နဂိုက ကျန်းယိမင်ဟာ ပါးစပ်အပြောသာ ရှိသည်ဟု ထင်မိသော်ငြား ပိတ်ရက်၌ အပြင်ထွက်လည်ပတ်ခြင်း ခရီးစဉ်ကို ဧကန်အမှန် စီစဉ်ထားလိမ့်မည်ဟု မထင်မှတ်ထားမိပါချေ။ တည်နေရာနှင့် လမ်းကြောကိုပါ အသေအချာ စီစဉ်နေရာချပြီးသည့်အပြင် စီစဉ်ထားသည်မှာလည်း ကောင်းကောင်းမွန်မွန်ပင် ဖြစ်နေသေး၏။
ရှန်သောယိကား စိတ်ပင်ပန်းခြင်း ဖြစ်သည်။ သူဟာ တစ်ပတ်လုံးလုံး ရုံးတက်ထားရပြီး ပရောဂျက်အစီအရင်ခံစာကပင် ခြောက်ကြိမ်၊ ခုနစ်ကြိမ်မျှ ပြင်ခဲ့ရသေးသည်။ မနည်းအောင့်အီး၍ ပိတ်ရက်ရောက်သည့်အခါတွင် အိမ်၌သာ အိပ်နေချင်တော့သည်။ သို့ရာ မထင်မှတ်ထားဘဲ အထက်လူကြီးကို အဖော်ပြု၍ မြို့ပြင်သို့ အလည်ထွက်ရဦးမည့်အပြင် ကျန်းယိမင်၏ သမီးရည်းစား လိုက်တမ်းပြေးတမ်း ရေအိုင်ကြီးထဲကိုပါ ရောဝင်သွားရဦးမည်သာ။
"ဖိုးဖိုး၊ ဖိုးဖိုးရဲ့ ငါးမျှားတဲ့အခါ သုံးတဲ့ ရေဘူး ကျွန်တော့်ကို ပေးဦး၊ ကျွန်တော် ယူသွားမလို့"
ရှန်သောယိသည် မနက်စာစားပြီးသည်နှင့် ကျောပိုးအိတ်ထဲ ပစ္စည်းများ ထည့်ရတော့သည်။ နှစ်ခု၊ သုံးခုမျှ ထည့်ပြီးသော် မလှုပ်ချင်တော့ပေ။
"ဖိုးဖိုး၊ ကျွန်တော် တနင်္ဂနွေညနေပိုင်းလောက်မှ ပြန်လာမှာ၊ ဟင်းနဲ့ အသီးအနှံတွေ အကုန် ဝယ်ပြီးသွားပြီ၊ ပြီးတော့ ဖက်ထုပ်ကိုလည်း အိတ်နဲ့ခွဲပြီး ရေခဲသေတ္တာထဲ ထည့်ပေးထားတယ်၊ ဖိုးဖိုး ပေါင်းပြီးစားရုံပဲ။ ကိစ္စတစ်ခုခု ရှိရင် ကျွန်တော့်ကို ဖုန်းဆက်နော်၊ ဒါမှမဟုတ်လည်း အိမ်နီးနားချင်း အန်တီကို အကူအညီတောင်းလိုက်၊ ကျွန်တော် အပ်ထားပြီးပြီ"
ရှန်ဖိုးဖိုး - "ငါ မင်းထက် နှစ်လေးငါးဆယ်လောက် ပိုနေလာတာပါ ၊ ငါ့ကို စိတ်ပူမနေပါနဲ့တော့"
ရှန်သောယိက လွယ်အိတ်ကို ကျောပိုးရင်း -
"ဖိုးဖိုး အခုတလော သိပ်မတက်ကြွသလိုဘဲ၊ ရာသီဥတု အရမ်းပူလို့များလား? အိမ်ထဲမှာ အဲကွန်းတောက်လျှောက်ဖွင့်ထားတာ ၊ အကြာကြီး နေပြီးရင် ပြတင်းပေါက်လေးပဲ ဖွင့်ပြီး လေခံဦး၊ အပြင်ထိတော့ မထွက်နဲ့နော်"
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...