ချီးရှစ်အန်းသည် ခွက်ကို ကိုင်လျက် ကြောင်ရပ်နေမိတော့၏။ ဟိုးယခင်က သူ အဲ့လောက်တောင် နည်းလမ်းပေါင်းစုံနှင့် အနှောင့်အယှက်ပေးခဲ့ခြင်းများဟာ ရုတ်ခြည်း အဓိပ္ပါယ်တစ်ခုခု ရှိသွားပါခဲ့သလို။
"တခြားကိစ္စမရှိတော့ဘူး"
ရှန်သောယိသည် ဤတိတ်ဆိတ်ငြိမ်သက်မှု အကြား အနည်းငယ် နေရခက်လျက် နောက်သို့ နှစ်လှမ်းပြန်ဆုတ်ကာ ထွက်သွားရန် ပြင်လိုက်သည်။
"ငါ အိမ်ပြန်တော့မယ်၊ မင်းလည်း အရမ်းညနက်တဲ့အထိ အလုပ်လုပ်မနေနဲ့ဦး"
သူသည် ပြောပြီးနောက် လှည့်ထွက်ကာ အပြင်ဘက်သို့ မနှေးမမြန် လျှောက်သွားလိုက်သည်။ ထိုစဉ် နောက်ကျောဘက်မှ အလောတကြီး နင်းလျှောက်လာသော ခြေသံက ကပ်ပါလာ၏။ တစ်မီတာပင် မဝေးသော အကွာအဝေးရောက်သော် တဒင်္ဂအတွင်း အနားသို့ ပြန်ဆွဲကပ်ခံလိုက်ရသည်။ ချီးရှစ်အန်းသည် သူ့လက်မောင်းများကို ပြုတ်တူနှင့် ညှပ်ထားသည့်ပမာ တင်းခိုင်စွာ ဆွဲညှစ်ထား၏။ အနှီခွန်အားသည် ကြီးမားလွန်း၍ မသွားပါနဲ့ ဟူ၍ ဆွဲထားချင်ခြင်းနှင့် မတူ၊ ဆွဲဖမ်းကာ စစ်ဆေးမေးမြန်းတော့မည်နှင့် တူ၏။
"ကျေးဇူးပါ"
ချီးရှစ်အန်းက ပြောလေသည်။
"မင်း ကိုယ့်ကို အသိပေးပေးတဲ့အတွက် တကယ် ကျေးဇူးပါ၊ ကိုယ် ဘယ်လောက်တောင် ဝမ်းသာနေလဲဆိုတာ စကားနဲ့တောင် မဖော်ပြတတ်တော့ဘူး"
ရှန်သောယိသည် အနှီကွဲရှနေသော အသံအက်အက်ကြီးကို နားထောင်ရုံနှင့်တင် သူပါ ခံရခက်လှသည်။ ထို့ကြောင့် လောဆော်သည့်အလား ဆိုသည်။
"ရေမြန်မြန် သွားသောက်တော့လေ၊ မဖြစ်ရင်လည်း အနာကျဆေး နှစ်လုံးလောက် ထပ်သောက်ပါလား"
ချီးရှစ်အန်းကတော့ အသံထွက်ရခြင်း၏ နာကျင်မှုကို လုံးဝ မေ့လျော့သွားချေပြီ။ သူက အားကြိုးမာန်တက် ဖွင့်ဟလျက် ရှိဆဲသာ။
" နောက်ပိုင်း ကိုယ် ပညာတော်သင် ထွက်သွားခဲ့ရတယ်၊ ကြားထဲမှာ ခဏပြန်လာတော့ အဲ့ဒီအရက်ဘားကိုရော သံတမန်အဆောက်အအုံ စားသောက်ဆိုင်မှာရော မင်းကို သွားပြန်ရှာခဲ့သေးတယ်၊ ဒါပေမဲ့ နှစ်ခုလုံးမှာ မင်းမရှိတော့ဘူး၊ အဲ့ဒီနောက် ချိုးယဲ့လမ်း အနီးအနားမှာလည်း ကိုယ် ယောင်လည်လည် လျှောက်သွားကြည့်သေးတယ်၊ ဒါပေမဲ့ မင်းနဲ့ မဆုံခဲ့ရဘူး"
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...