နောက်တစ်နေ့မနက် ကျမ့်ယုကျဲကို ဟဲယန်မြင်တော့ သူ့မျက်နှာက အရင်ကလောက် မတက်ကြွတော့ပေ။
သူ့ကို မြင်တာနဲ့ ဟဲယန် ဆုံးဖြတ်ချက်အကြောင်း မေးလိုက်ပါသည်။ "နင်ဆုံးဖြတ်ချက် ချပြီးပြီလား"
ဟဲယန်လည်း ကျမ့်ယုကျဲရဲ့ ဆုံးဖြတ်ချက်ကို တစ်ညလုံး စောင့်နေခဲ့တာ ဖြစ်သည်။ ကျမ့်ယိလင်ကို ကူညီဖို့ ဆုံးဖြတ်လိုက်ပါက သူမကို မျှော်လင့်ချက်မဲ့သည့် အခြေအနေထဲ တွန်းပို့သလိုဖြစ်လိမ့်မည်။
"မမေးနဲ့တော့။ မနေ့ညက ကျွန်တော်ဘာမှ မမြင်ခဲ့ဘူး"
ကျမ့်ယုကျဲရဲ့ အသံက စိတ်ပျက်အားလျော့မှုများနဲ့ ပြည့်နှက်နေသည်။ ရေသေအိုင်တစ်ခုလို အသက်မဲ့လှသည်။
သူဆုံးဖြတ်ချက်ချခဲ့သည်။ သူ့အမေကို ကာကွယ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါသည်။
သို့သော်လည်း ကျမ့်ယိလင်ကို သစ္စာဖောက်ရမည်ဟူသည့် သဘောလည်း သက်ရောက်သည်။
ယိလင်ရဲ့ အစ်ကို မဖြစ်ထိုက်တော့ပါ။
မနေ့ညက ကျမ့်ယုကျဲ တစ်ညလုံး စိတ်ဓာတ်ကျဆင်းခဲ့ရသည်။ တစ်ညလုံး ငိုကြွေးခဲ့ရ၏။
သို့သော်လည်း နောက်ဆုံးတော့ သူတည်ငြိမ်သွားခဲ့ပါပြီ။
ဒီဆုံးဖြတ်ချက်ကို ချလိုက်တာက ကျမ့်ယိလင်လေးအပေါ် သူ့မေတ္တာကို စွန့်လွှတ်ရတော့မည်ဟု ဆိုလိုခြင်းလည်း ဖြစ်သည်။ တစ်ချိန်တုန်းက သူဖြစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ကိုလည်း စွန့်လွှတ်ရတော့မည့် သဘောသက်ရောက်သည်။ သူက အပြစ်မကင်းစင်တော့ပါ။ မတက်ကြွတော့ပါ။ မျှော်လင့်ချက် မပြည့်ဝတော့ပါ။
၁၇ နှစ်။ နောက်ဆုံးတော့ သူရှုံးနိမ့်သွားခဲ့သည်။ လက်တွေ့ဘဝကို သူရှုံးနိမ့်သွားခဲ့ပါပြီ။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ရွေးချယ်မှုကြောင့် သူချစ်ခင်ရတဲ့အရာတွေကို စွန့်လွှတ်လိုက်ရသည်။
ကျမ့်ယုကျဲ တံခါးပြင်ထွက်သွားတာကို ဟဲယန် ကြည့်နေမိသည်။
ရုတ်တရက်ကြီး သူမသား သူမအတွက် သူစိမ်းတစ်ယောက် ဖြစ်သွားသလိုပင်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
Romanceဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်ယိလင်လေး အခုတော့ လျှို့ဝှက် အကျော်အမော်လေးတစ်ယောက် ဖြစ်လာခဲ့တယ...