သူတို့နှစ်ဦးသည် အင်မတန် နီးကပ်လျက် ရှိ၏။ မီလီမီတာ နီးပါးလောက်ထိ နီးကပ်ခြင်း မဟုတ်သော်ငြား လက်လှမ်းလိုက်ရုံနှင့် ထိတွေ့နိုင်မည့်အကွာအဝေးမျိုး ဖြစ်သည်။
ရှန်သောယိဟာလည်း ချီးရှစ်အန်း၏ ခြေတံရှည်ထိုင်ခုံ၏ လက်ရန်းကို ဖမ်းဆုပ်ထားဆဲ။ လက်ခုပ်သံများ ပျောက်ဆုံးကာ သီချင်းသံ အဆုံးသတ်သွားသည်အထိ သူ တစ်လျှောက်လုံး မလွှတ်ဖြစ်ခဲ့ချေ။
ချီးရှစ်အန်းကလည်း ဘေးတစ်စောင်းအနေအထားဖြင့်ပင် သူ့ကို ငဲ့ကြည့်နေကာ -
" ဘာလုပ်မလို့လဲ၊ ကိုယ့်ကို လွင့်ပျံထွက်သွားအောင် အားထည့်နေတာလား? "
ရှန်သောယိက ရယ်လျက်ပင် အားထည့်ကာ ဆွဲပြီး နောက်ထပ်တစ်ဖန် တစ်ဖက်လူ၏ ထိုင်ခုံအား ဆွဲလှည့်လိုက်သည်။ သူတို့နှစ်ဦးလုံး မျက်နှာချင်းဆိုင် ဖြစ်သွားသည့်အခိုက်၌ ရပ်တန့်လိုက်၏။ ချီးရှစ်အန်းသည် မိမိခွက်ထဲက ဘီယာအား ကုန်စင်အောင် သောက်ပြီးသွားသောကြောင့် နောက်ထပ်တစ်ခွက် တောင်းယူရန် ပြင်လိုက်သည်။
" ရေခဲထည့်ပြီး------ "
" ရေခဲရေ တစ်ခွက် "
ရှန်သောယိက ဖြတ်ပြောလိုက်ခြင်းပင်။
" လည်ချောင်းတွေ အဲ့လောက်အက်ကွဲနေပြီ၊ ထပ်ပြီး အရက်မသောက်နဲ့တော့ "
ချီးရှစ်အန်းဟာ အလွန်ပင် စကားနားထောင်၏။ သူသည် လက်ထဲက ခွက်ကို ချပြီး ငြိမ်သက်စွာဖြင့် မိမိအတွက် ချပေးမည့် ရေခဲရေကိုသာ စောင့်နေတော့သည်။
သူသည် တုန်းကျင်းဘားသို့ မကြာခဏ ရောက်ဖြစ်သော်လည်း ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် ရေခဲရေ သောက်ဖြစ်ခြင်းပင်။ ရှန်သောယိက တစ်ဖက်လူ၏ အရသာမရှိစွာ သောက်သုံးနေရသောပုံကို မြင်ရာ လက်ထဲကခွက်ကို မြှောက်၍ -
" ခွက်ချင်းတိုက်မလား? "
ဖန်ခွက်နှစ်ခွက်၏ ထိခတ်သံသည် လွန်စွာ စူးရှကြည်လင်သည်။ အရက်မသောက်ခင် ဆုတောင်းစကားများလည်း မပါရှိသလို မျက်လုံးချင်းဆုံလျက် စိုက်ကြည့်နေခြင်းမျိုးလည်း မရှိပါချေ။
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...