တုနှိုင်းမဲ့ထန်မျိုးနွယ် (Soul land 2)
အပိုင်း ၂•၃+2.4 (7+8)
" ကောင်းကင်အိပ်မက်ရေခဲပိုးကောင် "
°°°
" အားနည်းလိုက်တာ အရမ်းအားနည်းလိုက်တာ အဖြစ်တွေတော့ ဆိုးကုန်တော့မှာပဲ ငါဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲ ဒီခန္ဓာကိုယ်လေးက ငါ့ကို အထောက်အပံ့ပေးနိုင်ဖို့ နောက်ထပ် ချိတ်ပိတ်စည်းတွေ ထည့်ဖို့လိုသေးတယ်...အသိဉာဏ်ရှိတဲ့ ဝိညာဉ်စက်ကွင်းဖြစ်ဖို့ ခက်ခဲလွန်လိုက်တာ "
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ထဲကို တိုး၀င်လာခဲ့ရင်း ပုံမှန်မဟုတ်တဲ့ စိတ်ဝိညာဉ်စွမ်းအားအလွှာပေါင်းစည်းမှုတွေကို ပြုလုပ်နေခဲ့ပါတယ်။ ဒီကြောက်စရာ စိတ်ဝိညာဉ်စွမ်းအားတွေရဲ့ပေါင်းစည်းမှုက ပတ်ပတ်လည် မိုင်တစ်ရာရှိရှိသမျှ အရာအားလုံးကို လွှမ်းခြုံလို့သွားခဲ့တယ်။
ပေ့ပေ့နဲ့ ထန်ယာ့တို့လဲ ဟို့ယွိဟောင်ရဲ့ နောက်ကိုလိုက်လာနေတာကြောင့် ဒီအခြေအနေကို ချက်ချင်းသတိထားလိုက်မိပါတယ်။ ဒီစိတ်ဝိညာဉ်တိုက်ခိုက်မှုက အပျက်အစီးသိပ်မများပေမဲ့ အချိန်အခိုက်အတန့်တစ်ခုအထိ ရှိရှိသမျှ သက်ရှိတွေအားလုံးကို စဉ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးသွားစေနိုင်ပါတယ်။
လက်ရှိအချိန် သစ်တောထဲမှာတော့ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်လို့ နေခဲ့ပါပြီ။
အစောပိုင်းတုန်းက ကြည်လင်တောက်ပနေခဲ့တဲ့ ကောင်းကင်ကြီးက ရုတ်တရက်ဆိုသလို မှောင်မိုက်လို့လာရင်း မိုးခြိမ်းသံတွေလဲ ဆက်တိုက်ထွက်ပေါ်လို့နေခဲ့ပါတယ်။ ချက်ချင်းဆိုသလို တောက်ပတဲ့နေရောင်ဆီကို အမှောင်ထုက ဖုံးလွှမ်းလို့သွားခဲ့ပါပြီး ကြီးမားတဲ့ဖိအားက ဘယ်သူမှအသက်မရှုနိုင်အောင် ဖြစ်စေရင်း ကောင်းကင်ကနေ ဆင်းသက်လို့လာခဲ့တယ်။
မိုးခြိမ်းသံတွေဆက်တိုက် ထွက်ပေါ်နေခဲ့သလို ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက ပြင်းပြင်းထန်ထန် တုန်ခါလို့သွားပါတော့တယ်။ သူ့ရဲ့သေးငယ်တဲ့ရွှေရောင်မျက်၀န်းတွေက အထက်ကောင်းကင်ကို ကြောက်စရာကောင်းတဲ့ပုံစံနဲ့ ကြည့်နေခဲ့တယ်။ အံ့ဩထိတ်လန့်နေရုံတင်မကပဲ သူအတော်လေး ကြောက်နေတာကို သတိထားမိခဲ့ပါတယ်။ ကောင်းကင်ရဲ့ဖိအားက လက်ရှိအချိန်မှာ သူ့ကို မသက်ရောက်သေးပေမဲ့ တွေးထားတာထက်ကို ပိုပြီး ကျော်လွန်လို့နေခဲ့တယ်။
ကောင်းကင်ကနေ မီးခိုရောင်လေစီးကြောင်းတစ်ခု ဆင်းသက်လို့လာခဲ့ပြီး ကြောက်စရာကောင်းလွန်လှတဲ့ စွမ်းငင်အားက အောက်ကိုရောက်ရှိလာပါတော့တယ်။ အချိန်ခဏတာသာ ဖြစ်ပေမဲ့ ဟို့ယွိဟောင်ရဲ့ ခေါင်းအနောက်ဖက်ထဲကို ခပ်မြန်မြန်ဆင်းသက်လာပြီး တိတ်တဆိတ်ပဲ၀င်ရောက်လို့သွားခဲ့တယ်။
" ငါအစ်ကိုကြီးနဲ့ ဘယ်သူက လာပြီးတိုက်ခိုက်ဝံ့တာလဲ ဘယ်သူက ငါ့လူကို လာလုဝံ့လဲ "
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အရမ်းကို ဒေါသထွက်နေခဲ့ပါပြီး သူ့ရဲ့ကြီးမားတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက ချက်ချင်းဆိုသလို ထွက်ပေါ်လို့လာခဲ့ရင်း ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲက မီးခိုရောင်လေထုကို ဖယ်ရှားပြစ်ဖို့ လုပ်ပါတော့တယ်။
ဟို့ယွိဟောင်အနောက်ဖက်မှာတော့ ဝေဝေဝါးဝါးပုံရိပ်တစ်ခုက ထွက်ပေါ်လို့လာခဲ့ပြီး သူ့ရဲ့ အိုမင်းနေတဲ့အသံက ဖော်ပြချင်သာ မစွမ်းဆောင်သာနိုင်အောင် ခြိမ်းခြောက်မှုအပြည့်နဲ့ ပဲ့တင်ထပ်လာခဲ့ပါတယ်။
" နေနဲ့လကို ဖန်တီးခဲ့တဲ့လက်တစ်စုံက ကြယ်တာရာတွေကိုလဲ စိုက်ပျိုးခူးစွတ်ခဲ့တယ်...ဒီလောကကြီးမှာ ဘယ်သူမှငါနဲ့ မတူညီဘူး...ငါအဘိုးကြီးရဲ့ ကျန်ရစ်တဲ့စိတ်ဝိညာဉ်က ဒီနေရာမှာ အပိုင်းအစတစ်ခုအဖြစ် တည်ရှိနေမယ်လို့ မတွေးမိခဲ့တာအမှန်ပဲ "
ဝေဝါးတဲ့အဲ့ဒီပုံရိပ်က ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ တိုက်ခိုက်မှုကို လုံး၀ဂရုစိုက်တဲ့ပုံစံ မရှိပါဘူး။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ ခေါင်းအနောက်ဖက်မှာ ပျောက်ကွယ်သွားပါတော့တယ်။
ရေခဲပိုးကောင်ကလဲ နောက်တစ်ကြိမ် မတိုက်ခိုက်ဝံ့တော့ပဲ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို ဆက်တိုက်၀င်ရောက်ဖို့လုပ်ပါတော့တယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ ဒွါယခုနှစ်ပေါက်ကနေ သွေးတွေကလဲ ဆက်တိုက်စိမ့်ထွက်လို့ နေခဲ့ပါပြီး ဒါကိုမြင်ချိန်မှာတော့ ချက်ချင်းဆိုသလို သူကိုယ်သူ ပဲ့စေ့အရွယ်ပုလဲလေးအဖြစ်ကို ပြောင်းလဲလိုက်ပါတယ်။ အဲ့ဒီနောက် တိတ်ဆိတ်လို့သွားခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအားတွေကလဲ ဗရမ်းဗတာမဖြစ်တော့ပါဘူး။
" ငါဒီလောက်ကံဆိုးတာတော့ မဖြစ်သင့်ဘူးလေ စိတ်ဝိညာဉ်လူသားရှာဖို့က အရမ်းခက်တာကို ဒီခွေးမသားက ငါ့ဆီကနေ လာလုချင်နေတယ်...ကောင်းကင်ဘုံက ငါ့လိုပါရမီရှင်မျိုးကို မနာလို၀န်တို ဖြစ်နေတာလား ဒီအစ်ကိုကြီးက သနားစရာကောင်းလွန်လိုက်တာ "
လက်ရှိအချိန်မှာ သူဆက်တိုက်ဆိုသလို စောဒကတက်နေခဲ့ပေမဲ့ လှုပ်ရှားမှုတွေကတော့ မရပ်တန့်ခဲ့ပါဘူး။ သိပ့်သည်းတဲ့အဖြူရောင် အလင်းတန်းတွေက ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ထဲကို ဆက်တိုက်ဆိုသလို ၀င်ရောက်လို့နေခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ခန္ဓာကိုယ်က ပိုမိုကြည်လင်ပြတ်သားလာခဲ့ရင်း နောက်ဆုံးမှာ ပျောက်ကွယ်လုမတတ်ဖြစ်နေခဲ့ပါပြီး သူ့အတွက်တော့ လုံး၀ နောက်ဆုတ်ဖို့လမ်းမရှိတော့ပါဘူး။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို စွမ်းအားအပြည့်အ၀ထည့်သွင်းဖို့သာ ကျန်ပါတော့မယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကလဲ ကျောက်စိမ်းဖြူလိုမျိုး ပြောင်းလဲလို့သွားခဲ့ပြီး ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အရင်ပုံစံအဖြစ်ကို ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့ပါတော့တယ်။ သူ့ပုခုံးပေါ်က ဒဏ်ရာတွေလဲ မျက်တောင်တစ်ခတ်အတွင်းမှာ ပျောက်ကွယ်လို့သွားခဲ့တယ်။
" မင်းဘာတွေပဲလုပ်လုပ် ဒီအစ်ကိုကြီးက နောက်ဆုံးတော့ လွှတ်မြောက်သွားပြီး ငါ့လက်ထဲက အစာကိုဘယ်ခွေးမသားကမှလာပြီး လုယူစေလို့မရစေရဘူး "
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ သူ့ဘာသာသူ ကျေကျေနပ်နပ်ကြီး ပြောဆိုနေခဲ့ရင်း သူ့အသံက ဖြည်းဖြည်းချင်း နူးညံ့ညင်းသာလို့သွားပါတော့တယ်။ အစောပိုင်းတုန်းက ပတ်ပတ်လည် မိုင်တစ်ရာအကွာကို လွှမ်းခြုံထားခဲ့တဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကလဲ ဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
ကြောက်စရာကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက တစ်စုံတစ်ရာကို ခံစားမိတဲ့အတိုင်း လှုပ်ရှားနေခဲ့ပေမဲ့ သူတို့တွေ သွားမကြည့်ဖို့ ရွေးချယ်လိုက်ပါတယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံ အဆုံးစွန်းအထိ ပျောက်ကွယ်သွားပြီချိန်မှာပဲ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်အောက်ဖက်မှာ ကျောက်စိမ်းဖြူရောင်အလင်းတန်းတစ်ခုက တိတ်တဆိတ်ပေါ်ထွက်လို့လာခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာ လှည့်ပတ်လို့နေခဲ့ရင်း သုံးကြိမ်သုံးခါတိတိ ပြစ်မြောက်ပြီချိန်မှာတော့ အလင်းတန်းက မှိန်ဖျော့ပျောက်ကွယ်သွားပါတော့တယ်။ မတည်ရှိခဲ့သလိုမျိုး သူ့ခန္ဓာကိုယ်ထဲကို ၀င်ရောက်လို့သွားခဲ့တယ်။
ဟို့ယွိဟောင်ကတော့ သတိလစ်နေတာကြောင့် ဘာကိုမှမသိလိုက်ပါဘူး။ နောက်ဆုံးမှာတော့ ပထမဆုံးဝိညာဉ်စက်ကွင်းကို သူရရှိခဲ့ပါပြီး ဒါ့အပြင် အဲ့ဒီဝိညာဉ်စက်ကွင်းက သော်လော့တိုက်တစ်ခုလုံးမှာ ပြိုင်ဘက်အကင်းဆုံးအရာ ဖြစ်နေခဲ့တယ်။
ကျောက်စိမ်းဖြူရောင်အလင်းတန်းက ဟို့ယွိဟောင်ခန္ဓာကိုယ်ပေါ်မှာ မှိန်ဖျော့ပျောက်ကွယ်သွားပြီးပြီချင် အ ရေပြားတစ်ခုလုံးကို ရေခဲပြာရောင်အလွှာက လွှမ်းခြုံလို့သွားခဲ့ပါတယ်။ ဆယ့်စက္ကန့်လောက်သာ ကြာမြင့်ခဲ့ပြီ မူလအသားရောင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပြီး အဲ့ဒီနောက် သူ့ခန္ဓာကိုယ်က တစ်ဖက်ကိုစောင်းသွားပြီ မူလမှီထားခဲ့တဲ့ သစ်ပင်ရဲ့ဘေးကို လှဲကျသွားခဲ့ပါတယ်။
လေထဲမှာတော့ အရမ်းကို ပါးလျလွန်းလှတဲ့ ရွှေဖြူရောင်အလွှာပါးတစ်ခုက တိတ်တဆိတ်ပေါ်ထွက်လို့ လာခဲ့ပြီး ဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာ ဘောလုံးတစ်လုံးအသွင်ကို ပြောင်းလဲရင်း ခပ်မြန်မြန်ပျောက်ကွယ်လို့ သွားပါတော့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အရှိန်အဝါဆိုတာ လုံး၀မရှိတော့ပါဘူး။
လမ်းမှာအစောပိုင်းတုန်းက ရှိခဲ့တဲ့ အပေါက်ကြီးက ပျောက်ကွယ်လို့သွားခဲ့ပါပြီး ဒီနေရာမှာ လှဲနေတဲ့ဟို့ယွိဟောင်ကလွဲပြီး ဘာမှမရှိတော့ပါဘူး။ ဒါ့အပြင် မြေပြင်မှာတော့ ဟို့ယွိဟောင် အစောပိုင်းတုန်းက သတ်ခဲ့တဲ့သားရဲကောင် ရှိနေခဲ့ပါသေးတယ်။ အရာအားလုံးကတော့ ပုံမှန်အနေအထားကို ပြန်ဖြစ်သွားခဲ့ပါပြီး သိပ်မကြာခင်အချိန်မှာပဲ လူနှစ်ယောက်က ခပ်မြန်မြန်ရောက်ရှိလာပါတော့တယ်။
အဲ့ဒီလူနှစ်ယောက်ထဲမှာ တစ်ယောက်က ရုတ်တရက်အော်လိုက်ရင်း အရှိန်မြင့်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို မြင်ချိန်မှာ သူ့ဘေးကိုရောက်ရှိလာရင်း ရပ်တန့်သွားလို့သွားပါတော့တယ်။
" ငါတို့ နောက်ကျသွားပြီး ကြည့်ရတာ ဒီကောင်လေး တိုက်ခိုက်ခံလိုက်ရပုံပဲ ဝိညာဉ်သားရဲကောင်တွေက ပိုပိုပြီး ရူးသွပ်လာတယ်...သစ်တောအပြင်ကိုတောင် ထွက်လာဖို့လုပ်နေပြီးပေါ့ "
ထန်ယာ့က ဟို့ယွိဟောင်ကို မြေပြင်ကနေ ဆွဲထူးနေရင်း စိုးရိမ်တကြီးပြောနေခဲ့ပါတယ်။
ပေ့ပေ့ကတော့ သားရဲကောင်ရဲ့အလောင်းကို ကြည့်နေခဲ့တယ်။ အဲ့ဒီသားရဲကောင်ရဲ့ ရင်ဘတ်မှာဒဏ်ရာရှိနေတာကို သူမြင်လိုက်ရပါတယ်။ နှလုံးသားကို တိုက်ရိုက်ထိခိုက်သွားတာကြောင့် သေစေနိုင်တဲ့ဒဏ်ရာပါ။
" အဲ့ဒါလေပိုးကောင်ပဲ သူ့အရွယ်အစားနဲ့ ခန္ဓာကိုယ်ကြွက်သားတွေအရ သူ့အရွယ်အစားက ကြည့်မယ်ဆိုရင် ဆယ့်နှစ်အရွယ်ရှိတဲ့ သားရဲကောင်ပဲဖြစ်မယ်..သေတော့ သေသွားပြီ "
ပေ့ပေ့က ထန်ယာ့ဘေးကို လျှောက်လာရင်း ဟို့ယွိဟောင်ရဲ့အခြေအနေကို စစ်ဆေးနေခဲ့ပါတယ်။ သူအံ့ဩစရာကောင်းလောက်အောင်ပဲ ဟို့ယွိဟောင်ရဲ့အ၀တ်အစားတွေက အတော်ကို ဆိုးဆိုးရွားရွား စုတ်ပြဲနေခဲ့ပေမဲ့ ဒဏ်ရာကတော့ မရှိခဲ့ပါဘူး။
ပေ့ပေ့က ဟို့ယွိဟောင်ရဲ့ လက်ကောက်၀တ်ကို ထိလိုက်တဲ့အတွက် ကျားဖြူဓားကတော့ အောက်ဖက်ကို ပြုတ်ကျလို့သွားခဲ့ပါတယ်။ အပြာဖျော့ရောင်အလင်းတန်းက ဓားသွားပေါ်မှာ ချက်ချင်းဆိုသလို ထွက်ပေါ်လို့လာခဲ့တယ်။ ပေ့ပေ့က တခဏတာ ကြာအောင်စိုက်ကြည့်နေပြီတဲ့နောက် အလင်းတန်းတွေကို ထွက်ပေါ်လာစေခဲ့ပါတယ်။
" ဒါက ဝိညာဉ်လက်နက်ပဲ ယွိဟောင်က ဒါကိုသုံးပြီး သတ်လိုက်တာပဲဖြစ်ရမယ်...ဆယ့်နှစ်အရွယ်သားရဲကောင်ဖြစ်ပေမဲ့ ဒီသားရဲကောင်ရဲ့အရှိန်နဲ့စွမ်းအားက အတော်ကြီးတယ်...ဒါ့အပြင် ပြိုင်ဘက်တွေကို ဝိညာဉ်တိုက်ခိုက်မှုလဲ လုပ်နိုင်နေသေးတယ်..သူက ဒီအသက်အရွယ်နဲ့ သားရဲကောင်ကို သတ်နိုင်နေပြီဆိုမှတော့ အတော်လေး တော်တယ်မယ်လို့ဆိုရမှာပဲ ငါတို့အစောပိုင်းတုန်းက သူ့ကိုအကဲဖြတ်တာ သေချာပေါက် မတိကျသေးဘူး...သူက လက်ရှိအချိန်မှာ ဝိညာဉ်စက်ကွင်းတစ်ခုရှိတဲ့ ဝိညာဉ်ပညာရှင်ဖြစ်နေသင့်ပြီ "
ထန်ယာ့ကတော့ စိုးရိမ်မှုအပြည့်နဲ့ ဟို့ယွိဟောင်ကို စစ်ဆေးနေရင်း ပြောလာခဲ့ပါတယ်။
" ဒီလိုအသုံးမကျတဲ့ ကိစ္စတွေ ပြောနေဦးမှာလား ငါတို့တွေ အစောပိုင်းတုန်းက ခြေဆေးလက်ဆေး ဘာဆေးညာဆေးတွေလုပ်နေတဲ့ကိစ္စတွေနဲ့ အခုအချိန်တွေဖြုန်းမိလို့ နောက်ကျကုန်ပြီး အကယ်၍ ဒီမောင်လေးသာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ငါ့ကိုယ်ငါ ဘယ်တော့မှခွင့်လွှတ်မှာ မဟုတ်ဘူး..သူ့မှာဘယ်လို ပါရမီအဆင့်အတန်းရှိပါစေ ငါတို့ထန်မျိုးနွယ်ဆီ သေချာပေါက် ခေါ်သွားမယ်...ငါဆုံးဖြတ်ပြီးသွားပြီ "
ထန်ယာ့ရဲ့ စိုးရိမ်ပူပန်နေတဲ့ပုံစံကို ကြည့်ရင်း ပေ့ပေ့ရဲ့အကြည့်တွေကတော့ ပြန်လည်စိတ်ညစ်လို့သွားပါတော့တယ်။ ထန်ယာ့ရဲ့ ဒီလိုမျိုးစိတ်ကောင်းစေတနာရှိတဲ့အရာက သူသဘောအကျဆုံးပါပဲ။
" မစိုးရိမ်နဲ့ သူအဆင်ပြေသွားမှာပါ အသက်ကောင်းကောင်းရှုနေတာကို တွေ့တယ်မဟုတ်လား ဒဏ်ရာတွေလဲ မရှိတော့ဘူးဆိုတော့ သူသတိလစ်သွားတာပဲဖြစ်ရမယ်....အဲ့ဒါသေချာပေါက် သစ်ပင်နဲ့တိုက်မိပြီး အရှိန်ပြင်းလို့သတိလစ်တာပဲ ဖြစ်မယ် "
ထန်ယာ့က တခဏတာစဉ်းစားနေရင်း ပေ့ပေ့ကို စိုက်ကြည့်လာခဲ့ပါတယ်။
" ဘာဖြစ်လို့ စောစောကမပြောလဲ ငါ့ကို စိတ်ပူအောင်လုပ်ပြန်ပြီ "
" ဒီလောက်ရိုးရိုးရှင်းရှင်း ကိစ္စတွေကိုတောင် မင်းမသိဘူးလို့ ငါတွေးမိမလား "
ထန်ယာ့က ဟို့ယွိဟောင်ကို ဆွဲပြီးချီရင်း သူ့ခန္ဓာကိုယ်ပေါ်မှီဖို့ တင်ထားလိုက်ပါတော့တယ်။ တကယ်ပြဿနာမရှိဘူးဆိုတာ အတည်ပြုပြီးချိန်မှသာ သူမ အေးအေးဆေးဆေး ဖြစ်သွားခဲ့ရတယ်။
အပိုင်း ၂•၃ ပြီး၏။
အပိုင်း ၂•၄
" ကောင်းကင်အိပ်မက်ရေခဲပိုးကောင် "
°°°
ပေ့ပေ့က မတ်တပ်ထရပ်ရင်း ပတ်၀န်းကျင်အခြေအနေကို စစ်ဆေးလိုက်ပါတော့တယ်။ အဲ့ဒီနောက် ထန်ယာ့ကိုလဲ သူကာကွယ်ပေးနေခဲ့တယ်။ ဟို့ယွိဟောင် မေ့မြောသွားပြီတဲ့နောက် သူအိပ်မက်တစ်ခုထဲကို ၀င်ရောက်လို့သွားခဲ့ပါတယ်။ သူမက်နေတဲ့ အိပ်မက်ကတော့ သန့်စင်ပြီ ကြည်လင်ဖြူဖွေးနေတဲ့ လေဟာနယ်တစ်ခုပါပဲ။ အဲ့ဒီလေဟာနယ်ထဲမှာ အလင်းတန်းတွေ အများကြီးရှိနေခဲ့တာကြောင့် အဆုံးသတ်ကို မမြင်ခဲ့ရပါဘူး။ ဒါပေမယ့် သူ့ရဲ့အကြည့်နဲ့ အမြင်အာရုံက ထောင့်တစ်ခုချင်းဆီအတိုင်းအထိကို အသေးစိတ်မြင်နေခဲ့ရပါတယ်။
ထူးဆန်းတဲ့ နယ်မြေကြီးကို နားလည်နိုင်အောင်ကြိုးစားနေရင်း ရုတ်တရက်ဆိုသလို နယ်မြေကြီးက ပြင်းပြင်းထန်ထန် တုန်ခါလှုပ်ရှားလာပါတော့တယ်။ အဲ့ဒီရွှေရောင်အလင်းတန်းတွေက နယ်မြေထဲကို ၀င်ရောက်လို့လာခဲ့ပါပြီ။
ရွှေရောင်အလင်းတန်းတွေက ကြီးမားတဲ့ အလင်းစက်ကွင်းကြီးတွေအဖြစ်ကို ပြောင်းလဲရင်း လေထဲမှာလွှင့်မျောနေပါတော့တယ်။ အထဲမှာရှိနေခဲ့တဲ့ အလင်းတန်းတွေကတော့ ပိုလို့တောင် အားကောင်းလာခဲ့ပါပြီ။
ရွှေရောင်အလင်းစက်ကွင်းကြီး ဆယ့်ခုက ဖြည်းဖြည်းချင်း စတင် လှည့်ပတ်လို့လာခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့တစ်ခုချင်းဆီတိုင်းမှာ နို့နှစ်လိုမျိုးဖြူဖွေးနေတဲ့အလင်းတန်းတွေ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လို့ လာခဲ့ပြန်ပါတယ်။ အလင်းတန်းတွေရဲ့ အင်အားတိုးပွားလာတာနဲ့အမျှ လေယာနယ်ထဲမှာ ကြီးမားလာတဲ့အလင်းလုံးကြီး ဆယ့်လုံးက ပုံစံအသွင်ပြောင်းလဲလာခဲ့ပါပြီး ဒါ့အပြင် လေဟာနယ်ရဲ့ ပမာဏနဲ့ အရွယ်အစားကိုလဲ ပြောင်းလဲလို့သွားစေခဲ့ပါတယ်။ အဆပေါင်းများစွာ ပိုပြီးတိုးတက်ကြီးမားလာစေခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ မသိမသာထောင့်တစ်ခုမှာ ကပ်နေခဲ့တဲ့ မီးခိုရောင်ဘောလုံးက ရွှေရောင်အလင်းတန်းကြီးတစ်ခုဆီကို ကပ်လာခဲ့တယ်။ မီးခိုရောင်ဘောလုံးကတော့ တခြားအလင်းလုံးတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် အများကြီးသေးငယ်လို့ နေခဲ့ပါတယ်။ ဒါ့အပြင် ရွှေရောင်အလင်းတန်းတွေအများကြီးက အရမ်းကို အားကောင်းလွန်နေတာကြောင့် မီးခိုရောင်ဘောလုံးကို မြင်ဖို့ခက်ခဲလို့နေခဲ့တယ်။ ဒါပေမယ့် ဘယ်လိုပဲရှိနေပါစေ မီးခိုရောင်ဘောလုံးကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ လေထဲမှာလွှင့်မျောနေဆဲပါ။ ရွှေရောင်အလင်းတန်းတွေ ဘယ်လောက်ပဲ တိုက်ခိုက်ပါစေ သူ့ကတော့ အေးအေးဆေးဆေးပါပဲ။ အဆုံးသတ်မှာတော့ ရွှေရောင်အလင်းတန်းတွေကလဲ နောက်ထပ် အဓိပ္ပါယ်မဲ့မတိုက်ခိုက်နေတော့ပဲ မှိန်ဖျော့ပျောက်ကွယ်ပြီး တည်ငြိမ်လို့သွားပါတော့တယ်။
ဟို့ယွိဟောင်ရဲ့ အသိစိတ်က ကြည်လင်ရှင်းလင်းသွားချိန်မှာတော့ လေဟာနယ်ထဲရှိတဲ့ အလင်းတန်းတွေက ရွှေရောင်ပင်လယ်သမုဒ္ဒရာကြီးအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီး သေးငယ်လွန်းလှတဲ့ မီးခိုရောင်အလင်းတန်းလေး တစ်ခုကသာ ရွှေရောင်အလင်းတန်းကြီးတွေနဲ့ မပေါင်းစည်းပဲ သီးခြားဖြစ်တည်နေခဲ့ပါတယ်။
" ဒီတော့ မင်းက ဟို့ယွိဟောင်ပေါ့ "
ရုတ်တရက်အသံတစ်သံက ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ အမြင်အာရုံတွေက ခပ်မြန်မြန်ပဲ အောက်ခြေဖက်ကို ရောက်သွားခဲ့ပါတယ်။ ရွှေရောင်ပင်လယ်ကြီးရဲ့အလယ်မှာ သူကတစ်ယောက်ထဲ ရပ်နေခဲ့တာပါ။
" ဒါဘယ်နေရာလဲ ငါဘာဖြစ်လို့ ရောက်နေတာလဲ "
ဟို့ယွိဟောင် တအံ့တဩမေးလာခဲ့မိတယ်။
" ဒါက မင်းရဲ့ အသိစိတ်ကနေ ဖြစ်တည်လာတဲ့ ပင်လယ်ပဲ ဒါကစိတ်ဝိညာဉ်ပင်လယ်လို့လဲ ခေါ်တယ်...အနာဂတ်မှာ ဒီနေရာက ဒီအစ်ကိုကြီးရဲ့ အိမ်ပဲ နေရာက သေးလွန်လို့ မင်းကိုကူပြီ ကျယ်ပြန့်အောင် လုပ်ဖို့လိုအပ်နေတယ်....ဒါပေမယ့် လက်ရှိအချိန် မင်းရဲ့ခန္ဓာကိုယ်က အားနည်းလွန်နေတော့ ငါလဲယာယီနေအိမ်ပဲ လုပ်ထားရတာပေါ့ "
" ဒီတော့မင်းက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လား ငါ အိပ်မက်မက်နေတာမဟုတ်ဘူးပေါ့ "'
ဟို့ယွိဟောင်ကတော့ စကားပြောနေတဲ့အသံပိုင်ရှင်အကြောင်း ပြန်မှတ်မိသွားချိန်မှာ မျက်လုံးပြူးသွားပါတော့တယ်။ သူရှေ့မှာမြင်ခဲ့ရတဲ့ ပိုင်ရှင်က သူသိထားနိုင်တဲ့အရာတွေထက်ကို အများကြီး သာလွန်နေခဲ့တာကြောင့်ပါ။ ဟို့ယွိဟောင်လို အသက်ဆယ့်တစ်နှစ်အရွယ်ကလေးမပြောနဲ့ အရွယ်ရောက်ပြီသားသူတွေတောင်မှ ဒီလိုအခြေအနေကို ကြုံတွေ့ရမယ်ဆိုရင် သေချာပေါက် ကြောက်လန့်နိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီအနေအထားကလဲ အံ့ဩစရာကောင်းလောက်အောင် အပြောင်းအလဲများနေခဲ့တယ်။
" အိပ်မက်မက်နေတယ်တဲ့လား အကယ်၍ ဒီလောက်အိပ်မက်ကောင်းသာ မက်နေခဲ့မယ်ဆိုရင် မင်းပျော်လွန်လို့သေသွားမှာမဟုတ်ဘူးလား ဒါက သေချာပေါက် အိပ်မက်မဟုတ်ဘူးလေ ငါပြောခဲ့တဲ့အတိုင်းပဲ ဒါက မင်းရဲ့စိတ်ထဲမှာရှိနေတဲ့ ကမ္ဘာ လောက "
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က မကျေမနပ်နဲ့ ပြန်ဖြေလာခဲ့ပါတယ်။
" အဲ့ဒါက ဘာကြီးလဲ "
ဟို့ယွိဟောင်ကတော့ မသိတဲ့အတွက် ဆက်ပြီးမေးနေခဲ့တယ်။
" တကယ်ငတုံးလေးပဲ ငါမင်းကို ဘယ်လိုရှင်းပြရမှာလဲ ကောင်းပြီလေ ဒီလိုပြောကြမယ်...မင်းရဲ့မျက်လုံးတွေအကြောင်းကို မင်းသိတယ်မလား အဲ့ဒါတွေကို စိတ်ဝိညာဉ်မျက်လုံးလို့ခေါ်တယ်ဟုတ် ငါကမင်းရဲ့မှတ်ဉာဏ်တွေကို ဖြတ်သန်းလာပြီးပြီဖြစ်တာကြောင့် မင်းရဲ့အတွေ့အကြုံတွေကိုသိထားတယ်...မင်းရဲ့စိတ်ဝိညာဉ်မျက်လုံးတွေက သိုင်းပညာဝိညာဉ်ပဲ တစ်ချိန်ထဲမှာပဲ မျက်လုံးကမျက်လုံးပဲလေ ဒါကြောင့် မင်းမှာစိတ်ဝိညာဉ်စွမ်းအားတွေကို သိုလှောင်ထားတဲ့ စိတ်ဝိညာဉ်ပင်လယ်လဲရှိတယ်..အကယ်၍ စိတ်ဝိညာဉ်မျက်လုံးတွေရဲ့ စွမ်းအားကို အသုံးပြုချင်တယ်ဆိုရင် ဝိညာဉ်စွမ်းအားကို စိတ်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲဖို့လိုမယ်...ပြီးရင် မျက်လုံးတွေကိုသုံးပြီး အပြင်ကို ထုတ်လွှတ်လိုက်တော့ လက်ရှိအချိန် မင်းရဲ့ စိတ်ဝိညာဉ်ပင်လယ်တည်နေရာက မင်းမျက်လုံးရဲ့အနောက်မှာရှိနေတဲ့ ဦးနှောက်ဖြစ်နေတယ်....မင်းဆီမှာ အသိစိတ်က စိတ်ဝိညာဉ်ပင်လယ်ထဲမှာ နစ်မြုပ်နေတာကြောင့် မင်းမြင်နေရတဲ့ခန္ဓာကိုယ်က ခန္ဓာကိုယ်အစစ်မဟုတ်ဘူး ငါခဏတာ ဖန်တီးပေးထားတဲ့ ခန္ဓာကိုယ်ပဲ "
ဟို့ယွိဟောင်က ဒီလိုအသေးစိတ်ကျတဲ့ ရှင်းပြချက်တွေကို နားထောင်ပြီးချိန်မှာတော့ ကိစ္စတစ်ချို့ကို နားလည်လို့သွားပါတယ်။ လက်ရှိအချိန် သူ့နှလုံးသားထဲက အကြောက်တရားတွေကို အတော်လေး လျော့နည်းလို့သွားခဲ့ပါပြီး တစ်ခါတစ်ရံမှာ ကလေးတွေက လူကြီးတွေထက်ပိုပြီး အထိမခံဖြစ်ကြပေမဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ကိုမကောင်းကြံစည်စိတ် မရှိဘူးဆိုတာကို သိနေခဲ့တယ်။
" ဒါဆိုရင် စိတ်ဝိညာဉ်ပင်လယ်ထဲမှာ ဘယ်လိုလုပ်ပေါ်လာတာလဲ "'
ဟို့ယွိဟောင်က နောက်တစ်ကြိမ် မေးပြန်တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ရှင်းပြခဲ့တယ်။
" ငါမင်းကို အစောပိုင်းတုန်းက ရှင်းပြခဲ့တယ်မဟုတ်လား မင်းရဲ့ ဝိညာဉ်စက်ကွင်း ဖြစ်စေချင်တယ်...အသိဉာဏ်ရှိတဲ့ ဝိညာဉ်စက်ကွင်းဖြစ်ချင်တယ်...အခုကတော့ ငါက တစ်ခုပဲရှိသေးတယ်လေ....မင်းရဲ့ဝိညာဉ်စက်ကွင်းဖြစ်လာဖို့ဆိုရင် စွမ်းအားတွေကို အပြည့်အ၀ထုတ်သုံးရမှာ လက်ရှိစွမ်းအားတွေကို ထုတ်သုံးလို့မရသေးဘူး...လက်ရှိအချိန်ကနေစပြီ
မင်းမှာဝိညာဉ်စက်ကွင်းတစ်ခုတော့ ရှိသွားပြီး ဒါ့အပြင် လူသားတွေခေါ်တဲ့ ဝိညာဉ်ပညာရှင်လဲ ဖြစ်လာနိုင်တယ်လေ ဒါပေမယ့် မင်းရဲ့လက်ရှိအချိန် အတွေးပါရမီက ငါထင်ထားထက်အများကြီး ဆိုးနေတာပဲ ပြောရမယ်ဆိုရင် အတော်လေး နုံနည်းတယ်လို့ပြောလို့ရနိုင်တယ်...ငါရွေးချယ်မှု မှန်လား မမှန်ဘူးလားဆိုတာတော့ ငါမတွေးတတ်တော့ပါဘူး "
ဟို့ယွိဟောင်ကတော့ အနည်းငယ် ရှက်ရွံ့သွားတာကြောင့် ပြောလာခဲ့ပါတယ်။
" ပါရမီတကယ်မကောင်းဘူးဆိုတာတော့ အမှန်ပါပဲ ဒါပေမယ့် ကျွန်တော် ကြိုးစားမယ်လေ အတွင်းစိတ်ဝိညာဉ်စွမ်းအားက အခုအဆင့်တစ်ပဲရှိသေးတယ်လေ "
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဆက်ပြောလာခဲ့ပါတယ်။
" မင်းကိုတိုးတက်ကူညီပေးဖို့ နည်းလမ်းတစ်ခု ငါနောက်မှ စဉ်းစားပေးမယ် "
စကားပြောတာ များလာတာကြောင့် ဟို့ယွိဟောင်လဲ အနည်းငယ်တော့ သတ္တိရှိလာပါတယ်။
" ကောင်းကင်အိပ်မက်ရေခဲပိုးကောင် "
" ငါ့ကို အစ်ကိုကြီး ကောင်းကင်အိပ်မက်လို့ခေါ် "
" ကောင်းပါပြီ အစ်ကိုကြီး အစ်ကိုကြီးပြောတော့ နှစ်တစ်သန်းဝိညာဉ်သားရဲကောင်ဆို အဲ့ဒါအမှန်ပဲလား ဘာဖြစ်လို့ ကျွန်တော်ကို ရွေးတာလဲ ကျွန်တော်ကြားတာတော့ ဝိညာဉ်ကျောင်းတော်သားတွေက နှစ်လေးရာအောက် သက်တမ်းရှိတဲ့ဝိညာဉ်စက်ကွင်းတွေကိုပဲ တောင်းခံနိုင်တာတဲ့ ဒါပေမယ့် အစ်ကိုကြီးက နှစ်တစ်သန်းသားရဲကောင် ဖြစ်နေပြီဆိုမှ ကျွန်တော်ရဲ့ ဝိညာဉ်စက်ကွင်းဘယ်လိုလုပ်ဖြစ်လာနိုင်တာလဲ "
တစ်ဖက်မှာရှိနေတဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ သက်ပြင်းရှည်ကြီး ချလိုက်ခဲ့ပါတယ်။
" ငါက မင်းကို ရွေးချင်လို့ရွေးတယ်များ မှတ်နေလား ငါ့မှာရွေးချယ်စရာမရှိဘူးလေ အကယ်၍ ငါ့သာ နောက်ထပ် ဂျီများနေဦးမယ်ဆိုရင် ငါအသက်က သက်တမ်းကုန်သွားတော့မယ်...ငါသေသွားတာနဲ့ ငါ့ခန္ဓာကိုယ်က ဒီတောထဲမှာရှိတဲ့ကောင်တွေရဲ့အစာ ဖြစ်သွားမှာပဲ အဲ့ဒီတော့လဲ ရှိသမျှနည်းလမ်းစုံသုံးပြီ မင်းလိုလူသားနဲ့ တွဲစပ်ဖို့လုပ်ရတာပေါ့ ထွက်ပေါက်တစ်ခုပဲရှိလို့ လုပ်ရတာလေ မင်းက ငါ့ရဲ့ပုံပြင်ကို နားထောင်ချင်လား အနာဂတ်မှာ ငါတို့တွေ အချိန်အကြာကြီး အကြာကြီး အတူတူရှိကြလိမ့်မယ် ..အဲ့ဒီတော့ ငါမင်းကို ဘာမှဖုံးကွယ်မထားချင်ဘူး..အားလုံးပြောပြမယ် "
ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်း ပြောလာခဲ့ပါတယ်။
" အစ်ကိုကြီးကောင်းကင်အိပ်မက် ကျေးဇူးပြုပြီ ပြောပြပါ "
" စစချင်အချိန်မှာ ငါက သာမန်ရေခဲပိုးကောင်လေးတစ်ကောင်ပဲ ဒီနေရာက မဟာကြယ်တာရာသစ်တာထဲမှာ ငါမွေးလာတာမဟုတ်ဘူး....တိုက်ရဲ့မြောက်ဘက်အစွန်းဆုံးမှာရှိနေတဲ့ အရမ်းအေးတဲ့နေရာမှာ ငါမွေးလာခဲ့တာ ငါတို့ရေခဲပိုးကောင်တွေက အတွင်းစွမ်းရည်နှစ်မျိုး ရှိနေခဲ့တယ်...ဝိညာဉ်စွမ်းအားနဲ့ ရေခဲစွမ်းအား တိုက်ခိုက်ရေးစွမ်းအားကတော့ အရှိန်နှုန်းကြောင့် အများကြီးကန့်သတ်ခံထားရတယ်...ဒါကြောင့် သာမန်စိတ်ဝိညာဉ်သားရဲကောင်တွေလိုပဲ ငါတို့ကို အဆင့်သွင်းထားကြတာ ဒါ့အပြင် သဘာ၀ရဲ့ ကျူးကျော်သူတွေကြောင့်လဲ ငါတို့အတော်လေး ပျက်စီးကြသေးတယ်လေ ငါတို့ထဲမှာ နည်းနည်းကပဲ နှစ်ပေါင်းတစ်သောင်းလောက်အထိ ကျင့်ကြံနိုင်တယ်...ငါကတော့ လုံး၀ကို ချွင်းချက်ကြီးဖြစ်နေတယ်လေ "
" ငါအသက်ဆယ့်သုံးနှစ်လောက်အရွယ်မှာ ကျုးကျော်သူရဲ့ လက်ထဲကနေ ထွက်ပြေးဖို့ ရေခဲအက်ကွဲကြောင်းကြီးတစ်ခုထဲကို ပြုတ်ကျခဲ့တယ် ...အဲ့ဒီအချိန်မှာ ငါတော့ သေပြီလို့ထင်ထားခဲ့လိုက်မိတာပဲ ဒါပေမယ့် ငါပြုတ်ကျသွားတဲ့ နေရာက နှစ်တစ်သောင်းရေခဲတွင်းနက်ကြီးဖြစ်နေခဲ့တယ်လေ အဲ့ဒီရေခဲတွင်းနက်ကြီးထဲမှာ ငါအကြာကြီး အကြာကြီး အိပ်ပျော်သွားတော့တာပဲ ပြောရမယ်ဆိုရင် အဲ့ဒီအချိန်တုန်းက ငါအရမ်းအားနည်းပြီ အကောင်ကလဲ သေးသေးလေး ဖြစ်နေတာကြောင့် ခန္ဓာကိုယ်က သုံးလက်မလောက်ထက် မပိုခဲ့ဘူး...စုစုပေါင်း နှစ်တစ်သောင်းလောက် အိပ်ပြီတဲ့အချိန် ငါနိုးလာတော့ ရေခဲဂူထဲကို ငါရောက်နေပြီး အဲ့ဒီရေခဲတွင်းနက်ကြီးလဲ ပျောက်ကွယ်လို့သွားခဲ့ပြီလေ သူ့ခန္ဓာကိုယ်က အကုန်လုံးစုပ်ယူလိုက်တာကြောင့် ငါလဲ နှစ်တစ်သောင်းသားရဲကောင် ဖြစ်သွားတော့တာပဲ...အတော်လေးကျေနပ်ပြီ အံ့ဩနေခဲ့ပေမဲ့ အဲ့ဒီရေခဲဂူထဲမှာ ထွက်လမ်းကိုရှာမတွေ့ခဲ့ဘူး "
" ရေခဲဂူကြီးက မာကျောလွန်တာကြောင့် ငါကိုယ်တိုင်း နှစ်တစ်သောင်းသားရဲကောင် ဖြစ်လာခဲ့ပေမဲ့ တိုက်ခိုက်ရေးစွမ်းအားကလဲ အားနည်းနေသေးတယ်တော့ ငါဘယ်လိုမှ မထိုးဖောက်နိုင်ခဲ့ဘူး...ကံကောင်းစွာနဲ့ပဲ ဂူထဲမှာအပေါက်တွေ ရှိနေခဲ့တာကြောင့် ငါတွယ်တက်နိုင်ခဲ့တယ်...အဆုံးသတ်မှာတော့ အပေါက်ကိုရှာမတွေ့ခဲ့ပေမဲ့ ပိုပြီး ကြီးမားတဲ့ရေခဲအိုင်ကြီးတစ်ခုကို ထပ်ပြီးတွေ့သွားခဲ့တယ်လေ....အဲ့ဒီရေခဲအိုင်ကြီးထဲမှာ စားဖို့အစာတွေလဲ ရှိနေခဲ့တယ်...ဒါကြောင့် နောက်ထပ်တစ်ကြိမ် ထပ်ပြီ အိပ်ရပြန်ရော အဲ့ဒီတစ်ခေါက် အိပ်တာက နောက်ထပ် နှစ်တစ်သောင်းတောင်မကပဲ ပိုပြီး ရှည်လျားသွားခဲ့တယ် "
အပိုင်း ၂•၄ ပြီး၏။
YOU ARE READING
တုနှိုင်းမဲ့ထန်မျိုးနွယ်
FantasySoul land 1 အဆက်ပါ။ ပထမ တင်ထားတဲ့ Accက pw မေ့သွားလို့ အခု acc မှာ ပြန်တင်တာပါ။