ယွန်းဘေဂျွန်း-၂၀

2.5K 368 117
                                    

ယွန်းဘေဂျွန်း-၂၀

နေရာချထားပေးခြင်းအရ ယူဒိုကို သူတို့က စစ်သည်တော်တန်းလျားသို့ ခေါ်ဆောင်သွား၏။ သူတို့၏ စကားများအရ ယူဒိုက ဂျွန်းလေး၏ ဆော့ကစားစရာ လူသားတစ်ဖွယ်၊ နောက်ပြီး ထိုစကားများမှတစ်ဆင့် ထပ်မံ၍ သိရှိခွင့်ရလာသည်က ယခုကဲ့သို့ ယူဒိုအား စစ်သည်တော်တန်းလျားသို့ ခေါ်ဆောင်လာခြင်းက ပထမဆုံးအကြိမ် မဟုတ်ပေ။

ယူဒိုအပြင် တခြားတစ်ပါးသော အမျိုးသားများကို ပညာပေးလိုလျှင် ဂျွန်းလေးက ခေါ်ဆောင်လာတတ်ဟန် တူ၏။ ဘာရယ်တော့ မဟုတ်သော်လည်း ယူဒို ရင်ထဲမှာ နင်တင်တင် ဖြစ်သွားရသည်။ အတွန့်တက်ခွင့် ရှိတာလည်း မဟုတ်ပဲနဲ့ ဆိုသော ထပ်ဆင့်အတွေးနောက်တွင် စိတ်အခြေအနေက ပြန်လည်ကောင်းမွန်လာသည်။

သူတို့က ယူဒိုအား ချောင်ကျကျနေရာ တစ်နေရာကို ပေးသည်။ အဝတ်ပို ဘာညာ တစ်ခုမှ မပါသဖြင့် ယူဒို ထိုနေရာတွင် ခဏမျှ ဒီအတိုင်းသား ထိုင်နေမိသည်။ ခဏကြာတော့ သူတို့ကပဲ စစ်သည်တော်ဝတ်သော သံချပ်ကာအပါးထည် ဝတ်စုံကို ယူလာပေးပြီး ကမ်းပေးလာသည်။ ယူဒို လှမ်းယူလိုက်တော့ တစ်ယောက်က ပြောလာ၏။

"အခုလဲလိုက်၊ ခနနေ ကွင်းထဲကို သွားရတော့မှာ"

ယူဒို ခေါင်းညိတ်လိုက်ပြီးနောက် အဝတ်လဲရန် ပြင်လိုက်သည်။ ပုံမှန်ဆိုလျှင် သူသူကိုယ်ကိုယ် အမျိုးသားအချင်းချင်း ရှိုးတိုးရှန့်တန့် ဖြစ်ခြင်း မရှိပေ။ အခုကျတော့ တဲတစ်ခုလုံးက လူတွေ အယောက်နှစ်ဆယ်လောက်က ယူဒို အင်္ကျီချွတ်လိုက်မှာကို ဝိုင်းကြည့်နေကြတော့ လဲဝတ်ဖို့ကို ကြောင်အအပင် ဖြစ်မိသည်။

သို့သော် အတွေးထဲ သိပ်မတွေးလိုက်တော့ပဲနှင့် အင်္ကျီကို ချွတ်လိုက်သည်။ ယူဒို ဝတ်ရုံကို ပြန်မဝတ်လိုက်ရသေးခင်မှာပဲ တစ်စုံတစ်ယောက်က အလန့်တကြား ပြောလာသည်။

"သူ့မှာ အမာရွတ်ရှိတယ်"

ယူဒို သူတို့ကို လှည့်ကြည့်လိုက်ကာ မျက်မှောင်ကုတ်လိုက်မိသည်။ သူတို့တွေက ဘာလို့များ သူ့ခန္ဓာကိုယ်ကို ကြည့်ပြီးတော့ ဆန်းစစ်နေရတာလဲ၊ ဒါက ထူးဆန်းနေတယ်လို့ ထင်ရတယ်။

ယွန်းဘေဂျွန်းWhere stories live. Discover now