ယွန်းဘေဂျွန်း-၃၇

1.2K 134 16
                                    

ယွန်းဘေဂျွန်း

အခန်း-၃၇

ပန်းရေကန်ပွဲတော်ကနေ ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ ဂျွန်းလေးက တိတ်ဆိတ်နေတယ်။ မယ်မယ်က အဖေ့ကို လာတွေ့ဖို့ ပြောပေမဲ့ ယူဒို ငြင်းခဲ့ရတယ်။

တကယ်တမ်းမှာ အဖေက တရားဝင် ဆက်ခံသူ သားတစ်ယောက် ထပ်ရှိသွားပြီမို့ မတွေ့တာဖြစ်စေ တွေ့တာ ဖြစ်စေ လိုအပ်နေတဲ့ အခြေအနေတစ်ခုလည်း မဟုတ်တော့.. သွားတွေ့ဖို့ မတွေ့ဖို့က မလိုတော့ဘူးလို့ပဲ တွေးမိတယ်။

"အစ်ကိုယူဒို.."

သေးသေးတိမ်တိမ် အသံလေးတစ်ခုက ဘေးတိုက်ကနေ ထွက်ကျလာတယ်။ အပေါ်ရုံဝတ်ရုံကို လွှားခြုံထားတဲ့ မိန်းကလေး တစ်ယောက်က ဝတ်ရုံကို လျောချလိုက်တယ်။

"မူယန်း.."

ယူဒို တအံ့တသြ ဖြစ်သွားမိတယ်။ မူယန်းက အခုထိ အပျိုပဲ ရှိသေးတာလား။ ဒီပုံစံ ဒီအဝတ်အစား ဆံပင်ချည်နှောင်ထားမှုတွေ အားလုံးက မူယန်းကို အပျိုဖြစ်သေးကြောင်း ဖော်ညွှန်းနေတယ်။

ယူဒိုက မူယန်းလို့ ခေါ်လိုက်တာနဲ့ အရှေ့ကနေ သွားနေတဲ့ ဂျွန်းလေးရဲ့ ခြေလှမ်းတွေက ရပ်သွားတယ်။ ယူဒို ဂျွန်းလေးကို တစ်ချက် ကြည့်မိတယ်။ ယူဒိုနဲ့ မူယန်းဆိုတာက စေ့စပ်ထားတဲ့ ပတ်သတ်မှုမျိုး ရှိတယ်။

မင်္ဂလာပွဲ ပျက်သွားခဲ့တယ် ဆိုပေမဲ့ မပတ်သတ်တော့ဘူးဆိုတဲ့ အဆုံးသတ်မျိုး မဟုတ်ဘဲနဲ့ ယူဒိုက မြို့တော်ကနေ ထွက်ပြေးသွားခြင်းနဲ့ အဆုံးသတ်ခဲ့ရတာသာ ဖြစ်တယ်။ မူယန်းဘက်ကနေ စေ့စပ်ထားတာကို ဖျက်လိုက်တာမျိုး မဟုတ်တော့ ဒီစေ့စပ်ထားမှုက အခုထိ အကြုံးဝင်သေးတယ်လို့ ဆိုနိုင်တယ်။

ဆိုရရင် မူယန်းက ငယ်သူငယ်ချင်း မူယွမ်ရဲ့ ညီမငယ် ဖြစ်နေတာကလည်း ယူဒိုကို မျက်နှာလွဲခဲပစ် လုပ်ပစ်လိုက်ဖို့ ခက်စေတယ်။

မူယန်းနဲ့ စကားပြောဖို့ အကြောင်းပြချက်တွေ ဒီလောက် ခိုင်လုံနေတာတောင်မှ မူယန်းနဲ့သာ စကားပြောလိုက်ရင် ဂျွန်းလေးက စိတ်တိုသွားနိုင်တယ် ဆိုတဲ့ အတွေးက ယူဒိုကို မသက်မသာ ဖြစ်စေတယ်။ ဘာကြောင့် စိတ်တိုမှာလဲ ဆိုတာမျိုး လာမေးရင် ယူဒိုမှာ ဖြေစရာအဖြေလည်း မရှိဘူး။ ဒါပေမဲ့ ယူဒို သိနားလည်နေတာက ဂျွန်းလေးက သေချာပေါက် စိတ်ဆိုးသွားနိုင်တယ်။

ယွန်းဘေဂျွန်းHikayelerin yaşadığı yer. Şimdi keşfedin