပြန်လှည့်လို့သွားခဲ့ပြီး သွေးပန်းပွင့်မြွေကို အနောက်ကနေ တိုက်ခိုက်ခဲ့တယ်။ တစ်ချိန်ထဲမှာပဲ ဒုတိယဝိညာဉ်စက်ကွင်းက အလင်းတန်းတွေ တောက်ပလို့လာခဲ့ပြန်ပါတယ်။ မရေမတွက်နိုင်တဲ့ လျှပ်စီးတန်းတွေက ကြီးမားကျယ်ပြန့်လို့လာခဲ့ပြီး မြားတွေအဖြစ်ကို ပြောင်းလဲလို့သွားခဲ့တယ်။ အဲ့ဒီနောက် ကွန်ယက်တစ်ခုအသွင်ကို ပြောင်းလဲရင်း မြွေကိုဖမ်းဆီးဖို့ ကြိုးစားပါတော့တယ်။
အပိုင်း ၄•၂ ပြီး၏။

YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantastikSoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။