ရှန်သောယိ၏ တစ်ကိုယ်လုံးရှိ မွေးညင်းများပင် ထောင်ထသွားရသည်။ ရန်ပြန်လုပ်ဖို့တောင် နှုတ်မဟနိုင်တော့။ သူသည် ရည်းစားထားဖူးသော အတွေ့အကြုံမျိုး ဘယ်လောက်မျှ မရှိရာ ချစ်သူရှိလာလျှင် လူတွေအားလုံးဟာ ဤသို့ပင် မျက်နှာအရေထူကုန်ကြသလား မသိတော့ပါ။
ခုနကလေးက လေအေးပေးစက်ဖွင့်၍ အေးမြစေခဲ့သော အငွေ့အသက်များက ပျောက်ကွယ်သွားချေပြီး ကားခန်းထဲတွင် ရုတ်ခြည်း ပူနွေးလာပြန်သည်။ သူသည် ချီးရှစ်အန်း၏ ဟာကွက်မရှိအောင် တင်းတင်းကျပ်ကျပ် ဖက်ထားခံရပြီး ချွေးများပင် ထွက်လာပြီဟု ခံစားလာရသည်။
ချီးရှစ်အန်းသည် အရိုးထဲတွင်တော့ လူကြီးလူကောင်းဆန်သော ဗီဇက ကိန်းအောင်းနေဆဲဖြစ်ရာ စနောက်ကျီစားမှုကို တန်သင့်ရုံသာ လုပ်ပြီး ရှန်သောယိ၏ နောက်စေ့ကို ပွတ်သပ်ပေးလျက် ပြောလိုက်သည်။
"သည်နေ့ မင်းကို ပြန်ပို့ပေးပြီးတော့ ကိုယ်လည်း အငြိမ်းစားအိမ်ရာကို ပြန်လိုက်မယ်၊ ကိုယ့်အဘိုးကို သူများက ဂျင်ဆင်းနှစ်ဘူးပေးထားလို့ ရုံးတက်တဲ့နေ့ကျရင် မင်းအတွက် တစ်ဘူးယူလာခဲ့မယ်နော်"
ရှန်သောယိက ကျေးဇူးတင်စွာ ပြောလိုက်သည်။
"မလိုပါဘူး၊ မင်းအဘိုးအတွက်ပဲ ခန္ဓာကိုယ် အားဖြည့်ဖို့ စားခိုင်းလိုက်ပါ"
"မင်းကို ပေးတာမှ မဟုတ်ဘဲနဲ့ကို၊ ကိုယ်က အဘိုးရတဲ့လက်ဆောင်နဲ့ မင်းဖိုးဖိုးကို လိမ္မာသိတတ်ပြီး ဂါရဝပြုတာလေ"
ချီးရှစ်အန်းက ကားထဲက မီးကို ခဏဖွင့်လိုက်သည်။ အချိန်ကြည့်ချင်၍ ဖြစ်လေသည်။ သို့သော် ရှန်သောယိက ချက်ချင်း သူ့ပေါင်ပေါ်ကနေ ဆင်းကာ ဟိုဘက်ကို ဖျတ်ကနဲ ပြန်ရောက်သွားလေသည်။
"ဆယ့်တစ်နာရီတောင် ရှိပြီပဲ၊ အဲ့လောက်အကြာကြီး လေယာဉ်စီးခဲ့သေးတာဆိုတော့ စောစောလေး နားပါတော့"
ချီးရှစ်အန်းက နာရီကို ကြည့်ပြီးသော် ရှန်သောယိ၏ မျက်နှာကို ကြည့်ကာ ဆိုသည်။ သိပ်လင်းကျင်းသော မီးရောင်အောက်တွင် တစ်ဖက်လူ၏ ယနေ့ညအသွင်အပြင်လေးကို သေသေချာချာ အခုမှပဲ မြင်ရတော့သည်။
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...