တစ်ရက်လောက်သာ နေသာခဲ့ပြီး ညဘက်တွင်မူ စတင်၍ မိုးရွာချတော့သည်။ ချီးရှစ်အန်း၏ လက်ထဲက ခွက်သည် အရက်အပြည့်ရှိရာမှ ခွက်အလွတ် အဖြစ်၊ ခွက်အလွတ်အဖြစ်မှ အရက်အပြည့်အဖြစ်၊ ဖန်တလဲလဲ အလှည့်ကျ လည်ပတ်နေတော့သည်။ သူသည် လုံးဝ မူးမည့်အရိပ်အယောင် မရှိချေ။ ဖီလာအားဖြင့် အပြင်ဘက်မှ အလုံးလိုက် လှိမ့်ဝင်လာသော လေအေးများကြောင့် ပို၍ပင် နိုးကြားလာတော့သည်။
" မစ္စတာချီး၊ နောက်တစ်ခွက် ယူဦးမလား? "
ချီးရှစ်အန်း၏ ခံတွင်းထဲတွင် ခပ်ဖျော့ဖျော့ အရက်အရသာတစ်ခု စွဲငြိနေသည်။ သူ့အနေနှင့် ဆက်မသောက်သင့်တော့ပါချေ။ သို့ရာ အသိစိတ်ထက် ပါးစပ်က အရင်ထွက်သွားသည်။
" ငါ့ကို နောက်တစ်ခွက်ပေး၊ ဘီယာ "
နောက်တစ်ခွက်အား စောင့်နေချိန်တွင် သူသည် စားပွဲပေါ်ရှိ ဖုန်းကိုသာ စူးစိုက်ကြည့်နေမိတော့သည်။ ထိုအီးမေးလ်ကို ဖွင့်ဖတ်ရမလား တွေဝေနေ၏။ ယိုကျယ်ပြောသွားသော "ရှန်သောယိ" သည် သူထင်ထားသည့်လူ မဟုတ်တာလည်း ဖြစ်နိုင်သည် မဟုတ်လား။ နာမည်တူနေခြင်းလည်း ဖြစ်နိုင်သည် မဟုတ်ပေလား။
'နည်းသည်၊ များသည်' မှ 'များသည်' ဟူသော "သော" ၊ 'နှလုံးသားဆန္ဒ' ၏ 'ဆန္ဒ' ဟူသော "ယိ" ။
ရှန်သောယိ.......
သည်လောက် လှတဲ့ နာမည်မျိုးက မင်းမေဘေးတဲ့မှ နာမည်ဆင်တူ ရှိနေဦးမယ်။
ချီးရှစ်အန်းသည် မိမိ၏ အလုပ်အကိုင်ကိုလည်း မေ့လျော့သွားချေပြီ။ သူသည် Trader တစ်ယောက်အနေနှင့် မည်မျှတောင် ပြတ်သားတိကျသူ ဆိုတာလည်း သူမေ့သွားပြီ။ စားပွဲပေါ်သို့ ဘီယာရောက်လာသည်အထိ သူတွေဝေနေဆဲပင်။ ဖန်ခွက်ထဲမှ လေပူစီဖောင်းများ တစီစီ အပေါ်တက်လာတာကို ကြည့်နေလျက်ပင် သူ့ရင်ထဲတွင် တစ်ဆို့နေသော မတည်ငြိမ်မှုတစ်ရပ်ဟာလည်း အကြီးမားဆုံးသော အရွယ်အစားသို့ ရောက်နေပြီဟု ခံစားလာရတော့သည်။
ရှယ်ယာစျေးက နောက်ဆုံးဖိအားမျဉ်းကြောင်းအထိ မြင့်တက်လာသည့်နှင့် ဆင်တူ၏။
အီးမေးလ်ထဲသို့ ဝင်လိုက်သော် နောက်ဆုံး ပို့ထားသော စာနှစ်စောင်သည် ယိုကျယ်နှင့် သူ့အတွင်းရေးမှူး အန်းနီထံမှ ဖြစ်သည်။ အသိစိတ်က ဦးစားပေးစွာပင် သူသည် ဒုတိယတစ်စောင်ကို နှိပ်ဖွင့်လိုက်သည်။ အီးမေးလ်အကြောင်းအရာသည် ယနေ့ည၏ ကုန်စည်ရှယ်ယာစျေးကွက် အဖွင့်၏ ကိန်းဂဏန်းများသာ။ သူသည် အလုပ်ကို နှောင့်နှေးစေခဲ့ပြီ ဖြစ်၏။
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...