「37」

255 40 0
                                    

မနက်အစော ရုံးတက်ကြသော လမ်းမကြီးသည် အလွန်ပင် ပိတ်ဆို့နေ၏။ အထူးသဖြင့် အလယ်တန်းကျောင်း လေးငါးခုကို ဖြတ်ကျော်ရသောအချိန်တွင် အင်မတန် ခက်ခဲလေသည်။ ရှန်သောယိ အိမ်ကနေ ထွက်လာချိန်က နောက်မကျပေ။ ကားရွေ့လို့တောင် မရသောအချိန်မျိုးတွင်တော့ သူသည် ဘေးက ပေါင်မုန့်ကို ယူ၍ တစ်ကိုက်နှစ်ကိုက် စားနေလိုက်ပြီး မိဘများကို စပ်စုကာ ကြည့်ဖြစ်သည်။ ထို့နောက် ရေဒီယိုအား ဖွင့်ဖြစ်တော့မှသာ သည်နှစ်ရက်တွင် အလယ်တန်းစာမေးပွဲ ကျင်းပနေကြောင်း သိရှိလိုက်ရတော့၏။

အလယ်တန်းကျောင်းပြီးသွားသည်မှာ အင်မတန် ကြာပြီဖြစ်၍ သူ့အတွက်တော့ ဘယ်နေ့ဘယ်ချိန်ဟာ အလယ်တန်းစာမေးပွဲဟူ၍ပင် သတင်းမကြားသိနိုင်ပေ။ အနှီကျောင်းသားမိဘများသည် ကျောင်းပေါက်ဝတွင် စောင့်ဆိုင်းနေကြပြီး နေပူပူတွင် အတော်လေး ပင်ပန်းခံနေရပုံပေါ်၏။

ကားတန်းကြီးသည် နောက်ဆုံးတော့ အနည်းငယ် ရွေ့လျားနိုင်လာသည်။ သူက ပေါင်မုန့်ကို ပြန်ချထားလိုက်ပြီး သေသေချာချာ ကားမောင်းလိုက်သည်။ နောက်ကြည့်မှန်ကနေ အနှီဒုက္ခခံနေရသော မိဘများကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မိမိအလယ်တန်းစာမေးပွဲ ဖြေဆိုသည့်နေ့ကလည်း အလွန်အမင်း ပူပြင်းသောကြောင့် အန်တီလင်ယွီကျူးမှ ပဲစိမ်းဟင်းချိုအား ဘူးကြီးတစ်ဘူးဖြင့် ထည့်ပေးလိုက်ကြောင်း အမှတ်ရသွားမိသေးသည်။

တစ်လမ်းလုံး စိတ်အာရုံများ ပျံ့လွင့်လျက် ကုမ္ပဏီအထိ ရောက်လာသည်။ အဆောက်အအုံကြီးထဲတွင်မူ အအေးဓာတ်က လုံလောက်ပါ၏။ အကြာကြီး နေမိလျှင် အပေါ်ဝတ်တောင် ဝတ်ရလောက်သည်အထိ။ ရှန်သောယိသည် ဝန်ထမ်းကဒ်ဖြတ်ပြီးသော် ပိတ်တော့မည့်ဓာတ်လှေကားကို မီအောင် အမြန်ပြေးသွားလိုက်ပြီး ဓာတ်လှေကားနှင့် အပြည့်ရှိနေသော လုပ်ဖော်ကိုင်ဖက်များကို အပြုံးမျက်နှာဖြင့် 'မင်္ဂလာမနက်ခင်းပါ' ဟူ၍ နှုတ်ဆက်လိုက်လေသည်။

"အဖွဲ့ခေါင်းဆောင်ရှန် ၊ မင်းရဲ့ ဝန်ထမ်းကဒ်ပေါ်က ပုံက ဘယ်တုန်းက ရိုက်ထားတာလဲ၊ ကြည့်ရတာ တော်တော်နုဖတ်နေပဲ"

An Knows My Heart || မြန်မာဘာသာပြန် ||Where stories live. Discover now