ယွန်းဘေဂျွန်း-၆၃

281 40 4
                                    

63 01

ယွန်းဘေဂျွန်း-၆၃

"ဂျီအန်း..."

ယူဒို မချိပြုံးလေးနဲ့ ဂျီအန်းကို အပြစ်တင်လိုဟန်နဲ့ ခေါ်လိုက်ရတယ်။ အကြောင်းက ဒီလို စစ်သည်တော်စခန်းဆိုတာက မင်းသားတစ်ပါးရဲ့ အဆက်နွယ်နဲ့သာ ဝင်ခွင့်ပြုနိုင်တာကို သိလို့သာ။

မူယန်က ရှေ့တစ်လှမ်း တိုးလာတယ်။ ယူဒိုကို တစ်ကိုယ်လုံး ဖွဖွ ကြည့်တယ်။

"မင်း ဒီလိုတောင်..."

မူယန်က အသံအက်အက်နဲ့ စကားကိုလည်း မဆက်နိုင်ပြန်လေဘူး။

အဲဒီနှစ်က အတော်ဆုံး စာသင်သားတွေထဲမှာ ယူဒိုပြီးရင် ဒုတိယက မူယန်ဖြစ်ခဲ့တာ။ မူယန်က အမတ်မလုပ်ဘူးဆိုပြီး ကုန်သည်လုပ်ဖို့ လမ်းကြောင်းထဲကို ရောက်ရှိသွားခဲ့တယ်။

အဲဒီအချိန်ကာလတုန်း မူယန်က ကုန်သည်ပေါက်စလေး ဖြစ်တယ်။ ပြီးတော့ ဆေးကို မူယန်က ယူလာခဲ့တာ ဖြစ်ပြီး အချင်းချင်း ကြားထဲမှာ ဝေငှပေးခဲ့တာ ဖြစ်တယ်။ ဆောင်ကြာမြိုင် အတူတူ သွားကြမယ်ဆိုပြီး ရွှင်မြူးထူးခဲ့ကြသေးပေမဲ့ အခြေအနေက တစ်နည်းတစ်ဖုံ ပြောင်းလဲသွားခဲ့တယ်။

ပါဝင်ပတ်သတ်သူတိုင်းရဲ့ အတိတ်ဆိုးတစ်ခု ဖြစ်လာခဲ့ပြီးတော့ ကိစ္စတွေက ပျော်ရွှင်ဖို့ရာ တစ်ခုလေးတောင် ကျန်ရစ်မနေခဲ့လေဘူး။

မူယန်က ယူဒိုကို တိတိပပ အကဲခတ်ပြီးတဲ့နောက်မှာ မျက်နှာလွဲ အံကြိတ်တယ်။

"တပ်သားလေကွာ၊ စာသင်သားလိုတော့ ဘယ်ဟုတ်ပါ့မလဲ"

မူယန်အကြည့်ထဲက အဓိပ္ပာယ်ကို သိတော့ ခပ်အေးအေး ရှင်းပြမိတယ်။

တပ်သားတစ်ယောက်နဲ့ စာသင်သားတစ်ဦး‌က သေချာပေါက် ကွာခြားမှု ရှိလေတယ်။ စာအုပ်ကိုင်ရမဲ့ လက်တွေမှာ ဓားတွေ လှံတွေ ကိုင်ရတယ်။ ကျော့ရှင်းသပ်ရပ်တဲ့ စာသင်သားဝတ်စုံ အစား ညစ်ပေနေတဲ့ စစ်သည်တော် ဝတ်စုံကို ဝတ်ထားပြီးတော့ သေသပ်တဲ့ အနေအထားကနေ ချွေးပေပေ ဖြစ်နေတဲ့ အခြေအနေ ဖြစ်နေရတယ်။

မူယန်က ဒါကို မြင်ရတာ စိတ်မချမ်းသာသာ သိသာတယ်။ အမတ်သာဖြစ်လာခဲ့ရင် ညီလာခံ ဝင်ခွင့်ရတဲ့ အမတ်တစ်ပါး ဖြစ်နေရလောက်မဲ့ သူငယ်ချင်းက မွဲမွဲတေတေ စစ်သည်တော်တစ်ယောက် ဖြစ်နေရတယ်။

ယွန်းဘေဂျွန်းWhere stories live. Discover now