ညဉ့်နက်လာပြီပင်။ ချီးရှစ်အန်းသည် မီးအိမ်များကို အလင်းဆုံးထိ တင်ထားပြီး ရေချိုးအသုံးအဆောင် ပစ္စည်းများကို ဆွဲလျက် ရှန်သောယိနှင့်အတူ ရေတံခွန်ဘက်သို့ ဆေးကြောရန် သွားလိုက်ကြသည်။ လမ်းပေါ်တွင် သစ်ရွက်ကြွေများ ထူထပ်စွာ ဖုံးအုပ်ထားပြီး သေးငယ်သော ကျောက်စရစ်ခဲလေးများနှင့် သစ်ကိုင်းခြောက်လေးများလည်း ရှိနေသည်။
ရှန်သောယိသည် သူ့အင်္ကျီကို ဆွဲလျက် မေးလိုက်သည်။
"သည်မှာ ငါတို့နှစ်ယောက်ပဲ ပျော်ပွဲစားထွက်နေတာ မဟုတ်ပါဘူးနော်"
"မဟုတ်ပါဘူး။ သည်နေရာက ဧရိယာ အဲ့လောက်ကျယ်ဝန်းတာ"
ချီးရှစ်အန်းက ဖြေသည်။
"နာမည်စာရင်းပေးတုန်းက သူတို့က မင်းကို ဘယ်ဧရိယာဝန်းက လွတ်နေတယ်လို့ အသိပေးတယ်မလား၊ အဲ့တာ တခြားလူတွေနဲ့ မတွေ့အောင်လို့လေ၊ မဟုတ်ရင် တောရိုင်းထဲ ခရီးထွက်နေတဲ့ ခံစားချက်မျိုး ဘယ်ရတော့မလဲ"
ရှန်သောယိ - "မလာခင်က တောရိုင်းနင်းရတာ တော်တော် ခက်ခဲမယ် ထင်နေတာ၊ လာလိုက်တော့ အတော်လေး ကဗျာဆန်သားပဲ"
ရေတံခွန်ဘေးသို့ ရောက်သော် မီးအိမ်များကို သေချာ ချိတ်ဆွဲလျက် နှစ်ယောက်စလုံး စတင်ပြီး မျက်နှာသစ်၊ သွားတိုက်ကြတော့သည်။ တောင်ကျရေက အနည်းငယ် ချိုမြမြနှင့်။ သို့သော် တကယ်ကို အေးစက်လွန်းသည်။ ဤအချိန်တွင် ရာသီဥတု အပူချိန်ကလည်း နိမ့်နေရာ ကိုယ်လက်သန့်စင်မှု ပြုလိုက်သောအခါတွင် ရေခဲတမျှ အေးစက်သော ရေအေးကြောင့် အတော်လေးလည်း လန်းဆန်းနိုးကြားသွားပေ၏။
ပြန်သွားပြီးနောက်တွင် ရှန်သောယိက မီးအိမ်ကိုင်သူ ဖြစ်သွားသည်။ ချီးရှစ်အန်းကတော့ ရေတံခွန် တောင်ကျရေ နှစ်ပုံးကို ဆွဲလျက် လိုက်လာပြီး ရွက်ဖျင်တဲ အပြင်ဘက်၌ ရေနွေးဓာတ်ဘူးထဲက ရေနှင့် ရောထည့်လိုက်သည်။ သူက ပြော၏။
"ရေနွေးလေး နည်းနည်းရောလိုက်တယ်၊ မင်း ခန္ဓာကိုယ်ကိုရော သန့်စင်ဦးမလား"
ရှန်သောယိက ညှပ်ဖိနပ်လေး စီးလျက် -
"တခြားလူတွေ မရှိဘူး ဆိုပေမဲ့လည်း.... ဒါပေမဲ့ လဟာပြင်ကြီးမှာ အဝတ်မပါဘဲနဲ့က......."
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...