ခုနလေးတင် လက်ဆောင်အဖြစ်ပေးထားသော မှတ်စုစာအုပ်၏ ပထမဆုံး စာမျက်နှာတွင် "ရှန်သောယိ" ဟူ၍ စာလုံးသုံးလုံးက ဝင့်ဝင့်ထည်ထည် တည်ရှိနေတော့သည်။ ရှန်သောယိ ကိုယ်၌ကမူ ခါးကိုင်းညွတ်၍ စားပွဲပေါ်မှီကာ ရေးလျက်သားနှင့် အူတိအူကြောင်လေး ချီးရှစ်အန်းကို ပြန်မော့ကြည့်လာသည်။
" ဒါ ဘယ်လိုလုပ်မလဲ၊ ကျွန်တော် ယောင်ပြီး မှားရေးမိသွားတာ......... "
ချီးရှစ်အန်းသည် ရယ်ချင်တာကို ထိန်းပြီး စာအုပ်ကို တစ်ဖက်လူ၏ လက်အောက်ကနေ ဆွဲထုတ်ပြီး ထိုစုတ်ချက် စာလုံးများကို ကြည့်လိုက်သည်။
" လက်ရေးက သိပ်လှတာပဲ၊ နာမည်လေးကလည်း သိပ်နားထောင်လို့ကောင်းတယ်၊ ရေးပေးတဲ့လူကိုလည်း ကိုယ်က သိပ်သဘောကျတာပဲ "
ရှန်သောယိ၏ မျက်နှာသည် ရုတ်ခြည်း နီစွေးသွားရ၏။ ချီးရှစ်အန်းက စိတ်ထဲမထားသော်ငြား သူကတော့ တကယ်ပဲ ရှက်မိပါ၏။ သည်အခိုက်တွင် အားနာမှုကပါ ပိုတိုးလာသည်။ ချီးရှစ်အန်းသည် သူ့ကို ဆက်မ,စတော့ဘဲ စာအုပ်ကို စားပွဲ၏ အလယ်တည့်တည့်တွင် ကောင်းမွန်သပ်ရပ်စွာ နေရာချလိုက်ပြီး သူ့ကို နှစ်သိမ့်လာ၏။
" စာအုပ်ကို ဖွင့်လိုက်တဲ့အချိန်တိုင်း ကိုယ် မင်းကို သတိရနေတော့မှာလေ၊ မဟုတ်လည်း ကိုယ့်ရဲ့နာမည်ကိုပါ မင်းစာအုပ်ပေါ်မှာ ရေးထားပါလား? "
ချီးရှစ်အန်းက သူ့ကိုယ်သူ နှစ်သိမ့်နေသည်ဟု ထင်သည့်တိုင် ရှန်သောယိ၏ မျက်နှာထက်ရှိ နီစွေးမှုသည် အခုထိ အရောင်မကျသွားသေးချေ။ သူ့မှာ ဦးခေါင်းအရေပြားများပင် တင်းလျက် ဖြေမိ၏။
" ကျွန်တော် ဖောင်တိန်ကို သုံးတဲ့အခါတိုင်းမှာလည်း ခင်ဗျားကို သတိရမှာပါ "
" အဲ့တာဆိုရင်တော့ မင်း သေချာပေါက် နေ့တိုင်း သုံးမှရမယ်နော် "
ချီးရှစ်အန်းသည် တကယ်တော့ အလွန်ပင် အိပ်ငိုက်ပြီး အလွန်ပင် အိပ်ချင်နေ၏။ မျက်လုံးထဲရှိ ပင်ပန်းနွမ်းနယ်မှုသည် တဖြည်းဖြည်း ပြည့်လျှမ်းပြင်းထန်လာနေသည်။ သို့ရာ ၄င်းတို့သည် တစ်လျှောက်လုံး ပြုံးချင်နေသော သူ့မျက်နှာကို ဖုံးမထားနိုင်ချေ။ ရှန်သောယိသည် မိမိဌာနသို့ ပြန်၍ အလုပ်လုပ်ရတော့မည်။ သူက အိတ်ကို ကောက်ယူ၍ မေးလိုက်၏။
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...