「5」

606 79 3
                                    

လက်ကောက်ဝတ်ထက်မှ စိမ်းပြာရောင်သွေးကြောငယ်သည် ချီရှစ်အန်း၏ လက်မနှင့် ထိညှစ်ထားခံရ၏။ ရှန်သောယိက လက်ကို လှုပ်ကြည့်ပြီး ရုန်းထွက်ချင်သော်ငြား သုံးလေးခါလောက် ကြိုးစားသည့်တိုင်း ရှုံးနိမ့်သွားသည်ပင်။ ဒါပေါ့.. သူက တစ်ဖက်လူဟာ နပန်းလေ့ကျင့်ခဲ့ဖူးမှန်းတောင် မသိဘူးလေ။

" မစ္စတာချီး.. တောက်လျှောက် သည်လိုပဲ ဒူးထောက်နေတော့မှာလား? "

ရှန်သောယိက ခေါင်းမော့၍ ချီးရှစ်အန်း အကြည့်များကို ရင်ဆိုင်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာဖြင့် မေးခွန်းမေးလိုက်သည်။ သို့မှသာ ချီးရှစ်အန်းက သူ့လက်ကို ကလေးငယ်များ ဖုန့်ဖိုးရပြီးသော် မအပ်ချင့်အပ်ချင်နှင့် ပြန်အပ်ရသည့်နှယ် နှမြောတသဖြစ်လျက် ပြန်လွှတ်ပေးလိုက်တော့၏။

သစ်အယ်သီးများက အိတ်ထဲသို့ ပြန်ကောက်ထည့်ခံလိုက်ရသည်။ ထို့နောက် ရှန်သောယိက မတ်တတ်ထရပ်ပြီး အစီအရင်ခံစာကို စားပွဲအစွန်းသို့ လှမ်းတင်လိုက်သည်။ တောင်လိုပုံနေသော ဖိုင်ပုံကြီး၏ ဘေးတွင် ဖြစ်ရာ အနှီအစီအရင်ခံစာလေးမှာ ပါးလှပ်အထီးကျန်လှသယောင်ပင်။ သူက ချီးရှစ်အန်း၏ အကြည့်များကို ရှောင်ဖယ်၍ ပြောလိုက်သည်။

" အစီအရင်ခံစာက သည်မှာ ထားလိုက်ပြီနော်။ ပြဿနာတစ်ခုခုရှိရင် ကျွန်တော် ထပ်ပြင်လိုက်မယ် "

အနှီအစီအရင်ခံစာသည် ကြိုဆိုပွဲအား ဖျက်သိမ်းစေရန် အကြောင်းပြချက် တစ်ခု ဖြစ်ပါကြောင်း နှစ်ယောက်လုံး၏ ရင်ထဲကနေ ကောင်းကောင်းကြီး သိနေကြပါ၏။ သို့သည့်တိုင် ချီးရှစ်အန်းသည်လည်း ရှန်သောယိ၏ ဆင်ခြေအတိုင်း ဆက်လက် ပြောဆိုသည်။

" အလုပ်လုပ်ရမဲ့ ဖိုင်တွေ အများကြီးပဲ ။ ကိုယ် အကုန်ပြီးသွားမှ မင်းရဲ့အစီအရင်ခံစာကို ကြည့်လိုက်မယ် "

ရှန်‌သောယိက ခြေလှမ်းဝက်မျှ နေရာရွေ့ပြီးလျှင် -

" အဲ့တာဆို ကျွန်တော် အလုပ်သွားလုပ်တော့မယ် "

ချီးရှစ်အန်းက ဘာသံမျှ မထွက်ဘဲ တစ်ဖက်လူအား သူတိတ်တဆိတ် ခွင့်ပြုလိုက်ပြီဟု ထင်စေ၏။ သို့နှင် တစ်ဖက်လူက လှည့်ထွက်‌တော့မည့် အချိန်ကျမှ သူက လက်ကို ပြန်ဆွဲဖမ်းကာ လူလည်ကျစွာ မေးလေသည်။

An Knows My Heart || မြန်မာဘာသာပြန် ||Where stories live. Discover now