「27」

292 35 0
                                    

တောင်ပတ်လမ်းအတိုင်း တက်သွားပြီးနောက် တောင်ထိပ်ရှိ ကျယ်ပြန့်သောနေရာတစ်ခုတွင် ကားရပ်လိုက်သည်။ ကားတံခါးဖွင့်လိုက်သည်နှင့် မိုးဖွဲလေးများကို သယ်ဆောင်လာသော လေပြင်းများက အရပ်လေးမျက်နှာကနေ တိုးဝင်တိုက်ခတ်လာတော့သည်။ အသွေးအသားများကနေ စိတ်နှလုံးဝိညာဉ်အထိ အတင်းအဓမ္မ ရေဆေးချခံလိုက်ရသည့်အလားပင်။

ပတ်ပတ်လည်ရှိ ပုပုနိမ့်နိမ့် သံတိုင်များသည် နည်းနည်းလေးမျှ လုံခြုံမှုကို မပေးနိုင်။ သည်နေရာက နဂိုကတည်းက ရှုခင်းကြည့်သော နေရာမျိုးမဟုတ်၍ သေသေချာချာ တည်ဆောက်ဒီဇိုင်းချထားခြင်းမျိုးလည်း မရှိချေ။ ထို့ကြောင့်မို့လည်း သစ်ပင်ဖြစ်ဖြစ်၊ ကျောက်စရစ်တုံးများဖြစ်ဖြစ်၊ အားလုံးသည် သဘာဝအတိုင်း ဖြစ်ကတတ်ဆန်း ပေါက်ရောက်ရှင်နေကြခြင်းပါပင်။

ရှန်သောယိသည် အပြင်ထွက်လာတုန်းကလည်း အင်္ကျီမလဲခဲ့ရာ ဤအချိန်တွင် ခိုက်ခိုက်တုန်အောင် အေးစက်လာလေသည်။ သို့ရာ အပေါ်ယံတွင်တော့ ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြောလိုက်သည်။

"သည်အပိုင်းက ရှာတွေ့ဖို့မလွယ်ဘူးပဲ၊ မင်း အရင်က လေညင်းလာခံဖူးတာလား?"

ချီးရှစ်အန်းသည် အပေါ်ဝတ်အင်္ကျီရှည်ကို ချွတ်ကာ ရှန်သောယိ၏ကိုယ်‌ရှေ့ပိုင်းသို့ လွှားခြုံပေးလိုက်သည်။

"သည်လိုဆိုရင် ချမ်းသေးလား? ဒါမှမဟုတ် ကားပေါ် ပြန်သွားမလား?"

လေကာပေးသော အင်္ကျီ၏အတွင်း၌ ပူနွေးနေပြီး ချီးရှစ်အန်း၏ ကိုယ်ငွေ့ အနွေးဓာတ်များပါပါနေချေသည်။ ရှန်သောယိသည် ရုတ်ခြည်း ဝိညာဉ်ပေးလိုက်ရသည့်အလား ပြောလာသည်။

"မအေးတော့ဘူး၊ အဲ့ဘက်မှာ ကျောက်သားထိုင်ခုံ ရှိတယ်၊ အဲ့ကို သွားထိုင်ရအောင်လေ"

သူတို့နှစ်ယောက်သည် ကျောက်သားထိုင်ခုံပေါ်သို့ ‌ရွေ့သွားကြသည်။ မျက်စိတစ်ဆုံး ကြည့်လိုက်လျှင် စိမ်းစိုနေသော တောတောင်ရေမြေနှင့် တောင်ပတ်လမ်းမကြီးကို မြင်နေရသည်။ ချီးရှစ်အန်းက ထိုအချိန်မှသာ ဖြေသည်။

"တကယ်တော့ ကိုယ် နှစ်တိုင်းလိုလိုပဲ သည်နေ့ဆို သည်မှာလာပြီး လေညင်းခံတတ်တယ်လေ။ တစ်ခါတလေ ကိုယ့်ဘာသာ လာတယ်၊ တစ်ခါတလေ ကျန်းယိမင်နဲ့ ဘီယာနှစ်ဘူးလောက် သယ်ပြီး လာတယ်"

An Knows My Heart || မြန်မာဘာသာပြန် ||Where stories live. Discover now