ယွန်းဘေဂျွန်း-၃၂
မြှားတံက လေးကိုင်းကနေ ပြေးထွက်သွားပြီးနောက်မှာ ယူဒို လက်ထဲက လေးကိုင်းကို ပစ်ချလိုက်မိတယ်။ ပြီးနောက် ချက်ချင်းပင် ဆော့လေးထံသို့ ပြေးသွားမိတယ်။ မြှားသွားရာ လမ်းကြောင်းက ဘယ်ဆီလဲ ဆိုတာကို ယူဒို မသိတော့ပေ။ ဆော့လေးအနားကို ပြေးသွားပြီးမှ ကလေးငယ်ကို သေသေချာချာစစ်ဆေးမိတယ်။
"ဆော့လေး လန့်သွားလား"
ဆော့လေးက ရုပ်တည်လေးနဲ့ ခေါင်းယမ်းတယ်။
"ယူဒိုဦးလေး.. အစ်ကိုကြီး.. အာ.. ဘယ်လို ခေါ်ရမလဲတောင် မသိတော့ဘူး"
ယူဒို အနောက်ကနေ တစ်လှမ်းချင်း လိုက်လာတဲ့ ဂျွန်းလေးက ဆော့လေးစကားကို ကြားတော့ ဖြည့်ပေးတယ်။
"သူက မင်းရဲ့နောက်ထပ် အုပ်ထိန်းသူ တစ်ယောက်ပဲ နာမ်စားတွေ အများကြီး အမျိုးမျိုး ခေါ်မနေနဲ့ သေသေချာချာ တွေးပြီးတော့ တစ်မျိုးတည်းပဲ တစ်သတ်မှတ်တည်းခေါ်"
ယူဒို နောက်မှ သတိရပြီး ဘူးသီးခြောက်လေးကို လှမ်းယူလိုက်တော့ မြှားတံက မရှိပေ။ ဆော့လေးက သူနဲ့ မလှမ်းမကမ်းမှာ စိုက်ထားတဲ့ ပစ်မှတ်ကို လက်ညိုးထိုးပြတယ်။
"ယူဒိုဖေဖေ မြှားက ဟိုဘက်မှာ.."
ယူဒို လှမ်းကြည့်လိုက်တော့ မြှားတံရဲ့အဖျားက အတန်ငယ် ယိမ်းယိုင်နေဆဲ ဖြစ်တယ်။ ပစ်မှတ်နဲ့ ပစ်လိုက်တာက တလွဲစီ ဖြစ်နေလေတယ်။ ယူဒို ရှက်သလိုလို ခံစားချက်ကို ခံစားလိုက်ရတယ်။ ဘာလို့များ မြှားပစ်တာက ဒီလောက် ခက်နေရတာလဲ။ ဒါနဲ့ ဆော့က ဘယ်လို ခေါ်လိုက်တာ..။
"ဖေဖေ ဆိုတာက.."
ယူဒို ထစ်အသွားမိတယ်။ ဂျွန်းလေးက မတားဘဲနဲ့ ပစ်မှတ်မှာ စိုက်ဝင်နေတဲ့ မြှားတံကို နှုတ်ယူလိုက်တယ်။ ဆော့က ပါးဖောင်းဖောင်းလေး မို့တက်လာအောင် ပြုံးရယ်ကာ သူ့လက်သေးသေးလေးကို ယူဒို နားနားမှာ ကွယ်ရင်း တီးတိုးပြောတယ်။
"တကယ်က အဖေက အဲလို ခေါ်ခိုင်းစေချင်နေတာ။ သူ ပြောရမှာ ရှက်နေတာ.."
ယူဒို ဖြတ်ခနဲ အပေါ်ကို မော့ကြည့်မိသွားတယ်။ မျက်ဝန်းနှစ်ခုက ဒိုင်းခနဲ ဆုံဆည်းသွားတယ်လို့တောင် ခံစားလိုက်မိတယ်။ နှလုံးအိမ်က ဆတ်ခနဲ တုန်ယင်သွားမိပြီးတော့ ချက်ချင်း မျက်လွှာချလိုက်မိတယ်။
VOCÊ ESTÁ LENDO
ယွန်းဘေဂျွန်း
Ficção Históricaယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...