ဒီနေ့တော့ ခါတိုင်းထက်အစောကြီးနိုးကာ အန်တီနွယ်ထက်အရင် ဘုရားဝတ်ပြုပြီး တရားထိုင်၊ပုတီးစိပ်နေသည်။"ထွေးမှုံ ရှေးလေးကော ဘုရားကန်တော့ရအောင်လို့လေ။"
"ဪ မမနွယ် ရှေးလေးကအစောကြီးကတည်းကတက်သွားပြီ ဒီနေ့သူ့မွေးနေ့လေ အဲ့ဒါမနက်လေးနာရီကတည်းကထပြီး ဘုရားခန်းထဲဝင်သွားလေရဲ့။"
"ဟယ် ရှေးလေးမွေးနေ့လား။"
"ဟုတ်မမနွယ် ဒါနဲ့လေ ဒီနေ့ရှေးလေးကို ဘုရားလိုက်ပို့ပေးချင်လို့ အဲ့ဒါ..."
"အမလေးထွေးမှုံရယ် ခွင့်တောင်းစရာမလိုပါဘူးကွယ်။ဒါနဲ့ ဘုရားကိုသား လိုက်ပို့ခိုင်းလိုက်မယ်။ထွေးမှုံက မမနွယ်တို့နဲ့မိဘမဲ့ကျောင်းလိုက်ခဲ့လေ ရှေးအတွက်ကုသိုလ်လုပ်ပေးရအောင်လို့။"
"ကျေးဇူးတင်ပါတယ် မမနွယ်ရယ် ကျေးဇူးတင်ပါတယ်။"
"မလိုပါဘူးကွယ်။"
ဒေါ်တော်ဝင်နွယ်တစ်ယောက် ဘုရားဝတ်ပြုဖို့ရာအပေါ်တက်လာပြီး လှေကားထိပ်ကနေ ဘုရားခန်းကိုလှမ်းကြည့်မိတော့ ဝတ်ဖြူစင်ကြယ်ကိုသေသပ်စွာဝတ်ထားပြီး တရားထိုင်နေတဲ့ရှေးကိုတွေ့လိုက်သည်။တစ်ဆက်တည်းမှာဘဲ ရှေးနဲ့မလှမ်းမကမ်းမှာ ရပ်နေပြီး တရားထိုင်နေသူကို သေချာစိုက်ကြည့်နေတဲ့ သားတော်မောင်ကိုပါတွေ့လိုက်သည်။
ဒီကောင်လေး ဘာရပ်လုပ်နေတာလည်း။
"အမေ ဘုရားကန်တော့တော့မို့လား။"
"အေး ဒါနဲ့သားကဘာရပ်လုပ်နေတာလည်း။"
အမေမေးလာတော့ ရှက်သလိုလိုတော့ဖြစ်သွားရသည်။ခေါင်းကိုကုတ်ပြီး မလိမ့်တပတ်ဖြေရပြန်တာပေါ့ဗျာ။
"ဟိုလေ ကျွန်တော်ထွက်လာတော့ တစ်ကိုယ်လုံးအဖြူဝတ်ပြီးထိုင်နေတဲ့သူကိုတွေ့လို့ သွားစပ်စုတာ။"
"ရှေးက ဒီနေ့သူ့မွေးနေ့လေ ဒါကြောင့်အစောကြီးထပြီး ဘုရားဝတ်ပြုနေတာ သားနဲ့များကွာပ။"
"အမေကလည်းဗျာ။"
"အမေကလည်း လုပ်မနေနဲ့ ပြီးရင်ရှေးလေးကိုဘုရားလိုက်ပို့လိုက်။အမေတို့ကမိဘမဲ့ကျောင်းက စောင့်နေမယ် ဆယ့်နှစ်နာရီမထိုးခင်အရောက်လာခဲ့လိုက်သား။"
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။