ရှန်အဘိုးအိုသည် မနေ့ညက သူအိပ်ပျော်သွားသည်အထိ မြေးဖြစ်သူ ပြန်မရောက်လာသဖြင့် မနက်စောစောထ၍ အဆင်ပြေရဲ့သလား ထကြည့်လေ၏။ ဘာပဲဖြစ်ဖြစ် လူငယ်များတွင် အလုပ်မှပေးသော ဖိအားများပြီး တစ်ခါတစ်ရံ၌ ဧည့်ခံသောက်စားရခြင်းကလည်း ခန္ဓာကိုယ်အား ထိခိုက်စေတတ်သောကြောင့်ပင်။
ယမန်နေ့ညက ပြတင်းပေါက်ခန်းစီးစ မပိတ်ထားသည့်အပြင် ညလယ်ကျော်ပြီးနောက်တွင် မိုးကျလာသောကြောင့် အခုလက်ရှိတွင် မနက် ဆယ်နာရီ ထိုးခါနီးဖြစ်သည့်တိုင် အခန်းအတွင်းသို့ နေရောင်မဝင်လာသေးချေ။ ရှန်သောယိသည် ခုတင်ပေါ်တွင် မှောက်လျက် အိပ်မက်မက်နေဆဲ။ မျက်နှာသည် ခေါင်းအုံးနှစ်လုံး၏ အစွန်းနှစ်ခုကြားထဲတွင် အပ်ထား၏။ ညအိပ်ဝတ်ဘောင်းဘီနှင့် စောင်နှစ်ခုလုံးသည် အပေါ်သို့ လန်တက်နေပြီး ခြေထောက်ဖျားသည် လုပ်လီလုပ်လဲဖြင့် ထွက်ပေါ်နေသည်။ ကြည့်ရတာ ချမ်းလို့ အေးစက်နေပုံပင်။ ရှန်အဘိုးအိုသည် မြေးဖြစ်သူအား စောင်ဖုံးပေးပြီး တိတ်တိတ်ကလေး တံခါးပြန်ပိတ်၍ မီးဖိုချောင်သို့ သွားလိုက်သည်။ အိမ်မှာ ချက်စရာဟင်းမရှိတော့။ သူ့ခြေထောက်များဟာ နဂိုကတည်းက လှုပ်ရှားရအဆင်မပြေသလို မိုးရွာထားတော့ သွားရလာရ ပိုနှေးကွေးနေ၏။ ထို့ကြောင့် ရေခဲသေတ္တာတွင် ကပ်ထားသော delivery ဖြင့် မှာစားရန် ရှာဖွေလိုက်သည်။
ရှန်သောယိသည် ခေါင်းတစ်ခုလုံး မူးနောက်ရီဝေနေပြီး ရုတ်ခြည်း တစ်စုံတစ်ယောက်က ဧည့်ခန်းထဲ၌ ဟင်းနာမည်များ ရေရွတ်နေသံကြားသော်မှ "ဖိုးဖိုး" ဟု အသိစိတ်တစ်ချက်ဝင်ကာ အော်လိုက်မိသည်။ သို့ရာ လက်တွေ့တွင်တော့ ဘာလှုပ်ရှားမှုမှ မရှိလာချေ။ သူသည် ဟိုဘက်လှည့်ကာ ပြန်အိပ်ပျော်သွားတော့၏။
" ဆန်ပြုတ်၊ ဆီးသီးခြောက်အချိုထည့်မယ် "
ရှန်အဘိုးအိုသည် keypad phone ကို လက်တစ်ဖက်က ကိုင်ထားပြီး၊ နောက်တစ်ဖက်က အမှာစာကဒ်ကို ကိုင်ထားသည်။
"ငါးပေါင်းက ဘယ်ငါးကို ပေါင်းတာလဲ? အဲ့တာ မယူတော့ဘူး၊ အရိုးများတယ်။ ကျုပ်မြေးက မကြိုက်ဘူး၊ ကန်စွန်းရွက်ကြော်တစ်ပွဲ ထပ်ထည့်လိုက်မယ်၊ ဆားလျော့ထည့်ဦး "
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...